ဆုတောင်းပြည့်မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်း

အသေးစိတ်အချက်အလက်များ

မယ်လမု အဘိဓမ္မာပြန့်ပွားရေးအသင်း
မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်း၏ ဩဝါဒါစရိယ ဆရာတော်ကြီးများမှာ ဆုတောင်းပြည့် မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများပင် ဖြစ်ပါသည်။ မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်းကို နာယက (၆) ဦးနှင့် အမှုဆောင်အဖွဲ့ဝင် (၂၅) ဦးတို့ဖြင့် ဖွဲ့စည်းထားပါသည်။
အဘိဓမ္မာပြန့်ပွားရေးအသင်း၏ ဆောင်ရွက်ချက်များ
မြောက်ဥက္ကလာပနှင့် အနီးအနားရှိမြို့နယ်များမှ အဘိဓမ္မာတရားတော် သင်ယူလိုသူများ လွယ်ကူစွာ သင်တန်း တက်ရောက်နိုင်ရန်အတွက် မယ်လမုစေတီတော် အဘိဓမ္မာသင်တန်းမှ သင်တန်းသားဟောင်း/အသစ် များ၏ ကြိုးပမ်းမှုဖြင့် ရပ်ကွက်အချို့ရှိ ဓမ္မာရုံများတွင် အဘိဓမ္မာသင်တန်းများ ဆင့်ပွားပေါ်ပေါက်ခဲ့သည်။ ထိုသင်တန်း များသို့ သွားရောက်ပို့ချနိုင်ရန် သင်တန်းဆရာ ဆရာမများကို သင်တန်းသားများထဲမှပင် ရွေးချယ်လေ့ကျင့်ပေးပြီး တာဝန်ယူစေနိုင်ခဲ့သည်။မယ်လမုစေတီတော် ဂေါပကအဖွဲ့က အဘိဓမ္မာသင်တန်းများကို ၂၀၀၄ ခုနှစ် မှ ၂၀၂၂ ခုနှစ် အထိ (၈) ကြိမ် ဖွင့်လှစ်ပြီးနောက် ပိုမိုကျယ်ပြန်စွာ တိုးချဲ့စည်းရုံး သင်ကြားနိုင်ရန်အတွက် မယ်လမုစေတီတော် အဘိဓမ္မာ ပြန့်ပွားရေးအသင်းကို ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။အသင်းဖွဲ့စည်းပြီးနောက် နွေရာသီတွင် အလယ်တန်းမှ အထက်တန်းရွယ် ကျောင်းသားလူငယ်များအတွက် လူငယ် အဘိဓမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားရေးကို တိုးချဲ့ဆောက်ရွက်နိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ပထမအကြိမ် မြို့နယ်အဆင့် စာမေးပွဲကျင်းပပြီး ဆုများချီးမြှင့်ခဲ့သည်။ လူငယ် အဘိဓမ္မာ သင်တန်းနည်းပြ ဆရာမများအတွက် အနည်းဆုံး အဘိဓမ္မာစာမေးပွဲ အောင်မြင်ပြီးသူများကို နည်းပြသင်တန်းပေး၍ ရွေးချယ်ခဲ့ပါသည်။ လူငယ် အဘိဓမ္မာသင်တန်းကိုလည်း နှစ်စဉ် စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။ထိုမျှမက အဘိဓမ္မာ ပြန့်ပွားရေးအသင်း၏ ဩဝါဒါ စရိယ ဆရာတော် ဘဒ္ဒန္တ ဥတ္တမ သာသနဓဇဓမ္မာစရိယ B.A (Philosophy) အဂ္ဂမဟာဂန္တဝါစကပဏ္ဋိတ အောင်မြေဝတီကျောင်း (ဖူလုံရွာ – ရေစကြိုမြို့နယ်)ကလည်း အဘိဓမ္မာ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး လမ်းညွှန်ဩဝါဒ ပေး၍ ဗုဒ္ဓဿသနာပျံ့ပွားရေးအတွက် ဆရာဒကာ လက်တွဲညီညာစွာ ဆောင်ရွက်လျက်ရှိကြောင်း တွေ့နိုင်ပါသည်။ ယခုအခါ သင်တန်းဆင်း အဘိဓမ္မာ အောင်လက်မှတ်ရ သူပေါင်း (၄၀၀၀) ကျော် ရှိပါသည်။
