စေတီတော်ဆိုင်ရာ

မယ်လမုစေတီတော်သမိုင်း

ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်တွင်တည်ရှိပြီး အရှေ့ဘက်လားသော် ငမိုးရိပ်ချောင်း၊ အနောက်ဘက်လားသော် သုဓမ္မာလမ်းမကြီး၊ တောင်ဘက်လားသော် အာသာဝတီလမ်းမကြီး၊ မြောက်ဘက်လားသော် ငမိုးရိပ်ချောင်းလက်တက်တို့ ရှိပါသည်။

ရှေးယခင်က – တိကုမ္ဘတောင်ကို ဝန်းရံထားသော အရံတောင်ထွတ် (၃၃) ခု ရှိသည့်အနက် ယခု နာဂလိုဏ်ဂူစေတီတည်ထားရာ တောင်စဉ်တောင်ဝှမ်းသည် သစ်တောအုပ်တို့ဖြင့် ဖုံးလွှမ်းထားသော တောင်စဉ်တစ်ခုဖြစ်သည်။ လောက၌ ဘုရားပွင့်တော့မည်ဟူသော သတင်းကြောင့် ထိုတောင်စဉ်တောင်ဝှမ်း၌ ရသေ့ရဟန်းပြုပြီး ဘုရားရှင်နှင့်တွေ့ရန် စောင့်ဆိုင်းရင်း တရားအားထုတ်နေသော တိဿအမည်ရှိသော ရသေ့ကြီးတစ်ပါး ရှိလေသည်။

တစ်နေ့၌ တိဿရသေ့ကြီးသည် လမုတော၌ ရေသန့်စင်နေစဉ် ကြီးမားသော လမုသီးတစ်လုံးကို တွေ့မြင်၍ မိမိကျောင်းသင်္ခမ်းသို့ ခူးဆွတ်လာခဲ့သည်။ ကျောင်းသင်္ခမ်း ပေါ်သို့ရောက်ပြီး များမကြာမီ အသီးကကွဲအက်ပြီး အထဲမှ အလွန်လှပသော မိန်းကလေးတစ်ဦး ပေါ်ထွက်လာခဲ့သည်။ တိဿ ရသေ့ကြီးသည် ထိုသမီးငယ်ကို လက်ညှိုးမှ နို့ရည်ထွက်ရန် အဓိဌာန်ပြုပြီး ကျွေးမွေးပြုစုခဲ့သည်။ ထိုမိန်းကလေးသည် အလွန်လှပသူဖြစ်၍ မွန်ဘာသာဖြင့် မိလမု၊ မြန်မာဘာသာဖြင့် မယ်လမုဟူ၍ခေါ်ခဲ့သည်။ တိဿ ရသေ့ကြီးသည် ထိုမယ်လမုကို အရွယ်ရောက်သည်အထိ စောင့်ရှောက်ထားခဲ့လေသည်။

ထိုအချိန်တွင် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် တင်းမာသော အသွင်ပြလာ၍ လောကကိုကြည့်သော် လူနတ်တို့၏သခင် ဂေါတမဘုရားရှင်သည် မကြာခင်ပွင့်တော်မူမည်၊ ထိုဂေါတမ ဘုရားရှင်၏ ဆံတော် (၈)ဆူ၊ ရှေ့ပွင့်ခဲ့ပြီးသော ကကုသန်ဘုရား၏ တောင်ဝှေးတော်၊ ကောဏဂုံဘုရား၏ ရေသနုပ်တော် နှင့် ကဿပဘုရားရှင်၏ ဓမ္မကရိုဏ် (ရေစစ်)တို့ကို တိကုမ္ဘကုန်း (ခေါ်) သိင်္ဂုတ္တရကုန်းတော်၌ ဌာပနာ၍ စေတီတည်ရာတွင် မယ်လမု၏ သားတော်က စေတီတည်ထားမည်ကို သိရှိတော်မူလေသည်။
ထို့ကြောင့် သိကြားမင်းသည် လုလင်ပျိုယောင်ဆောင်၍ တိဿရသေ့ထံသို့ မယ်လမုကို လက်ထပ်ခွင့်တောင်းခဲ့သည်။ တိဿရသေ့ကလည်း အဘိညာဉ်ရ ရသေ့တစ်ပါးဖြစ်၍ ရှေ့ရေးကို မြင်သိပြီး မယ်လမုကို သိကြားမင်းလုလင်နှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ သိကြားမင်းသည် တာဝတိံသာနတ်ပြည်သို့ ပြန်ရောက်ပြီးနောက် လူ့ပြည်မှ မယ်လမုကို မမေ့သော်လည်း ရုတ်တရက်လူ့ပြည်သို့ဆင်းရန် အခွင့်မသာ သဖြင့် ဘရသေ့စေလွှတ်လိုက်သော ကျေးသားလေးအား နတ်ရေစင်ထည့်ထားသော ကြုတ်ကို လည်မှာဆွဲ ပေး၍ ယူဆောင်စေကာ ကြင်ယာတော်မယ်လမု သုံးဆောင်စေရန် ပေးလိုက်လေသည်။

