“ကမ္ဘာသူ ကမ္ဘာသားများ လိုက်နာကြရန် ဩဝါဒကထာ”

ဟိ ဝေ‌ရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။

အဝေရေန သမ္မန္တိ ဧသ ဓမ္မော သနန္တနော –

ဟု ဓမ္မပဒပါဠိတော် ကာဠယက္ခိနီ ဝတ္ထု၌ ဗုဒ္ဓဘုရား ဟောကြားထားသည်နှင့်အညီ ရန်ကိုရန်ခြင်း တုံ့ပြန်သဖြင့် ဘယ်သောအခါမှ ငြိမ်အေးနိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့် တံထွေးနှပ် အစရှိသော မစင်ကြယ်သောနေရာကို မစင်ကြယ်သော ရေဖြင့် ဆေးသော် ထိုနေရာ အရပ်သည် ပို၍ပင် မစင်ကြယ် မကောင်းသော အနံ့ဆိုးများ ဖြစ်ပေါ်သကဲ့သို့ ဆဲရေး ပုတ်ခတ်သူကို ပြန်၍ ဆဲရေးပုတ်ခတ်ခြင်းဖြင့် ရန်ကိုမငြိမ်းစေနိုင် ပို၍ပင် ရန်တိုးပွားနိုင်၏။

 

ရန်တုံ့မမူသဖြင့်သာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဥပမာအားဖြင့် မစင်ကြယ်သောနေရာကိ အထူးကြည်လင်သောရေဖြင့် ဆေးသော် စင်ကြယ်သန့်ရှင်း အနံ့ကောင်းခြင်း ဖြစ်သကဲ့သို့ ဆဲရေးပုတ်ခတ်သူကို ရန်တုံ့မမူဘဲ ခန္တီ၊ မေတ္တာ၊ ယောနိသော မနသိကာရ၊ ပညာတို့ဖြင့်သာလျှင် ရန်တို့သည် ငြိမ်းကုန်၏ဟု မျှော်ခေါ်တွေးဆ သိမြင်ကြလျက် တစ်ဦးနှင့် တစ်ဦး၊ တစ်အိမ်နှင့် တစ်အိမ်၊ တစ်လမ်းနှင့် တစ်လမ်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ရွာနှင့် တစ်ရွာ၊ တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ကို ရန်ခြင်း မတုံ့လျဉ်းကြဘဲ ဒေါသ၊ အာဃာတများ ပယ်ဖျောက်၍ လောကငြိမ်းချမ်းရေးမှသည် ဘဝငြိမ်းချမ်းရေးများ ကိုယ်စီရနိုင်ကြပါစေဟု ဆုတောင်း ပတ္ထနာ ပြုလျက် ဩဝါဒ စကားမိန့်ကြားအပ်ပါသည်။

လောကငြိမ်းချမ်း ကောင်းသောလမ်း လျှောက်လှမ်းနိုင်ပါစေ။

 

ဘဝငြိမ်းချမ်း မဂ္ဂင်လမ်း လျှောက်လှမ်းနိုင်ပါစေ။

ဓမ္မဝိဟာရီဆရာတော်