အဘိဓမ္မာပြန့်ပွားရေးအသင်း စတင်ဖြစ်ပေါ်လာပုံ
ဗုဒ္ဓဘာသာအဆင့်မြင့်သင်တန်းကို ၁၉၉၈ ခုနှစ်တွင်စတင်ခဲ့ပြီး သင်တန်းဆရာမှာ ဦးတင်ထွန်း (ဓမ္မာစရိယ) ဖြစ်ပါသည်။ သင်တန်းသားများ ကို ၅၅၀ နိပါတ်တော် ဇာတ်တော်ကြီး (၁၀) ဘွဲ့နှင့် အခြားဗုဒ္ဓစာပေများ ဖတ်ရှုစေပြီး စာမျက်နှာ (၁၀၀) ထက်မနည်း အပြိုင် စာတမ်းပြုစုကြပါသည်။ အကောင်းဆုံး စာတမ်းကို ဆုချီးမြှင့်ပါသည်။ဦးကိုကိုမြိုင် (တက္ကသိုလ် သျှင်သီရိ) က အဆင့်မြင့် ဗုဒ္ဓဘာသာ သင်တန်းအစား အဘိဓမ္မာ ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ် သင်တန်းများဖွင့်ရန် အကြံပြုပါသည်။ သူ့အကြံပြုချက်အတိုင်း မယ်လမုစေတီတော် အဘိဓမ္မာပြန်ပွားရေး အဖွဲ့နှင့် အဘိဓမ္မာသင်တန်း ပေါ်ပေါက်လာပြီး သင်တန်းဆရာများမှာ ဦးကိုကိုမြိုင် (တက္ကသိုလ် သျှင်သီရိ) ဒေါ်သန်းသန်း (မသန်းသန်း မန်းတက္ကသိုလ်) အမျိုးသားစာပေဆုရ စာရေးဆရာဖြစ်ပြီး နည်းပြဆရာ ဒေါက်တာသန်းလွင်၊ ဦးသန်းမြင့် ဗိုလ်မှူးကြီး (ငြိမ်း) တို့ ကွယ်လွန်သွားပြီးသော်လည်း အဘိဓမ္မာ သင်တန်းအား ဆက်လက်ရှင်သန် နေပါသည်။ဤသို့ဖြင့် ဂေါပကအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၀၄ ခုနှစ်တွင် အဘိဓမ္မာသင်တန်းကို သင်တန်းသား ၂၀ဖြင့် စတင် ဖွင့်လှစ်ခဲ့ပါသည်။ မယ်လမုစေတီတော် အဘိဓမ္မာသင်တန်းများတွင် သင်တန်းပိုင် သင်ရိုးညွှန်းတမ်းစာအုပ် မရှိသေး၍ ဦးကိုကိုမြိုင် (တက္ကသိုလ် သျှင်သီရိ) က အဘိဓမ္မာပို့ချချက် စာအုပ်များ ပြုစုရေးသားခဲ့သည်။
ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်
မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်းသည် အရည်အသွေးပြည့်ဝသော သင်တန်းဆရာ ဆရာမများ ထွက်ပေါ်လာရေး၊ သင်တန်းသူ သင်တန်းသားများ အခက်အခဲမရှိစေဘဲ အဘိဓမ္မာတရားတော်များ သင်ယူနားကြား ကျင့်သုံးနိုင်ရေး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဓမ္မာရုံများ၌ အဘိဓမ္မာသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ လူငယ်သင်တန်းများမှ ကူပြီး သင်တန်းများသို့ ပေါင်းကူးဆက်စပ်နိုင်ရေးတို့ကို ဦးတည်လျက် အလှူရှင်များ၏ အထောက်အပံ့ ကူညီစောင့်ရှောက်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။