နယုန်လ

အသေးစိတ် အချက်အလက်များ

ယုန်သည် မြန်မာပြက္ခဒိန်၏တတိယလ ဖြစ်ပြီး မေလနှင့်ဇွန်လအတွင်း ကျရောက်ပါသည်။ နယုန်လတွင် ၂၉ ရက်ရှိသည်။ ပုံမှန်အားဖြင့် ရက်မစုံသောလဖြစ်သော်လည်း ဝါထပ်သောနှစ်၌ နယုန်လတွင် ၃၀ ရက်ရှိ၍ ရက်စုံသောလဖြစ်သည်။ နယုန်လဟူသောဝေါဟာရ၏ အနက်မှာ မိုးစတင် ရွာပြီဖြစ်သောကြောင့် ‘နံ’ ဆိုသည်မှာ ‘အချိန်ကာလ’ ကို ရည်ညွှန်းပြီး ‘ယုန်’ မှာ ‘အရည်ယိုစီးခြင်း’ အဓိပ္ပာယ်ဆောင်သဖြင့် ‘မိုးကျပြီ’ ဟုဆိုလိုခြင်းဖြစ်သည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ နရယုဂ အဓိပ္ပာယ်မှာ ယောက်ျား မိန်းမအစုံဟူလေသည်။ သို့သော် နရယုဂသည် ပါဠိ ဘာသာစကားရင်း မဟုတ်ချေ။

နွေအကုန် မိုးအကူး ဝသန်ကာလဖြစ်သဖြင့် မိုးသားကျူးစ အခါသမယဖြစ်သည်။ မိုးနံ့ကလေးရစပြုချိန်တွင် “ရွှေစာတော်ပြန်မေးလို့ မြတ်လေးတဲ့စံပယ်၊ မေထုန်ဆို ရာသီကူး၊ ပွင့်ဖူးဝတ်မှုန်နံ့၊ သင်းပျံ့တော့တယ်” ဟူသော ဖိုးသူတော်ဦးမင်း၏အဆိုအတိုင်း ရှေးမြန်မာမင်းများလက်ထက်အခါက နယုန်လတွင် ပဉ္စင်းလောင်း၊ ရှင်လောင်းတော်များအတွက် စာတော်ပြန်ပွဲများ ကျင်းပရိုးထုံးစံရှိခဲ့ပေသည်။ စာပြန်ပွဲသည် မြန်မာမင်းများလက်ထက်ကပင် စတင်ထွန်းကားခဲ့သည်။ စာတော်ပြန်သဘင်ကြီးဟု ခေါ်တွင်ခဲ့သည်။ ဤပွဲသဘင်ကြီးမှာ သာသနာ့အာဇာနည်များ ရွေးချယ်ပွဲဖြစ်သည်။ နိုင်ငံတော်၏ လွှတ်ရုံး၊ ဗြဲတိုက်တော်နှင့် အခြားအုပ်ချုပ်ရေးဌာနများအတွက် ပညာရှင်များ ရွေးချယ်ပွဲလည်းဖြစ်သည်။ စာတော်ပြန်ပွဲသဘင်တွင် ထူးချွန်ပေါက်မြောက်အောင်မြင်သူများသည် သာသနာတည်တံ့ခိုင်မာပြီးစည်ပင်ဖွံ့ဖြိုးရေးအတွက် သာသနာ့အာဇာနည်ရဟန်းတော်များ ဖြစ်လာပေမည်။ သို့မဟုတ် သာသနာ့ဘောင်မှထွက်၍ ဘုရင့်ထံတော်ပါး၌ အမှုထမ်းလျှင်လည်း အရာရောက်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်လာနိုင်ပေသည်။ ဤရည်ရွယ်ချက်ဖြင့် နယုန်လတွင် စာတော်ပြန်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

စာတော်ပြန်သဘင်ကို နယုန်လ၌ ကျင်းပရခြင်း၏ အခြေခံအကြောင်းရင်းလည်းရှိသည်။ ရဟန်း သံဃာတော်များသည် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိဖြစ်သော ဝါတွင်းသုံးလပတ်လုံး ညဉ့်အိပ်ညဉ့်နေ ခရီးအသွားအလာနည်းပါးသည်။ ရဟန်းသာမဏေများ၏ ပထမစာသင်လမှာ ဝါဆိုလဖြစ်၏။ ဝါတွင်းသုံးလပတ်လုံး ရဟန်းတော်များ စာဝါအသစ်များ ပို့ချသင်ယူရမြဲဖြစ်သည်။ ထို့ကြောင့် စာဝါအသစ်များမစမီ နယုန်လတွင် ယခင်သင်ယူခဲ့ပြီး စာဝါများကို နှုတ်တက်ရွရွ ရွတ်ဆိုရသော စာတော်ပြန်သဘင်ကို ကျင်းပရပေသည်။ နှုတ်ဖြင့် အာဂုံဆောင်ကာ စာတော်ပြန်ဆိုကြရသည်။