ဗုဒ္ဓဟူးထောင့်မှ မုဒြာလေးဆူ

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓဟူးထောင့်တွင် ဘုရားလေးဆူ တည်ထားခြင်းသည် ဗုဒ္ဓဟူးနံသင့်သင်္ချာ (၄) အရ နံနှင့် ဓာတ် အံဝင်ခွင်ကျဖြစ်အောင် ဂမ္ဘီရပညာအရ နှစ်ကျိပ်ရှစ်ဆူဘုရားတွင် ဗုဒ္ဓဟူးနေ့ဖွား ဘုရားလေးဆူဖြစ်သော ကောဏ္ဍညဘုရား၊ နာရဒဘုရား၊ သိဒ္ဓတ္ထဘုရား၊ ကောဏာဂုံဘုရားတို့ကို ရည်မှတ်ပြီး တည်ထားခြင်း ဖြစ်ပါသည်။

ဘုရားလေးဆူတွင် လက်တော်မုဒြာ (၄) မျိုး ခွဲခြားထားသည်မှာ –

ပထမ ရုပ်ပွားတော် (ကောဏ္ဍညဘုရား) မှာ ဒွေဝါစိက သရဏမုဒြာ (သို့မဟုတ်) မဇ္ဈိမပဋိပဒါ ရုပ်ပွားဖြစ်သည်။
လက်ယာဘက်မှ လက်ညှိုးလက်ခလယ် နှစ်ချောင်းထောင်ထားသည်။ လက်ညှိုးသည် သင်္ခါရက္ခန္ဓာ ၊ သမာဓိ ၊ ဝီရိယ၊ ဝါယောဓာတ်ကို သရုပ်ဆောင်သော မုဒြာဖြစ်သည်။ လက်ခလယ်သည် သညာက္ခန္ဓာ သတိဗိုလ်၊ ခန္တီပါရမီ၊ တေဇောဓာတ်ကို သရုပ်ဆောင်သော မုဒြာဖြစ်သည်။ မဇ္ဈိမပဋိပဒါဆိုသည်မှာ ဗုဒ္ဓက အစွန်းနှစ်ပါးဖြစ်သော အတ္တကိလမထာနုယောဂ နှင့် ကာမသုခလ္လိကာနုယောဂ ဟူသော အစွန်းနှစ်ပါးကို ပယ်စွန့်ရမည်ဟု ရည်ညွှန်းပါသည်။

ဒုတိယရုပ်ပွားတော် (နာရဒဘုရား) မှာ ဈာနမုဒြာဖြစ်ပါသည်။
တရားအားထုတ်ရန် (သို့မဟုတ်) ဈာန်ဝင်စားရန် ယောဂမုဒြာဟုခေါ်သည်။ လက်နှစ်ဖက်ကို ပေါင်ပေါ်တင် လက်ဖဝါးနှစ်ဖက်စလုံး လှန်ထားပြီး လက်ယာလက်ဖဝါးက လက်ဝဲ လက်ဖဝါးပေါ်မှာ ထပ်၍ ခန္ဓာကိုယ် မတ်မတ်ထားဟန် ဖြစ်သည်။ ဈာနမုဒြာသည် ဗောဓိပက္ခိယတရား (၃၇) ပါးအနက် ဈာန်တရားကို ပဓာနထားသော မုဒြာဖြစ်ပါသည်။

တတိယရုပ်ပွား (သိဒ္ဓတ္ထဘုရား) မှာ တဇ္ဇနိမုဒြာ (သို့မဟုတ်) ဧကောဓမ္မောမုဒြာရုပ်ပွားဖြစ်ပါသည်။
လက်ယာလက်၏လက်ညှိုးကိုအပေါ်သို့ ထောင်ပြထားသည်မှာ ဗုဒ္ဓက မိမိသာသနာ၏တရားတော်၌ တစ်ခုသော တရားသည် စိတ်ဖြစ်သည်။ ထိုစိတ်က ဘဝ လွတ်မြောက်မူကျင့်ရန် တစ်ခုတည်းသော တရားဖြစ်သည်ဟု ရည်ညွှန်းသော မုဒြာဖြစ်သည်။

စတုတ္ထရုပ်ပွားတော် (ကောဏာဂုံဘုရား) မှာ အဘယ (ဘေးမရှိ) ရုပ်ပွားဖြစ်ပါသည်။
လက်ယာဖက်လက်ကို အနည်းငယ် ထောင်ကွေ့ထားပြီး လက်ဖဝါးပြင်ကို အပြင်ဘက်သို့ လှန်ကာ လက်ချောင်းများကိုအပေါ်သို့ ထောင်ဖြန့်ပြနေပုံဖြစ်သည်။ ဘေးရန်မရှိ ဘေးမဲ့ပေးဟန်ပုံ ဖြစ်သည်။ ယင်းကို သန္တိမုဒြာဟူ၍လည်း ခေါ်ပါသည်။

ဤဘုရားလေးဆူသည် တိုင်းပြည်နှင့်တကွ ပြည်သူပြည်သားတို့ အေးချမ်းသာယာမှုကို အထူးရည်စူးပြီး တည်ထားခြင်းဖြစ်ပါသည်။