ဗုဒ္ဓမြတ်စွာ တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်မြို့တော်သို့ ဆင်းကြွတော်မူလာပုံ

အသေးစိတ်အချက်အလက်များ

မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း သိကြားမင်း၏ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားအား အမှူးထား၍ စကြဝဠာတိုက်တစ်သောင်းမှ စုဝေးရောက်လာကြသော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ဒေသနာကို ဟောကြားကျေးဇူးဆပ်ပြီး၍ ဝါကျွတ်သောအခါ ပဉ္ဇသိခနတ်သားသည် ဗေဠုဝ စောင်းတော်ကို ပိုက်၍ တီးခတ်ပူဇော်လျက်၊ သုယာမနတ်မင်းကြီးသည် စာမရီသားမြီးယပ်ကိုခပ်၍ ပူဇော်လျက်၊ သိကြားမင်းသည် ဝိဇယုတ္တရခရုသင်းကို မှုတ်၍ ပူဇော်လျက်၊ ဗြဟ္မာမင်းသည် ထီးဖြူကြီးဆောင်းမိုး ပူဇော်လျက်၊ တိမ္ဗရုနတ်မင်းကြီး၏ သမီး သူရိယဝစ္ဆသာနတ်သမီးက ဘဂဝံဂီတိခေါ် ဘုရားဂုဏ်တော်ကို သီကျူးပူဇော်လျက်၊ အခြားအခြားသော နတ်ဗြဟ္မာများကလည်း မိမိတို့ သင့်ရာသင့်ရာ အောင်လံတံခွန်စသော နတ်ဗြဟ္မာ အသုံးအဆောင်များကို ကိုင်ဆောင်ပူဇော်လျက်၊ နတ်သားများခြံရံသော လက်ယာဖက် ရွှေစောင်းတန်း၊ နတ်ဗြဟ္မာကြီးများ ခြံရံသော လက်ဝဲဘက် ငွေစောင်းတန်း အလယ်ဗဟို ပတ္တမြားစောင်းတန်းဖြင့် မြတ်စွာဘုရား ကိုယ်တော်တိုင် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလျက်၊ သင်္ကဿနဂိုရ်မြို့တော်သို့ ဆင်းကြွတော်မူလာပါ သည်။