ဝေဿန္တရာဇာတ်တော်ကြီး

အသေးစိတ် အချက်အလက်များ

သိဝိတိုင်း စေတုတ္တရာပြည် သိဝိမင်းကြီး၌ သားတော် သိဉ္စည်းမင်းနှင့် ချွေးမတော် ဖုဿဝတီရှိသည်။ သိဝိမင်းက သိဉ္စည်းမင်းသားကို ထီးနန်းလွှဲအပ်သည်။ တစ်နေ့မြို့တော်ကို တန်ဆာဆင်၍ လှည့်စဥ် ဖုဿဝတီသည် လမ်း၌ သားကို ဖွားမြင်၍ ဝေဿန္တရာဟု အမည်ပေးခဲ့သည်။

မွေးလျှင်မွေးချင်းပင် လက်ကိုဆန့်တန်း၍ မယ်တော်အလှူပေးရန် တစိုးတစိမျှ ရှိပါသလားဟု စကားဆိုခဲ့သည်။ အလှူပေးရာ၌ အလွန်ဝါသနာထုံခဲ့သည်။ မင်းသားအရွယ်ရောက်သော် မဒ္ဒီဒေဝီနှင့် လက်ထပ်ပေးပြီး သိဉ္စည်းမင်းကြီးက ထီးနန်းကိုပါ လွှဲအပ်သည်။ ဝေဿန္တရာမင်းကြီးမှာ သားတော် ဇာလီနှင့် သမီးတော် ကဏှာဇိန်တို့ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် မိုးခေါင်နေသော ကာလိင်္ဂတိုင်းမှ ဝေဿန္တရာမင်းကြီးထံ သို့ ဆင်ဖြူတော်ကိုလာ၍ အလှူခံရာ ဆင်ဖြူတော်ကို ပေးလှူလိုက်သည်။

ထို့အတွက် ပြည်သူ ပြည်သားတို့က မကျေနပ် ဆန္ဒပြကြသဖြင့် ဝေဿန္တရာမင်းကြီး မဒ္ဒီဒေဝီနှင့် သားတော် သမီးတော်တို့သည် မြို့မှ ထွက်ခွာရပြီး ဟိမဝန္တာရှိ ဝင်္ကပါတောသို့ သွားရောက်နေရသည်။

မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးနှင့် သားသမီးတို့ကို သစ်သီးရှာဖွေ၍ ပြုစုလုပ်ကျွေးသည်။ ကာလိင်္ဂတိုင်း ဒုံန္နိဝိဌရွာ၌ ဇူဇကာပုဏ္ဏားအိုသည် ကျွေးမဆပ်နိုင်သော မိသားစုမှ အမိတ္တာပုံအမည်ရှိသော မိန်းကလေးကို ကြွေးအဖြစ် သိမ်းယူ၍ မယားအဖြစ် ပေါင်းသင်းနေသည်။
မယားငယ်ကလေး အမိတ္တာပုံ၏ ပူဆာမှုကြောင့် ဇူဇကာသည် အစေခံအလုပ်အကျွေးရရန် ဝေဿန္တရာမင်းထံ သွားရောက်ပြီး သားတော်နှင့် သမီးတော်ကို အလှူခံခဲ့သည်။ မင်းကြီးကလည်း မိမိ၏ သဗ္ဗညုတပါရမီအတွက် သားနှင့်သမီးကို လှူလိုက်သည်။ ဇူဇကာပုဏ္ဏားသည် ဇာလီနှင့် ကဏှာဇိန်ကို ကြိုးတုပ်ခေါ်ယူသွားပြီး အိမ်ပြန်ရာလမ်းမှားပြီး သိဝိတိုင်း စေတုတ္တရာပြည် သိဉ္စည်းမင်းကြီးထံ ရောက်ရှိသွားခဲ့သည်။

အဘိုးဖြစ်သူ သိဉ္စည်းမင်းကြီးက ဇူဇကာထံမှ မြေးနှစ်ယောက်ကို ရွေးယူပြီး သားနှင့် သမီးကိုလည်း ပြန်ခေါ်သဖြင့် ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့သည် နေပြည်တော်သို့ ပြန်ရောက်ပြီး ထီးနန်းကို ဆက်လက်စိုးစံကြသည်၊