အရှင်အာနန္ဒာစာကြည့်တိုက်

အသေးစိတ်အချက်အလက်များ

အရှင်အာနန္ဒာစာကြည့်တိုက်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်

စာကြည့်တိုက်တွင် စာဖတ်သူတိုင်း အရှင်အာနန္ဒာရဟန္တာအရှင်မြတ်ကဲ့သို မမေ့မပျောက် တန်းမှတ်နိုင်စွမ်းရှိသူများ ဖြစ်လာစေရန်၊ သမိုင်းဝင်ဆုတောင်းပြည့် မယ်လမုစေတီသို့ လာရောက်ဖူးမျှော်သူပြည်သူများ အနေဖြင့် ဘုရားဖူးမျှော်ြခင်းအပြင် စာပေဝါသနာပါသူများ စိတ်အေးချမ်းသာစွာ စာပေလေ့လာ ဖတ်ရှုနိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား/အမှန်ကို ဝေဖန်ပိုင်းခြား နိုင်စေရန်၊ မိမိဘဝတိုးတက်မြင့်မားနိုင်စေရန်၊ တိုင်းပြုပြည်ပြု နိုင်ငံ့သားကောင်းများဖြစ်လာစေရန်နှင့် စာပေ၏ တန်ဖိုးကို သိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

အရှင်အာနန္ဒာစာကြည့်တိုက် စတင်ဖြစ်ပေါ်လာပုံ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ သမိုင်းဝင် ဆုတောင်းပြည့် မယ်လမုစေတီတော်အတွင်းရှိ အရှင်အာနန္ဒာစာကြည့်တိုက်ကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် စာကြည့်တိုက်မှူးတို့ ကြီးကြပ်မှုဖြင့် မယ်လမု ဂေါပက အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ခဲ့ပြီး (၂၇.၃.၂၀၁၈) ရက်နေ့တွင် မြို့နယ်အတွင်းရှိ တာဝန်ရှိသူများ၊ မယ်လမုဂေါပကအဖွဲ့ဝင်များဖြင့် ဖွင့်ပွဲအခမ်းအနားကို ခမ်းခမ်းနားနား စည်စည်ကားကား ဖွင့်လှစ်နိုင်ခဲ့သည်။

အရှင်အာနန္ဒာစာကြည့်တိုက်တွင် ထားရှိသည့် စာအုပ်စာစောင်များ

အရှင်အာနန္ဒာစာကြည့်တိုက်တွင် သုတစာအုပ်၊ ရသစာအုပ်များရှိပြီး နေ့စဉ်ထုတ်သတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များကို စင်တင်ထားရှိကာ နေ့စဉ်ဘုရားဖူးပြည်သူများနှင့် ဘုရားဝန်ထမ်းမိသားစုများ အဆင်ပြေချောမွေ့စွာ စာပေလေ့လာ ဖတ်ရှုနိုင်စေရန် စာကြည့်တိုက်အား စင်ဖွင့် စနစ်ဖြင့် ထားရှိထားပါသည်။ စာအုပ်/စာစောင်များကို စနစ်တကျရေးသွင်းဆောင်ရွက်ခြင်းကို မယ်လမုဘုရား စာကြည့်တိုက် ကော်မတီများကြီးကြပ်မှုဖြင့် စာကြည့်တိုက်မှူးမှ လစဉ်ဆောင်ရွက်လျက် ရှိပါသည်။

စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ ရရှိမှု

အရှင်အာနန္ဒာစာကြည့်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း (၃)ကြိမ်တိုင်တိုင် သုတ/ရသစာအုပ်များကို လှူဒါန်းခဲ့ရာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အခမ်းအနားဖြင့် ထပ်ဆင့်လှူဒါန်း ပေးအပ်ခဲ့သည်။ ထိုအပြင် စာကြည့်တိုက်ကို စိတ်ဝင်စားသူများ၊ စာပေဝါသနာရှင်များက စာအုပ်များလာရောက်လှူဒါန်းရာ လက်ခံရရှိသည့် စာအုပ်/စာစောင်များကို စာကြည့်တိုက်မှူးမှ စံနစ်တကျ စာရင်းရေးသွင်းဆောင်ရွက်ခဲ့ပြီး စာဖတ်သူများ အချိန်မီ ဖတ်ရှုနိုင်စေရေး စတင်ဆောင်ရွက်ပေးခဲ့သည်။

စာကြည့်တိုက် ဖွင့်ချိန်/ပိတ်ချိန်

အရှင်အာနန္ဒာစာကြည့်တိုက်ကို အပတ်စဉ် အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နေ့စဉ် နံနက် (၉း၀၀) နာရီမှ ညနေ (၄:၃၀) နာရီ အချိန်အထိ ဖွင့်လှစ်ထားရှိပြီး တနင်္လာနေ့ (၁)ရက်သာ ပိတ်ရက်အဖြစ် သတ်မှတ်ထားရှိသည်။