ဝါဆိုလ

အသေးစိတ် အချက်အလက်များ

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်၍ နွေဥတုနှင့်မိုးဥတု နှစ်ခုစလုံး၌ပါဝင်သည်။ ထို့ကြောင့် နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသောလဖြစ်သည်။ ဗေဒင်အရ ကရကဋ်ရာသီဟုခေါ်ပြီး ရာသီရုပ်မှာပုစွန်လုံးဖြစ်သည်။ နေ့မှာဝါဆို၊ ညမှာပြာသို ဆိုသကဲ့သို့ ညတာတို၍ နေ့တာအရှည်ဆုံးသော ရက်စုံလဖြစ်သည်။
ဝါထပ်ရခြင်းအကြောင်း သိကောင်းစရာ
မြန်မာ့ရိုးရာပြက္ခဒိန်တွင် တစ်ခါတစ်ရံ ဝါထပ်သောနှစ်ကို ကြုံတွေ့ရတတ်သည်။ ဝါထပ်သောနှစ်ဆိုသည်မှာ ဝါဆိုလကို နှစ်ကြိမ်ထပ်ပြီး ပထမဝါဆိုလနှင့် ဒုတိယဝါဆိုလဟူ၍ သတ်မှတ်ရေတွက်ထားသည့် နှစ်ကို ဆိုလိုသည်။
ကမ္ဘာက နေကိုလှည့်ပတ်ရာတွင် ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် ကြာမြင့်သည်။ ထို့ကြောင့် အင်္ဂလိပ်နှစ် တစ်နှစ်ကို ၃၆၅ ရက် ထားခြင်းဖြစ်သည်။ ထို့ပြင် ၆ နာရီ အစွန်းအတွက် လေးနှစ်တစ်ကြိမ် တစ်ရက်တိုးသလို မြန်မာကလည်း ၂၉ ရက် ၆ လ၊ ရက် ၃၀ ကို ၆ လထားသဖြင့် မြန်မာနှစ်တစ်နှစ်မှာ ၃၅၄ ရက်သာရှိသည်။ သို့ဖြစ်၍ အင်္ဂလိပ်တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် မြန်မာနှစ်တစ်နှစ်မှာ ၁၁ ရက် လိုသည်။
အင်္ဂလိပ်နှစ်မှာ လေးနှစ်ကြာလျှင် တစ်ရက်တိုးသလို ရှစ်နှစ်ကြာလျှင်လည်း နှစ်ရက်တိုးသွားသည်။ မြန်မာနှစ်ကမူ အင်္ဂလိပ်တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် တစ်နှစ်လျှင် ၁၁ ရက်လိုသဖြင့် ရှစ်နှစ်ဆိုပါမူ ၈၈ ရက် လိုသည်။ အင်္ဂလိပ်ရက်ထပ်နှစ်ရက်ပေါင်းလျှင် ရက် ၉၀ လိုပြန်သည်။ ထိုသို့ လိုနေသည့် ရက် ၉၀ ပြည့်မီအောင် ရှစ်နှစ်လျှင် ဝါသုံးကြိမ်ထပ်ပေးရန် လိုအပ်ပြန်သည်။ ထပ်ပုံထပ်နည်းမှာ ပထမဝါနှင့်ဒုတိယဝါကို သုံးနှစ်တစ်ကြိမ်ထပ်၍ တတိယဝါကို နှစ်နှစ်တစ်ကြိမ်ထပ်ပေးခြင်း ဖြစ်သည်။
ဝါဆိုလ မြတ်လေးပန်း
မြတ်လေးပန်းနှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က မြတ်လေးပန်းအား ဝါဆိုလ၏ရာသီပန်းအဖြစ် သတ်မှတ် ထားကြသည်။ မြတ်လေးပန်းသည် တော်ဝင်ပန်းဖြစ်သည့်အလျောက် ကုန်းဘောင်ခေတ် တစ်လျှောက်လုံး မြတ်လေးပန်းအဆီကို နန်းတွင်းသုံးခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုး အသုံးပြုကြကြောင်း လေ့လာမှတ်သားရသည်။ မြတ်လေးပန်း၏ ထူးခြားချက်မှာ အပွင့်ကိုဆွတ်ခူးမည့်သူမရှိပါက ဘယ်သောအခါမျှ အလိုအလျောက် မြေမခဘဲ နွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက်တွင်တည်ပါသည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဣန္ဒြေသိက္ခာ ထိန်းသိမ်းကြရာ၌ မြတ်လေးပန်းလိုကျင့်ဟု ပမာနှိုင်း၍ ဆိုကြသည်။
ဝိမာနဝတ္ထု အဋ္ဌကထာတွင်လည်း ပန်းတွင်မုလေးပန်းက မြတ်ကြောင်းဆိုထားသည်။ ရွှေထီးရွှေနန်း မင်းအဆက်ဆက် ထွက်စံတော်မူရာ ရာဇမတ်တန်း မင်းလမ်းများတွင် တံခွန်ကုက္ကား၊ မုလေးပွား စိုက်ဆောက်သည်မှာလည်း အခါခပ်သိမ်း မုလေးပန်းဆိုင်း မရသောကြောင့် မုလေးပန်းတုအထည်စက္ကူများကို ပြုလုပ်ကြရကြောင်း၊ ထို့ကြောင့် မုလေးပွားဟုခေါ်ဆိုကြောင်း လေ့လာမှတ်သားရသည်။
မြန်မာ့ဆေးကျမ်းတွင် မြတ်လေးပင်သည် ဖန်၏။ ခါး၏။ စပ်၏။ ပူ၏။ ကြေကျက်လွယ်၏။ အန်စေတတ်၏။ ဒေါသသုံးပါးကို ငြိမ်းစေတတ်၏ ဟု ညွှန်းဆိုထားသည်။ မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏အကျိုးကို သီရိရာဇေန္ဒြသေနရသေ့စီရင်သည့် ဒြဗျဂုဏ်ဆေးကျမ်းတွင် မုလေးပန်းသည် သလိပ်နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေးပန်း၏ အမုံအကင်းသည် မျက်စိနာနှင့်သင့်၏။
ထိုမုလေးရွက်သည် သလိပ်သည်းခြေကိုနိုင်၏ဟု ဆိုထားသည်။ ဝေဿာမိတ္တ ရသေ့စီရင်သည့် သရရတုကထနဆေးကျမ်းတွင် မုလေးကျီးပေါင်းကို ရေဝတီနက္ခတ်အကြိုက်တွင် ယူဆောင်လျှင် လူအပေါင်းတို့စကားကို နာယူရသည်ဟု ဆိုထားသည်။