ရသေ့ညီနောင် ရှင်တစ်ထောင်ချွတ်ခန်း

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် ရဟန်းများကို သာသနာပြုစေလွှတ်တော်မူပြီးမှ ကိုယ်တိုင်လည်း ဥရုဝေဠကဿပ၊ နဒီကဿပ၊ ဂယာကဿပ အမည်ရသော ကဿပညီနောင်သုံးဦးတို့ ဦးဆောင်သော ရသေ့တစ်ထောင်ကို ချွတ်တော်မူရန် ဥရုဝေဠတောသို့ ကြွတော်မူလေသည်။
ထိုနေရာရှိ မီးတင်းကုတ်၌ နဂါးမင်းအား တန်ခိုးအမျိုးမျိုးတို့ဖြင့် နှိမ်နင်းပြ၍ ဆုံးမတော်မူရာ နဂါးကြီးမှာ ဗုဒ္ဓကို မယှဉ်နိုင်ဘဲ အရှုံးပေးရသည်။ ဗုဒ္ဓသည် နဂါးကို သပိတ်ထဲ ထည့်ထားလိုက်သည်။ နောက်နေ့ နံနက် ရသေ့တို့သည် ဗုဒ္ဓနှင့် နဂါးတို့ တန်ခိုးပြိုင်ရာ၌ ကြီးမားသော မီးတောက်မီးလျှံတို့ကို မြင်ကြ၍ ရဟန်းကြီးတော့ နဂါးနှိပ်စက်၍ ဒုက္ခရောက်သွားပြီဟု မှတ်ထင်ကာ လာကြည့်ကြသည်။
ထိုအခါ ဗုဒ္ဓက ရသေ့တို့ကို မိမိသပိတ်ထဲမှ နဂါးကို ထုတ်ပြလိုက်သဖြင့် ရသေ့များအားလုံး အံ့ဩကြပြီး ဗုဒ္ဓ၏တန်ခိုးကို ကြည်ညိုကြ၍ ဗုဒ္ဓထံ တပည့်ခံကြကာ ရဟန်းပြုကြလေသည်။ အာလုံး ဧဟိဘိက္ခုရဟန်းဖြစ်ပြီး ရဟန္တာ ဖြစ်ကြလေသည်။