ဝါခေါင်လ

အသေးစိတ် အချက်အလက်များ

ဝါခေါင်လ၏ ရာသီပွဲတော်မှာ စာရေးတံအလှူပွဲဖြစ်ပြီး စာရေးတံမဲပွဲဟုလည်း ခေါ်ဆိုကြသည်။ စာရေးတံအလှူပွဲပေါ်ပေါက်လာပုံမှာ မြတ်စွာဘုရားသခင်သည် ဝေဠုဝန်ကျောင်းတိုက် တွင် သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်ပြည်၌ စားရေ ရိက္ခာရှားပါးကာ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ရ၏။ ဒါယကာ ဒါယိကာမများမှာလည်း ကျောင်းတိုက် အတွင်းရှိ ရဟန်းအားလုံးကို ဆွမ်းကပ်မှုမပြုနိုင် သောကြောင့် ငါးပါး၊ ဆယ်ပါး၊ အပါးနှစ်ဆယ် စသည်ဖြင့် မိမိတတ်အားသရွေ့ ကပ်လှူခွင့်ပြုပါရန် ဘုရားရှင်ထံလျှောက်ထားရာ ခွင့်ပြုတော်မူခဲ့သည်။ မည်သည့်ရဟန်းဟူ၍ အမည်တပ်အစွဲမထားဘဲ စာရေးတံမဲချကာ လှူဒါန်းကြ၏။ မဲချပုံချနည်းမှာ ဝါးနှီးပြား သို့မဟုတ် သစ်သားတံ၏ထိပ်တွင် ဆွမ်းဒကာအမည်နှင့် နေရပ်တို့ကို ရေးမှတ်ထား သည်။ ရဟန်းတို့က စာရေးတံများကို အလှည့်ကျ မဲနှိုက်ရကာ မဲကျသောဆွမ်းဒကာနေအိမ်သို့ ဆွမ်းစားကြွရ၏။ ဘုရားရှင်က စာရေးတံပွဲကို မည်သည့်လတွင် ကျင်းပရမည်ဟု သတ်မှတ်မထားခဲ့ပါ။ ရှေးမြန်မာမင်းများလက်ထက်တွင် ရဟန်းများ တစုတဝေးတည်းရှိသော ဝါတွင်းကာလ ဝါခေါင်လ၌ စာရေးတံအလှူပွဲပြုလုပ်ခဲ့ရာမှ ဝါခေါင်လ၏ ရာသီပွဲတော်အဖြစ် ပေါ်ပေါက်လာသည်။ ယနေ့ခေတ် စာရေးတံအလှူပွဲကျင်းပပုံမှာ စာရေးတံများတွင် ဆွမ်းဒကာအမည်ကို မရေးသားတော့ဘဲ ရဟန်းဘွဲ့နှင့် ကျောင်းအမည်တို့ကို စက္ကူမဲလိပ်၌ ရေးမှတ်ပြီး ဒါယကာ ဒါယိကာမများက မဲနှိုက်ရပါသည်။ မိမိ မဲပေါက်သောကိုယ်တော်ကို အိမ်သို့ပင့်ဆောင်ကာ ဆွမ်းဆက်ကပ်ကြ၏။ ထို့ပြင် အထက်အညာဒေသတွင် စာရေးတံမဲအလှူကျင်းပပုံ ဓလေ့ထုံးတမ်း တစ်ခုလည်း ရှိနေပါသေးသည်။ ကပ်လှူလိုသည့် ပစ္စည်းနှင့် အလှူရှင်အမည်တို့ကို စက္ကူမဲလိပ်တွင် ရေးသားပြီး ပင့်ဖိတ်ထားသောရဟန်းများက မဲနှိုက်ရ၏။ မဲကျသောအလှူရှင်တို့က ထိုရဟန်းကို အသုံးအဆောင်ပစ္စည်းဖြင့် ကပ်လှူကြခြင်းကို ဘုရားပွဲဟု ခေါ်ဆိုကြသည်။
