ပြာသိုလ

အသေးစိတ် အချက်အလက်များ

ပြာသိုလသည်မြန်မာပြက္ခဒိန်၏ ဒသမမြောက်လဖြစ်၏။ ပြာသိုလကို ပုဂံခေတ်ကျောက်စာတို့၌ ပသေဝ်၊ ဗဒသို၊ ပဒသိုဝ်ဟူ၍ရေးသားခဲ့ကြ၏။ ဤတွင် ပ သဒ္ဒါသည် တောက်လောင်ထွန်းညှိခြင်းအနက်ကိုဆို၍ လသဒ္ဒါသည်ချိပ်၊ ဖယောင်းအနက်ကိုဆိုလိုသည်။ ထို့ကြောင့် ပျားဖယောင်းကိုစုဆောင်း၍ အများဆုံးရသောလဟုအဓိပ္ပာယ်ရ၏။ မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ပြာသိုလမှာပျားဖယောင်းစုဆောင်း၍ အရဆုံးသောလဖြစ်သည်။ ရှေးပဝေသဏီမှစပြီး တောတောင်တို့တွင် နေထိုင်ကြသောသူတို့သည် ဤလအခါတွင် ပျားဖယောင်းများကို စုဆောင်းလေ့ရှိ၏ဟု ဆိုသည်။
ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သောရနံ့ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့စုဆောင်းခြင်းဖြစ်သည်။ အထိမ်းအမှတ်ပန်းအနေဖြင့် ပြာသိုလတွင်ပွင့်သော ခွာညိုပန်းကိုသတ်မှတ်သည်။ ဖိုးသူတော်ဦးမင်း၏သဖြန်တွင် ရွှေသော်တာစန္ဒီနှင့်၊ ဖုသျှတဲ့လမ်းဆုံ၊ တိမ်လွှာမှာ ရောင်ဝါကျင်းလို့၊ နှစ်မင်းတူပြိုင်၊ မြန်းကြွခိုက်ကြုံ၊ ဘရဂုဏ်မြိုင်စံမြနန်း၊ နုစိမ်းစိုစိုနှင့် ပန်းခွာညို ငုံတံထူတယ်၊ ဖူးပွင့်ချက်ဆန်းဟု ရေးသားသီကုံးဖွဲ့ဆိုခဲ့သည်။
ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင် အခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန်ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ နှစ်လကြာမျှ ဥရုဝေလတော၌ပင်သီတင်းသုံးလျက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလဥရုဝေလတော၌ အစ်ကိုကြီးဥရုဝေလကဿပ ခေါင်းဆောင်သောရသေ့ငါးရာ၊ အစ်ကိုလတ်နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ်ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာစသည်တို့သည် သုံးနေရာခွဲလျက်နေထိုင် သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာဥရုဝေလကဿပရသေ့ကြီးထံ သွားရောက်လျက်နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့်ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့်ဘုရားရှင် အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအားတန်ခိုးတော်ဖြင့် နှိမ်နင်းပြလိုက်သည့်အခါ ရသေ့အပေါင်းတို့သည်
ဘုရားရှင်အား လေးစားကြည်ညိုသွားကြကုန်၏။
ဥရုဝေလကဿပနှင့်တကွရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်းစသည့်ပဉ္စမ တပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့်ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၎င်းင်းတို့၏ ကျင့်ကြံပုံမှာဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌နေရဉ္ဇရာ မြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ ထိုအခါခိုက်ခိုက်တုန်မျှ ချမ်းအေးသည့်ဝေဒနာကို ခံစားကြရလေသည်။ ဗုဒ္ဓဘုရားရှင်ကရသေ့များချမ်းအေးသည့် ဝေဒနာကို သက်သာစေရန်မီးအိုးကင်း ငါးရာကိုတန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော်မူ ခဲ့ပါသည်။ ထို့ပြင်ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက်ကွဲစေခြင်း၊ ရသေ့များမွှေး၍ မရသောမီးကိုတစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြှိမ်း၍မရသော မီးငါးရာအားတစ်ပြိုင်နက်ငြှိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တစ်ပြိုင်နက်ဖန်ဆင်းခြင်း စသောတန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကိုပြသ၍ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။
ရသေ့အပေါင်းတို့သည်လည်း အသုံးအဆောင်ပစ္စည်းများအားလုံးကိုနေရဉ္စဇရာမြစ်အတွင်းသို့စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေသည်။ ပထမအကြိမ်တွင်ဥရုဝေလကဿပနှင့်တပည့်များ၊ ဒုတိယအကြိမ်တွင် နဒီကဿပနှင့်တပည့်များ၊ တတိယအကြိမ်တွင်ဂယာကဿပနှင့် တပည့်များ စသည်ဖြင့် သုံးသုတ်ခွဲ၍သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ ထို့နောက် ရှင်တစ်ထောင် (ဝါ)ရသေ့တစ်ထောင်လုံးသည် ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင် အားဂယာသီသ ကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယ သုတ္တန်ဒေသနာကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခန်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က ရှင်တစ်ထောင် အခါတော်နေ့ဟူ၍သတ်မှတ်ခဲ့ကြခြင်းဖြစ်ပေသည်။