ပုပ္ပါးမယ်တော်နှင့် သားနှစ်ပါးနတ်နန်း

အသေးစိတ် အချက်အလက်များ

ဗျတ္တသည် ပန်းဆက်အမှုတော်ထမ်းရင်း ပုပ္ပါးသူမယ်ဝဏ္ဏနှင့် ချစ်ကြိုက်ပြီး သားတော်နှစ်ဦး မွေးဖွားသည်။ အနော်ရထာဘုရင်မှ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးဟု အမည်ပေးချီးမြှောက်သည်။ မင်း၏မြှောက်စားခြင်းခံခဲ့ရသော ဗျတ္တသည် အာဏာအရှိန်အဝါတွင် ယစ်မူးလာပြီး တာဝန်နှင့် ဝတ္တရားတို့ကို မေ့လျော့ကာ ပန်းတော်ဆက်တာဝန်များ ပျက်ကွက်လာ၍ မင်းကြီးသိသောအခါ စစ်သူကြီးအားဆုံးမရန် တာဝန်ပေးရာ ဗျတ္တ အသတ်ခံရသည်။ ဗျတ္တသေဆုံးကြောင်းမင်းကြီးသိသောအခါ ဗျတ္တအပေါ်တွင် သနားကရုဏာသက်၍ လူမမယ်သားနှစ်ယောက်ကို မွေးစားရာမှ မင်းကြီး၊ မင်းလေးဟု အမည်တွင်လေသည်။
အနော်ရထာမင်းကြီးသည် ဗုဒ္ဓသာသနာတော်ကြီးသည် စည်ပင်ပြန့်ပွားရေးကို ကြိုးပမ်းရင်း ဘုရားရှင်၏ ဓါတ်တော်မွေတော်များကို အိမ်နီးချင်းနိုင်ငံများသို့ သံတမန်များစေလွှတ်ပြီး တောင်းခဲ့သည်။ တရုတ်ပြည်တွင် အံတော်ရှိသည်ကို ကြား၍ အံတော်ပွားကို ရနိုင်ရန် ကိုယ်တော်တိုင် တရုတ်ပြည်သို့ ခရီးထွက်ခဲ့သည်။ တရုတ်ဘုရင် ဥတည်ဘွားထံမှလည်း စွယ်တော်ပွား လက်ဆောင်ရလေသည်။
တရုတ်ပြည်မှအပြန် မတ္တရာမြို့နယ်တောင်ပြုန်းအရပ်တွင် ခေတ္တနားကာ ထိုအရပ်တွင် ဘုရားတစ်ဆူတည်ရန် သတ်မှတ်ခဲ့ရာ ဘုရားတည်ရန် သူ့ဒကာတွေက အုတ် အသီးသီးပေးကြသော်လည်း မင်းနှစ်ပါးသည် အနော်ရထာမင်း၏ အထူးအရေးပေးခြင်းကို ခံခဲ့ရသဖြင့် မာန်မာနထောင်လွှားကာ အုတ်တစ်ချပ်စီ မပေးမိ၍ အသိတရားရစေဖို့ အမိန့်ဖြင့် ၎င်းတို့အား ဆုံးမရန် အမိန့်ပေးလေသည်။ မင်းညီနောင်မှာ ဝါးရင်းတုတ်ဖြင့် ဆုံးမခံလိုက်ရသဖြင့် သေဆုံးလေသည်။
မင်းညီနောင် ကွပ်မျက်ခံရသောအရပ်ကို ယနေ့ထိတိုင် ကွပ်မျက်ညောင်ပင် ဟုခေါ်သည်။ အနော်ရထာမင်းသည် ၎င်းဘုရားအား ”ကောင်းမှုတော်ဆုတောင်းပြည့်” ဟု သမုတ်ခဲ့ပြီး ထိုနေရာမှ အပြန်ဖောင်တော်ထွက်မရ၍ ဟူးရားဖြူနှင့် ဟူးရားညိုတို့အား မေးရာ ရွှေဖျင်းညီနောင်နတ်တို့သည် ကျေးဇူးတော်မခံစားရပါသောကြောင့် ဖောင်တော်တက်မကိုင်၍ မရပါဟု လျှောက်ထားကြ၏။ ထိုအခါ အနော်ရထာမင်းကြီးသည် မြေးတော်ညီနောင်နှစ်ယောက်အပေါ် မေတ္တာထားပြီး တောင်ပြုံးရွာရှိ “ကောင်းမှုတော်ဆုတောင်းပြည့်” ဘုရား၌ နတ်ကွန်းဆောက်ပေးကာ ဝါခေါင်လဆန်း (၈) ရက်နေ့တွင် ပူဇော်ပွဲ ကျင်းပပေးရန် အမိန့်ချမှတ်ခဲ့သည်။
*မယ်ဝဏ္ဏသည် သားတော်နှစ်ပါးအသတ်ခံရသော သတင်းကြားရသောအခါ နှလုံးကွဲကာ သေပွဲဝင်ခဲ့ရပြီး ပုပ္ပါးတောင်တွင် နတ်ဘီးလူမ ဖြစ်ရလေသည်။ ပုပ္ပါးမယ်တော်နှင့် သားတော်နှစ်ပါးနတ်နန်းကို ယုံကြည်သူ ပုဂ္ဂိုလ်များ လာရောက်ပူဇော်နိုင်ရန် ထားရှိပါသည်။