ဂိလာနရဟန်းအား ပြုစုခန်း

အသေးစိတ် အချက်အလက်များ

ရဟန်းတစ်ပါးသည် ဝမ်းရောဂါဖြစ်နေ၏။ သူက သူများကို မပြုစုခဲ့ဘူးသောကြောင့် သူ့ကိုလည်း ပြုစုမည့်သူမရှိ ဖြစ်ခဲ့ရသည်။ အရှင်အာနန္ဒာနှင့်အတူ ဗုဒ္ဓသည် ကျောင်းတို့ကို လှည့်လည်ကြည့်ရှုတော်မူနေစဉ် ကျင်ကြီးကျင်ငယ်ထဲ၌ လျောင်းနေရသော ထိုရဟန်းကိုမြင်တော်မူရာ ရှင်အာနန္ဒာကို ရေယူခိုင်း၍ ဗုဒ္ဓကိုယ်တိုင် ရေလောင်းချိုးပေး သန့်စင်ပေးတော်မူလျက် ရှင်အာနန္ဒာက ပွတ်တိုက်သုတ်သင်ကာ ဂိလာန ဝတ္တရားကို ပြုလုပ်တော်မူကြသည်။
ထိုသို့ ဆေးကြောသုတ်သင်၍ သန့်စင်သောအခါ ဗုဒ္ဓသည် ဦးခေါင်းမှ ရှင်အာနန္ဒာသည် ခြေရင်းမှ ကိုင်၍ ညောင်စောင်းပေါ်၌ ချထားပြီးလျှင် ရဟန်းများကိုခေါ်စေတော်မူ၍ “သင်တို့မှာ ပြုစုမည့် မိဘတို့ အနီးအနား၌ မရှိကြချေ” အချင်းချင်း မပြုစုကြလျှင် ဘယ်သူပြုစုမည်နည်း” ဟု အပြစ်တင်တော်မူပြီးမှ “ငါဘုရားကို ပြုစုမည့်အစား မကျန်းမာသောသူကိုသာ ပြုစုကြကုန်ဟု” ဩဝါဒပေးတော်မူသည်။