တန်ဆောင်မုန်းလ

အသေးစိတ် အချက်အလက်များ

တန်ဆောင်မုန်းလသည် မီးရှုး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလဖြစ်၏။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလ၌ “ကထိန်ပွဲတော်” ကို အစဉ်အလာမပြတ် ကျင်းပခဲ့ကြသည်။ “ကထိန်” သည် “ကထိန

” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်၏။ ကထိန် ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသော အမည်ဝေါဟာရပင်ဖြစ်သည်။

မြတ်စွာဘုရားသည် ပါဝေယျတိုင်းသား၊ ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ “ရဟန်းတော်များ အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းစွာ သွားနိုင်ကြပါစေ၊ သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြပါစေ” ဟူသော ရည်ရွယ်ချက်ဖြင့် ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာအတိုင်း ကထိန်သင်္ကန်းအလှူသည် ထူးခြားသော ဝိနည်းကံနှင့်အညီ လှူရသောကြောင့် ထူးခြားသော အလှူဖြစ်၏။ ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသော ကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီ၊ ခါးဝတ်သင်းပိုင်ဟူသော သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်တည်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ပြုသည်။ ထိုသုံးထည်သော သင်္ကန်းတို့တွင်လည်း အလှူရှင်က မိမိအလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏတို့ကို ရည်မှန်း၍ လှူဒါန်းခြင်းမပြုရပေ။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကို လှူဒါန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ ထို့ကြောင့် ကထိန်အလှူရှင်သည် မိမိပိုင်သင်္ကန်းတစ်ထည်ထည်ကို သံဃာရှေ့မှောက်သို့ အရောက်ဆောင်၍ “ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏။” ဟူ၍ လည်းကောင်း၊ “ဤကထိန်လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ” ဟူ၍ လည်းကောင်း နှုတ်မြွက်၍ လှူဒါန်းရမည်ဖြစ်သည်။