ငမိုးရိပ်မိကျောင်း

အသေးစိတ် အချက်အလက်များ

ဝါးတစ်ရာရွာသား ကရင်လူမျိုး ဦးဘိုးထော် + နော်ကူးဝါးတို့က မိချောင်းဥကိုတွေ့ရှိ၍ မွေးစားထားသည်။ ငမိုးရိပ် အရွယ်ရောက်လာသော တစ်နေ့တွင် ဦးဘိုးထော်အစာလာကျွေးသည်မှာ နောက်ကျ၍ မိကျောင်းက စိတ်ဆိုးပြီး ဦးဘိုးထော်ကို ကိုက်စားလိုက်သည်။ ဦးဘိုးထော်မှ မိမိ၏ကျေးဇူးကို ပြစ်မှားသဖြင့် ဤမိကျောင်းကို နောက်ဘဝတွင် ကလဲစားချေခွင့်ရပါစေဟု ဆုတောင်းခဲ့သည်။

ငမိုးရိပ်သည် သိကြားမင်းရေစင်မှ မွေးဖွားသူဖြစ်၍ နတ်မိကျောင်းဖြစ်ကာ စွမ်းအားကြီးသည်။ ဥက္ကလာပမင်း၊ မင်္ဂလာဒုံသမင်၊ ငမိုးရိပ်မိကျောင်း၊ ကျားငစဉ်းလဲ တို့သည် သိကြားရေစင်ဖြင့် အတူတူမွေးသော မွေးဖော်မွေးဖက် ဖြစ်သည်။ ဥက္ကလာပမင်းကြီးက ဖခင် သိကြားမင်း ပေးထားသော ကြိမ်ဖြင့်ရိုက်ခေါ်လျှင် မွေးတူမွေးဖက်များက ဥက္ကလာပမင်းထံ ခစားရသည်။

ဥက္ကလာပမင်းကြီးက သားတော်နန္ဒမင်းသားမွေးဖွားပြီး အိမ်ရှေ့အရာပေးအပ်ထားသည်။ သားတော် နန္ဒမင်းသား သည် သန်လျင်မင်းသမီး မွေးနွန်းနှင့် ရည်ငံပြီး ငမိုးရိပ် မိကျောင်းအကူအညီယူပြီး ညဉ့်အချိန်တွင် မွေးနွန်းမင်းသမီး ရှိရာသို့ သွားရောက်တွေ့ဆုံသည်။ မလက်တို မိကျောင်းအုပ်စုက ငမိုးရိပ်ကို မကျေနပ်၍ တိုက်ခိုက်ရာ ခုခံရင်း မိမိပါးစပ်ထဲငုံပြီးတိုက်ခိုက်ရာ သတိမေ့ပြီးမြိုချရာမှ နန္ဒမင်းသားအသက်ဆုံးရှုံး၍ ငမိုးရိပ် ဒဏ်ခတ်ခံရသည်။

ငမိုးရိပ်၏ဖခင် ဦးထော်သည် လူဘဝပြန်ရောက်ပြီး ယခုအုပ်ပုံဆိပ်ခေါ် ကမုပွန်ရွာ၌ အစွမ်း ထက်သော ဆေးဆရာ ဖြစ်လာသည်။ ငမိုးရိပ်သည် နတ်မိချောင်းဖြစ်၍ လူယောင်ဖန်ဆင်းကာ ဝါးတစ်ရာရွာသူ မရွှေပွင့်နှင့် အိမ်ထောင်ပြု သည်။ ဆေးဆရာသည် မိမိဆေးစီရင်ထားသော ကြိမ်လုံးဖြင့် ငမိုးရိပ်ကို ရိုက်ခေါ်ရာ ငမိုးရိပ်မှာ ဆေးကြိမ်လုံး အစွမ်းကြောင့် အုပ်ပုံဆိပ် ရေဆိပ်သို့ ရောက်လာရသည်။ ဆေးဆရာသည် ငမိုးရိပ်ကို လက်စားချေသည့်အနေဖြင့် သတ်လိုက်သည်။ မယားမရွှေပွင့် ရောက်လာသောအခါ မိမိယောက်ျား အရိုးကို ယူ၍ လွမ်းစေတီ တည်ထားသည်။