ထူးခြားသောဌာပနာများ

အသေးစိတ် အချက်အလက်များ

၁၃၂၂ – ခုနှစ် ၊ ပြာသိုလဆုတ် (၉) ရက် (တနင်္လာနေ့) နံနက်တွင် ဒေါ်စောညွန့်ရီ၏ ပင့်လျှောက်ဆောင်ရွက်ချက်ဖြင့် မနောမယဆရာတော်ကြီး ဦးဆောင်သည့် ဆရာတော်ကြီးကိုးပါးတို့အား အရုဏ်ဆွမ်းကပ်ပါသည်။ ထို့နောက် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်အသီးသီးတို့သည် စေတီတော်အား လက်ျာရစ်လှည့်၍ ဆန်ပန်းပေါက်ပေါက် ကြဲဖြန့်ကြပါသည်။

ထိုစဉ်က ဖွဲ့စည်းထားသော ဂေါပကလူကြီးများ ဖြစ်သည့် ဦးဆင့်၊ ဦးစိုးသိန်း၊ ဦးစောဟန်၊ ဦးပြည်သိန်း၊ ဦးဘိုးဝ၊ ဆရာကျော်၊ ဦးကုလား၊ ဦးရှိန်းတို့သည် စေတီတော်ပေါ်တွင် အုပ်မိုးနေသော နပဲပင်ကိုခုတ်လှဲကာ စေတီတော်ကို စတင်ဖြိုလျက် ရှင်းလင်းကြရာ ပထမရွှေရောင်အနည်းငယ်ဖြင့် ဘုရားဆင်းတုတော်တစ်ဆူ၊ ထို့နောက် ဆေးဘုရား တစ်ဆူ၊ ကြေးဆင်းတုတော်ကြီးတစ်ဆူကို တူးဖော်ရရှိကာ ဖူးမြော်ကြရပါသည်။

ဒုတိယနေ့ဆက်လက်တူးဖော်ကြရာ နဂါးပတ် ၊ နဂါးရုံ၊ နဂါးဖောင်လျောင်းတော်မူ ဆင်းတုရုပ်ပွားတော်များနှင့် လမုသီးသဏ္ဌာန်အားဖြင့် ထုလုပ်ထားသော ကျောက်သားလမုသီးကို အောက်မှပလ္လင်ခံလျက် တွေ့ရှိရသည့်အပြင် ရသေ့အသွင် လျောင်းတော်မူကျောက်ဆင်းတုပုံတော်ကိုပါ တူးဖော်တွေ့ရှိကြရပါသည်။ဗုဒ္ဓ၏ဆင်းတုတော်များသည် အရှေ့အရပ်သို့သာ မျက်နှာမူလျက် ဌာပနာထားသည်ကိုမြင်တွေ့ ဖူးမြော်ရသည်။ ထိုဆင်းတုတော်များသည် သိကြားမင်းအသွင် နားကင်းများ တပ်ဆင်လျက် လက်ကောက်၊ နားတောင်း၊ ခြေကျင်းတော်များကိုပါ ပါရှိသည်ကို တွေ့မြင်ကြရသည်။

ဒေါ်စောညွန့်ရီ ပြုစုသော ‘ဆုတောင်းပြည့် မယ်လမုစေတီတော်သမိုင်း’ ပါ ပုံများအရဆိုလျှင် ဘိုးတော် တိဿ ရသေ့ကြီး လျောင်းတော်မူပုံ၊ နဂါးရုံတွင်ပလ္လင်ခွေတစ်ပုံ ၊ ကျောက်ဆင်းတုတစ်ပုံ၊ နဂါးဖောင်ဘုရားရှင် လျောင်းတော်မူပုံခြောက်ပုံ၊ ကြေးဆင်းတုတစ်ပုံ၊ ရုပ်ထုပုံများတွင်ပလ္လင်အနိမ့်အမြင့်၊ နဂါးဦးခေါင်းအမြီး အနည်းငယ် ခြားနားသည်သာ ကွဲပြားသည်။ ကျောက်ခွေများဆင့်၍ စေတီပုံသဏ္ဌာန် တည်ထားသော ကျောက်ခွေ စေတီတစ်ဆူကိုလည်း တွေ့ရှိရသည်။

တူးဖော်ရာမှရရှိသော ဌာပနာအားလုံးတွင် အထူးခြားဆုံးမှာ ဤကျောက်ခွေစေတီပင် ဖြစ်ပါသည်။ ကြီးစဉ်ငယ် လိုက်ဆင့်၍ တည်ထားသော ကျောက်ခွေများသည် အဝိုင်းလိုက်မဟုတ်။ နှစ်ခြမ်းစပ်၍ထားသည်။ ကျောက်ခွေ၏ အထက်အောက်တစ်ခွေချင်းတွင် ၁ – ၂ – က – ခ – ဂ – ဃ – င – စ – ဆ – ဇ – ဈ – ည – ဋ ဟူ၍ပါရှိသည်။ ယခုလက်ရှိမြို့နယ်ရပ်ကွက်များတွင် (ဌ) တစ်ရပ်ကွက်သာ ကျန်သည်။

ထိုအမှတ်အသားများမှာ ရေးသားထားခြင်း မဟုတ်၊ ကျောက်သားတွင် ထွင်းဖောက်ထားခြင်း ဖြစ်သည်။ ယင်း အကြောင်းကို ယခုဘုရားပြန်မတည်မီ မယ်လမုသို့ ရောက်၍ ဌာပနာများကို ကြည့်ရှုလေ့လာသူတိုင်း တွေ့မြင် ကြရပါသည်။ ဒေါ်စောညွန့်ရီ၏ သမိုင်းစာအုပ်မှ အဆင့်လိုက်တင်ပြီး ဘေးတိုက်မြင်ရသော အက္ခရာ စာလုံးများသည် ဓာတ်ပုံရိုက်ကောင်းအောင် ရေးသားထောက်ရှုခြင်းသာ့ဖြစ်ပါသည်။ ဤသို့သော အံ့ဩဖွယ် ထူးခြားသည့် လက္ခဏာများကို ထောက်ရှုခြင်းဖြင့် ဆုတောင်းပြည့် မယ်လမုစေတီတော်သည် ရှေးကပင် ရှိခဲ့ဟန် တူကြောင်း ယုံကြည်ယူဆရန် ရှိပေသည်။