နာဠာဂိရိဆင်ကိုအောင်မြင်ခြင်း

အသေးစိတ် အချက်အလက်များ

ဒေဝဒတ်သည် ဘုရားရှင်၏ ဝေဠုဝန်ကျောင်းဒါယကာ ဗိမ္ဗိသာရမင်း ကွယ်လွန်ပြီး၍ ဗုဒ္ဓကိုသတ်ရန် အမျိုးမျိုးကြံပါသော်လည်း အထမမြောက်နိုင်လေရာ တစ်နေ့သောအခါ အဇာတသတ်မင်းထံသွား၍ ဂေါတမဗုဒ္ဓကို ဆင်ဖြင့် နင်းသတ်စေရန် တိုက်တွန်း၏။ အဇာတသတ်မင်းသည် ဆင်ထိန်းကို ခေါ်၍ “ဂေါတမရဟန်း ဤလမ်းလာသည့် အခါ နာဠာဂိရိဆင်ကြီးကို အရက် (၁၆)အိုးတိုက်ပြီး ဂေါတမရဟန်းကို သတ်ရန် လွှတ်ပေးကြ” ဟု စေခိုင်းသည်။

နာဠာဂိရိဆင်ကား အလွန်ကြမ်းကြုတ်၍ လူကို သတ်လေ့ရှိ၏။ မြတ်ဗုဒ္ဓသည် နောက်ပါရဟန်းတော်များနှင့် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်လာသောအခါ အဇာတသတ်မင်းက စေခိုင်းခြင်းခံရသော ဆင်ထိန်းတို့သည် ဆင်ကြီးကို အရက်တိုက်ပြီး ဘုရားရှင်ထံသို့ စေလွှတ်ကြသည်။

ဘုရားရှင်သည် ကြမ်းတမ်းစွာ ပြေးဝင်လာသော ဆင်ကြီးကို မေတ္တာ ပို့လွှတ်လျက် ရပ်တန့်စေတော်မူ၏။ ဆင်ကြီးသည် မြတ်ဗုဒ္ဓရှေ့တော်မှောက်ရောက်သည့်အခါ ငြိမ်ဝပ်စွာ ဝပ်စင်းပြီး အဆုံးအမကို ခံယူလေသည်။