ဒီပင်္ကရာ ဘုရားထံ ဗျာဒိတ်ခံခန်း

အသေးစိတ် အချက်အလက်များ

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ဖြင့် ကောင်းကင် ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာဘုရား ကြွလာတော်မူရန် ရမ္မာမြို့သူမြို့သားတို့ လမ်းပြင်နေကြသည်ကိုမြင်ရ၍ ကောင်းကင်မှဆင်းကာ နေရာတစ်ကွက်ကို တောင်းယူပြင်ဆင်နေဆဲမှာပင် ရဟန္တာများနှင့်အတူ ဘုရားရှင်ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေပေးသည်။

ထိုအချိန်တွင် သုမိတ္တာမည်သော အမျိုးသမီးကလည်း ကြာပန်းရှစ်စည်းတွင် ငါးစည်းကို ဘုရားရှင်အား လှူဒါန်းနိုင်ရန် ရသေ့၏ လက်သို့လက်ကမ်းပေး၍ သုံးစည်းကို မိမိကိုယ်တိုင် လှူပြီး ပါရမီဖြည့်ဖက်အဖြစ် ဆုပန်သည်။

ဘုရားရှင်သည် ထိုသူနှစ်ယောက်၏ နောင်ရေးဖြစ်စဉ်ကို ဆင်ခြင်တော်မူပြီး ဤရသေ့သည် နောင်ဘဒ္ဒကမ္ဘာ၌ ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤအမျိုးသမီးကား ပါရမီဖြည့်ဖက်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။