သုဝဏ္ဏသာမဇာတ်တော်ကြီးဟောခန်း

အသေးစိတ် အချက်အလက်များ

ဗာရာဏသီမြို့၏အနီး မြစ်တစ်ဖက်တစ်ချက်စီရှိကမ်း၌ တံငါရွာနှစ်ရွာ ရှိသည်။ ထိုနှစ်ရွာ၏ ရွာခေါင်းနှစ်ဦးသည် သူငယ်ချင်းများ ဖြစ်ကြသည်။ တစ်ဦးက သားမွေး၍ ဒူကုလ အမည်ရှိပြီး တစ်ဦးက သမီးမွေး၍ ပါရိကာ အမည်ရှိ သည်။
ထိုသားသမီးတို့ အရွယ်ရောက်သော် မိဘတို့က ကတိအတိုင်း လက်ထပ်ထိမ်းမြားပေးကြသည်။ သူတို့နှစ်ဦးသည် ဗြဟ္မာပြည်က လာသူများဖြစ်ကြ၍ ကာမဂုဏ်စိတ် မရှိကြသောကြောင့် မိဘတို့ကို ခွင့်ပန်ကာ ဟိမဝန္တာ၌ ရသေ့ပြု၍ နေကြသည်။
သူတို့သည် မေတ္တာကမ္မဌာန်းကိုသာပွားများနေကြသည်။ သိကြားမင်းက မကြာခဏ လာရောက်ခစားသည်။ သိကြားမင်းသည် သူတို့၏ ဘဝနောင်ရေး၌ အတိတ်က ဆေးဆရာဖြစ်စဉ် ဆေးဖိုးဝါးခ မရ၍ လင်မယား နှစ်ယောက်တိုင်ပင်ပြီး မျက်စိကန်းအောင် ပြုခဲ့သော အကုသိုလ်ဝဋ်ကြွေးကိုမြင်ပြီး ယခု မြွေနဂါး အန္တရာယ်ကြောင့် မျက်စိကန်းကြမည်ကို မြင်သည်။
သို့အတွက် သူတို့ကိုပြုရန် သားတစ်ယောက်လိုသည်ကိုသိ၍ ဒူကုလနှင့် ပါရိကာတို့ကို မေတ္တာရပ်ခံပြီး ပါရိကာ ဥတုလာသောအခါ ဒူကုလက ပါရိကာ၏ ဝမ်းကို သုံးသပ်စေရာမှ ကိုယ်ဝန်ရှိပြီး သားတော် သုဝဏ္ဏသာမကို မွေးဖွားခဲ့သည်။
သုဝဏ္ဏသာမ အရွယ်ရောက်သော် မိဘတို့သည် သစ်သီးရှာထွက်ရင်း မိုးရွာ၍ တောင်ပို့တစ်ခု၌ တက်ပြီး မိုးခိုစဉ် တောင်ပို့တွင်း၌နေသော မြွေက လူအနံ့မခံနိုင်၍ အခိုးလွှတ်ရာမှ မြွေအဆိပ်ကြောင့် ဒူကုလနှင့် ပါရိကာတို့ မျက်စိကွယ်သွားခဲ့သည်။
ထိုအချိန်မှစ၍ သုဝဏ္ဏသာမက မိဘတို့ကို ပြုစုလုပ်ကျွေးသည်။ နံနက်အချိန် သစ်သီးရှာ၍ ညနေချမ်းအချိန် သမင်အပေါင်းခြံရံလျက်ရေခပ်ဆင်းသည်။
တစ်နေ့တွင် ဗာရာဏသီပြည် ပီဠိယက္ခမင်းသည် သမင်သားအလို့ငှာ တောကစားထွက်လာရာ သမင်းအပေါင်း ခြံရံလာသော သုဝဏ္ဏသာမကိုတွေ့လျှင် လူလား၊ နတ်လား၊ သမင်လား မသိ၍ လေးနှင့်ပစ်သည်။ လဲကျသွားသော သုဝဏ္ဏသာမအနီးသို့ သွားရောက်ကြည့်သောအခါ ရန်သူမရှိသော ငါနှင့် ငါ့မိဘတို့အား အဘယ်သူသည် အငြိုးထား၍ မြှားနှင့်ပစ်ဘိသနည်းဟု မြည်တမ်းလျက် အဆိပ်ကြောင့် သတိမေ့သွားသည်။
ထိုအခါကျမှ ပီဠိယက္ခမင်းကြီးသည် စိုးရိမ်သောကကြီးစွာဖြင့် သုဝဏ္ဏသာမတို့၏ မိဘထံသို့ သွားရောက်ပြောကြားရာ မိဘနှစ်ပါးတို့သည် စိုးရိမ်သောကကြီးစွာဖြင့် သားနောက်သို့ လိုက်လာကြပြီး အသက်ရှိသေးကြောင်း စမ်းသပ်သိရသဖြင့် မိဘနှစ်ပါး သစ္စာဆိုကြရာ သုဝဏ္ဏသာမသည် လူးလွန့်လှုပ်ရှားလာသည်။