ဘောသော ဘောကျော် ဘီလူးညီနောင်

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် ဝါတော် (၂၀) အရတွင် မြန်မာပြည် သုနာပရန္တတိုင်းရှိ ဝါဏိဇ္ဇဂါမရွာကုန်သည်သူဌေး ဆောက်လုပ်လှူဒါန်းသော စန္ဒကူးကျောင်းအလှူခံရန် ရဟန္တာ ငါးရာခြံရံပြီး ဝိသကြုံနတ်သား ဖန်ဆင်းပေးသော ပြာသာဒ်ယာဉ်တို့ဖြင့် ကြွလာခဲ့သည်။
ထိုအရပ်တွင် သစ္စဗန္ဓရသေ့တောင်းပန်၍ ခြေတော်ရာတစ်ဆူ၊ မုဆိုးတောင်းပန်၍ ခြေတော်ရာတစ်ဆူ ချထားပေးခဲ့သည်။

ဗုဒ္ဓသည် ထိုမှအပြန် မင်းဘူး၊ စက္ကိန်းတဲတောင်၌ သီတင်းသုံးစဉ် သိကြားမင်း က မြသလွန် လာရောက်လှူဒါန်းသည်။ ဗြဟ္မာမင်းက ထီးဖြူတော်ဖြန့်မိုးယှက် ပူဇော်သည်။ ထိုအချိန်ဝယ် ထိုအနီးတောအုပ်၌နေကြသော ဘောသော၊ ဘောကျော်၊ ဘောသူရနှင့် ဘောရသဟူသော ဘီလူးညီနောင်လေးယောက်တို့သည် မိမိတို့အရပ်မှ ထွက်သောကြစု၊ ဖန်ခါးသီးတို့ကို ယူဆောင်ပြီး ဘုရားထံသွားရောက်ပြီး ဆေးအဖြစ် လှူဒါန်းကြသည်။

ဘုရားရှင်က ဘီလူးတို့ကို သူ့အသက် သတ်မှုတို့မှ ရှောင်ကြဉ်ရန် တရားပြပြီး နဝရတ် ကိုးပါး စီခြယ်ထားသော သိကြားမင်းလှူထားသည့် မြသလွန်ကို ပေးလိုက်သည်။ ဘီလူးညီနောင်လေးယောက်သည် ထိုမြသလွန်ကို သယ်ယူလာပြီး မိမိတို့နေရာ၌ မြသလွန်ကို ဌာပနာပြီး စေတီပြုလုပ်ကာ ကိုးကွယ်ထားကြသည်။ (ထိုဘောသော ဘောကျော်ညီနောင်နှစ်ဦးကို အထိမ်းအမှတ်ပြု၍ ဤမယ်လမုစေတီ၌ ထပ်မံ၍ အထိမ်းအမှတ် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။)