ဥပကတက္ကတွန်းနှင့် ဘုရားရှင်တွေ့တော်မူခန်း

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် ပဉ္စဝဂ္ဂီတို့အား တရားဦးဟောရန်ကြွစဉ် ဥပကတက္ကတွန်း၏ နောင်အနာဂါမ်ဖြစ်မည့် ဥပနိဿယကို သိမြင်၍ ဗောဓိမဏ္ဍိုင်မှ (၁၈) ယူဇနာကွာဝေးသော ဗာရာဏသီမိဂဒါဝုန်သို့ ခြေကျင်ကြွတော်မူသည်။
ဥပကသည်လည်း မဟာဗောဓိနှင့် ဗုဒ္ဓဂယာအကြား၌ ခရီးသွားနေသည်။ လမ်းတွင် ဘုရားရှင်နှင့် တွေ့ဆုံ၍ ဗုဒ္ဓ၏ အဆင်းလှပကြည်လင်မှု၊ ဣန္ဒြေရှိမှုတို့ကို တွေ့မြင်သဖြင့် အဘယ်သူနည်း၊ အဘယ်တရားကို နှစ်သက်သနည်းဟုမေးခဲ့သည်။ ဗုဒ္ဓက မိမိသည် ကိလေသာကင်းပြီး အလုံးစုံသိသော အနန္တဇိနဟု မိန့်ကြားခဲ့သည်။
ဥပကသည် ပါရမီမရင့်သေး၍ ဘုရားနှင့်တိုက်ရိုက်တွေ့သော်လည်း တရားမနာယူရှောင်ထွက်သွားပြီး ဝင်္ကဟာရဇနပုဒ် မုဆိုးရွာသို့ သွားရောက်ကာ ထိုရွာ၏ အကြီးအကဲ မုဆိုးကြီးကို အမှီပြုပြီးနေသည်။ နောက်မုဆိုးကြီး၏ သမီး ဆာဝါကို နှစ်သက်သဖြင့် လူဝတ်လဲကာ ဆာဝါနှင့် ပေါင်းသင်းဆက်ဆံရာ သားတစ်ယောက် မွေးဖွားခဲ့သည်။
ဇနီးဆာဝါက မိမိကို ရွဲ့စောင်းလျက် ကလေးသိပ်၊ ကလေးချော့သည်ကို မခံနိုင်၍ ဇနီးနှင့် သားကို စွန့်ပြီး ဗုဒ္ဓရှိရာ သာဝတ္ထိသို့လိုက်သွားကာ ရဟန်းပြုရာ မကြာခင် အရဟတ္တဖိုလ်ဆိုက်ရောက်ပြီး ရဟန္တာ ဖြစ်ရလေသည်။