ရာဇဂြိုဟ်ပြည်သူဌေး စန္ဒကူးသပိတ်လှူပုံ

အသေးစိတ် အချက်အလက်များ

ရာဇဂြိုဟ်သူဌေးသည် ဂင်္ဂါမြစ်တွင်း ရေဆင်းချိုးရာမှ စန္ဒကူးသစ်တုံးတစ်တုံးရ၍ ထိုသစ်သားတုံးကို သပိတ်ပြုလုပ်ပြီး “ဤလောက၌ ရဟန္တာ၊ ရဟန္တာဟု ပြောနေကြသည်။ ထိုရဟန္တာကို တစ်ပါးမှမတွေ့ဖူးသေးပါ။ ဤစန္ဒကူးသပိတ်ကို အတောင် (၆၀) မြင့်သော ဝါးထိပ်၌ တင်၍ ဈာန်ပျံယူနိုင်သော ရဟန္တာရှိက ယူကြစေဟု ကြေငြာမည်။ ရဟန္တာပေါ်လာက ငါတို့မိသားစု ကိုးကွယ်မည်” ဟု စိတ်ကူးပြီး ထိုအတိုင်းပြုလုပ်ထားကာ –

“ဤလောက၌ ရဟန္တာစစ်စစ်ဖြစ်သောသူသည် ကောင်းကင်ခရီးဖြင့်ကြွကာ ဤသပိတ်ကို ယူစေသတည်း” ဟု ကြွေးကြော်ထားလေသည်။ ရာဇဂြိုဟ်ရှိ တိတ္ထိဆရာကြီး (၆) ဦးနှင့် တပည့်တို့သည် ထိုသပိတ်ကို ရယူရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်၊ မရကြချေ။

ထိုအခါ အရက်သမားတို့က “ဤလောက၌ ရဟန္တာဆိုတာမရှိ၊ အလကား ကြွေးကြော်နေကြတာပါ” ဟုပြောဆိုကြသည်။ ထိုအသံကို ရှင်မောဂ္ဂလာန်နှင့် ရှင်ပိဏ္ဍောလမထေရ်တို့က ကြား၍ ဤသေသောက်ကြူးတို့သည် ငါတို့၏ ဗုဒ္ဓသာသနာကိုပါ စော်ကားနေကြပြီဟု ကြံစည်ကာ ရှင်မောဂ္ဂလာန်က ရှင်ပိဏ္ဍောလကို ထိုသပိတ်ကို ဈာန်ဖြင့်ယူခိုင်းသည်။

ရှင်ပိဏ္ဍောလသည် သုံးဂါဝုတ်ရှိသော ကျောက်ဖျာကို ခြေမဖြင့် ညှပ်ပြီး ရာဇဂြိုဟ်မြို့အထက်၌ (၇) ပတ် ပတ်ပြပြီးမှ သပိတ်ကို ယူကာ ရာဇဂြိုဟ်သူဌေးအိမ်သို့ကြွသည်။ ထိုအချိန်မှစ၍ ရာဇဂြိုဟ်သူဌေးသည် ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်လာသည်။