ညီတော်မင်းနန်းရဟန်းပြုခန်း

အသေးစိတ် အချက်အလက်များ

နန္ဒမင်းသားသည် ဘုရင်သုဒ္ဓေါဒနနှင့် ပဇာပတိဂေါတမီတို့၏ သား ဖြစ်သည်။ ဘုရားရှင် ကပိလဝတ်ပြည်ရောက်၍ သုံးရက်မြောက်နေ့တွင် နန္ဒမင်းသားကို ခမည်းတော်က ဦးသျှောင်ဆံထုံးဖြည်ခြင်း မင်္ဂလာ၊ ရွှေပြားသင်းကျစ်တော် နဖူးတပ်ဆင်ခြင်း မင်္ဂလာ၊ အိမ်ရှေ့စံအပ်နှင်းပွဲ မင်္ဂလာ၊ အိမ်ရှေ့ထီးဖြူတော်စိုက်မင်္ဂလာနှင့် ဇနပဒကလျာဏီနှင့် လက်ထပ်မင်္ဂလာတို့ကို ကျင်းပပြုလုပ်ရန်စီမံပြီး ဘုရားရှင်ကို မင်္ဂလာဆွမ်းပင့်ကျွေးခဲ့သည်။
ဘုရားရှင်က ဆွမ်းစားအပြန်တွင် နန္ဒမင်းသားကို သပိတ်ထမ်းယူစေပြီး ကျောင်းသို့ခေါ်သွားကာ ရဟန်းပြုပေးလိုက်သည်။ နန္ဒမင်းသားသည် ရဟန်းဘဝနှင့် မပျော်၍ ပြန်ရန် အကြိမ်ကြိမ်ကြိုးစားသည်။
ဗုဒ္ဓက နန္ဒမင်းသား၏ စိတ်အကြံကိုသိပြီး တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်ကာ နတ်သမီးများကို ပြသသည်။ နတ်သမီးများကို လိုချင် မလိုချင် မေးသည်။ နန္ဒမင်းသားက နတ်သမီးလိုချင်သည်ဟု လျှောက်သောအခါ နတ်သမီးလိုချင်က ငါကျင့်ခိုင်းသော တရားကိုကျင့်က နတ်သမီးရမည်ကို ငါတာဝန်ခံသည်ဟု မိန့်ကြားပြီး နတ်ပြည်က ပြန်ခေါ်ခဲ့ပြီး တရားကို ကျင့်စေသည်။
အခြားရဟန်းများက နတ်သမီးကိုလိုချင်၍ ဘုရားကို အာမခံထားပြီး တရားကျင့်သူဟု ကဲ့ရဲ့ကြသောအခါ ရှက်ကြောက်စိတ်ဖြစ်ပြီး တရားကို စင်ကြယ်စွာ အားထုတ်၍ မကြာခင် ရဟန္တာ ဖြစ်သွားသည်။