မဟာဒုဂ်အား သပိတ်ပေးခန်း

အသေးစိတ် အချက်အလက်များ

ကဿပဘုရားရှင်လက်ထက် ဖြစ်သည်။ ဗာရာဏသီပြည်၌ အလွန်ဆင်းရဲသော လင်မယား နှစ်ယောက်ရှိသည်။ လင်ကို ဆင်းရဲလွန်း၍ မဟာဒုက်ဟူ၍ ခေါ်ကြသည်။
တစ်နေ့တွင် အကျိုးတော်ဆောင်တစ်ဦးက ဘုရားအမှူးရှိသော သံဃာတော်များအတွက် စာရေးတံဆွမ်းလှူရန် စီမံသည်။ မဟာဒုက်က သံဃာတစ်ပါးစာရင်းပေးသည်။ နောက်တွင် အကျိုးဆောင်က မဟာဒုက်သည် ဆင်းရဲသည်၊ လှူနိုင်မည်မဟုတ်ဟု သဘောပိုက်ပြီး မဟာဒုက်ကို စာရေးတံ စာရင်းထဲ မထည့်ဘဲနေသည်။
မဟာဒုက်လင်မယားသည် သံဃာတစ်ပါး စာရင်းပေးထား၍ လင်မယားနှစ်ယောက် အလုပ်ရှာပြီး အလုပ်လုပ်ကြရာ ဆန်၊ ထောပတ်၊ ငါးရ၍ ဆွမ်းကို စီမံထားသည်။ နောက်နေ့ စာရေးတံမဲချသောအခါမဟာဒုက်မှာ စာရင်းမပါ၍ သံဃာ မရတော့ချေ။ မဟာဒုက်သည် သည်းစွာငိုကြွေးမိသည်။ မိတ်ဆွေတစ်ယောက်က ဘုရားရှင်ရှိရာ ဂန္ဓကုဋီတိုက်သို့ သွားခိုင်း၍ သွားရောက်ပြီး ဂန္ဓကုဋီတိုက်သို့ ဦးတိုက်နေသည်။
ဘုရားရှင် သပိတ်ကိုရရန် မင်း၊ အမတ်၊ သူဌေးသူကြွယ်တို့သည် သူ့ထက်ငါ ဘုရားရှင်၏သပိတ်ကို စောင့်နေကြသည်။ ဘုရားရှင်သည် ဂန္ဓကုဋီတိုက်က ထွက်ကြွလာပြီး သပိတ်ကို မဟာဒုက်အား ပေးလေသည်။ မဟာဒုက်သည် ဘုရားရှင်၏ သပိတ်တော်ကို ရ၍ ဘုရားကိုအိမ်သို့ပင့်ပြီး မိမိဆွမ်းကို ဆက်ကပ်သည်။ ဆွမ်းမှာ သိကြားမင်းကိုယ်တိုင် လူယောင်ဆောင်ပြီး လာချက်ပေးထား၍ တစ်မြို့လုံး မွှေးကြိုင်သော ဆွမ်းဖြစ်နေသည်။
ဆွမ်းကပ်ပြီးနောက် မဟာဒုက်အိမ်ဝယ် ရတနာမိုး ရွာချလေရာ မဟာဒုက်သည် သူဌေးကြီးဘဝသို့ ရောက်ရှိသွားလေသည်။