ဝါခေါင်လတွင် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တစ်ရက်လည်း ရှိနေပေရာ ဝါခေါင် လပြည့်နေ့တွင် ကျရောက်သော “မေတ္တာအခါတော် နေ့” ဖြစ်သည်။ ၎င်းနေ့ပေါ်ပေါက်လာပုံမှာ သာဝတ္ထိ ပြည် ဇေတဝန်ကျောင်းတော်တွင် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူစဉ် ရဟန်းပေါင်း ၅၀၀ တို့ ကမ္မဋ္ဌာန်းတရားကို နာယူကြသည်။ ထို့နောက် တရားအားထုတ်ရန် ခရီးထွက်သောအခါ တစ်ယူဇနာဝေးသော သစ်တောမှ သစ်ပင်တစ်ပင်စီအောက်တွင် တရားအားထုတ်ကြ၏။ ရုက္ခစိုးနတ်များမှာ ထိုသစ်ပင်များတွင် နေထိုင်လျက်ရှိပြီး ရဟန်းတို့၏ သီလစွမ်းအားကြောင့် မနေနိုင်တော့ဘဲ လှည့်လည် သွားလာနေထိုင်ကြရသည်။ ရဟန်းများ ကာလကြာမည်ကို ရုက္ခစိုးနတ်တို့သိသောအခါ ကြောက်မက်ရွံရှာဖွယ် အဆင်း၊ အသံ၊ အနံ့တို့ဖြင့် ခြောက်လှန့်ကြရာ ရဟန်းတို့မှာ တရားအားထုတ်၍မရဘဲရှိကြ၏။ ထို့ကြောင့် ဘုရားရှင်ထံပြန်လာပြီး အကြောင်းစုံကို လျှောက်ထားကြရာ မြတ်စွာဘုရားက မေတ္တသုတ်ဒေသနာတော်ကို ဝါခေါင်လပြည့်နေ့တွင် သင်ကြားပေးတော်မူသည်။ ဘုရားရှင်က ရဟန်းတို့နှင့် သင့်လျော်မည့်အရပ်ဒေသကို ကြည့်တော်မူရာ မူလနေရာပင် ဖြစ်နေပေသည်။ ထို့ကြောင့် ၎င်းနေရာသို့ ပြန်သွားစေပြီး မေတ္တသုတ်ရွတ်ပွားကာ တရားအားထုတ်ရန် မှာကြားတော်မူလိုက်၏။ ရဟန်းတို့သည် ဘုရားရှင်မှာကြားလိုက်သည့်အတိုင်း ဆောင်ရွက်ကြသည်။ မေတ္တသုတ်ရွတ်ဖတ်မှုကြောင့် ရုက္ခစိုးနတ်တို့က မနှောင့်ယှက်သည့်အပြင် တံမြက်လှည်းခြင်း၊ သောက်သုံးရေ တည်ခြင်းတို့ကို လုပ်ဆောင်ကြပြီး ဘေးရန်မကျရောက်စေရန် စောင့်ရှောက်ကြ၏။ ရဟန်းတို့သည် ကမ္မဋ္ဌာန်းတရားကို ကောင်းစွာအားထုတ်နိုင်ကြပြီး ဝါမကျွတ်မီအချိန်တွင် အာသဝေါကုန်ခန်းကာ ရဟန္တာအဖြစ်သို့ ရောက်ရှိကြသည်။ ဗုဒ္ဓဘာသာဝင် များသည် မေတ္တာအခါတော်နေ့တွင် ဘုရားကျောင်း ကန်များသို့ သွားရောက်ပြီး ဥပုသ်သီတင်းသီလ ဆောက်တည်ကာ ကုသိုလ်ကောင်းမှုပြုလုပ်ကြ၏။ ရဟန်းတော်များက စုပေါင်းပြီး မေတ္တသုတ်ဒေသနာ တော်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။