သိကြားမင်း၏မိဖုရား (၄) ပါး မှ သိကြားမင်းအား မယ်လမုထံ မသွားစေလိုသဖြင့် ကျေးသားလေးကို သိမ်းငှက်ယောင်ဆောင်ပြီး လိုက်လံထိုးဆိတ် နှောင့်ယှက်ကြသည်။ ရေမြေတောတောင်များအပေါ် ဖြတ်ကျော် ပျံသန်းရှာသော ကျေးသားလေးသည် ထိုနှောင့်ယှက်မှုကြောင့် လည်ဆွဲကြုတ်မှ နတ်ရေစင်များ ဖိတ်စင်ကျ ကုန်၏။ နောက်ဆုံးကျန်သောနတ်ရေစင်ကိုသာလျှင် မယ်လမု သောက်သုံးရသဖြင့် မကြာခင် သားတော် တစ်ပါး ဖွားမြင်ခဲ့သည်။ ထိုသားတော်အမည်သည် ဥက္ကလာပ မင်းသားဟု အမည်တွင်ခဲ့သည်။ ထိုသားတော် အရွယ်ရောက်သော် သိကြားမင်းသည် မြို့ပြတည်ထောင်ပေးပြီး မင်းပြုစေသည်။ မြို့ကိုလည်း ဥက္ကလာပ ဟု အမည်ပေးခဲ့သည်။
ဂေါတမမြတ်စွာဘုရားသည် (၈) ဝါမြောက်အရောက် မဟာသက္ကရာဇ် (၁၁၁) ခုတွင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ထားချက်အရ သုဝဏ္ဏဘူမိသို့ ကြွတော်မူ၍ တရားဟောသည်။ ထိုအခါ သိင်္ဂုတ္တရအရံ တောင်စဉ် တောင်ဝှမ်းတို့မှ ရသေ့တို့သည် ဘုရားရှင်ထံသို့ ဖူးမြော်တရားနာလာကြသည်။ ထိုစဉ်က တိဿရသေ့ကြီး၏ တပည့် နာဂရသေ့သည်လည်း ဆံတော်ရခဲ့၍ ဒါယကာ ဥက္ကလာပမင်းကြီးအား ဆံတော်တစ်ဆူပေး၍ ပူဇော်စေသည်။

သက္ကရာဇ် (၁၁၈) ခုတွင် မယ်တော်မယ်လမုသည် သက်တော် (၇၅) နှစ်၌ ကံတော်ကုန်၍ ဥက္ကလာပ မင်းကြီးသည် မိမိ၏မိခင် သန္ဓေတည်ရာ လမုတော၌ မိမိရရှိသော ဆံတော်ကို ဌာပနာပြီး မယ်တော်ကို ပူဇော်သော အထိမ်းအမှတ် (လွမ်းစေတီ) ကို တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီ၌ ဥက္ကလာပမင်းကြီးက တိဿရသေ့ကြီးရုပ်တု၊ မိမိ၏ဖခင် သိကြားမင်းရုပ်တု၊ မိမိ၏ရုပ်တု၊ နာဂရသေ့ အထိမ်းအမှတ် နဂါးရုပ်ဘုရား ရုပ်တု၊ မယ်တော် မယ်လမုရုပ်တုတို့ကို ထုလုပ်ပြီး ဆံတော်နှင့်အတူ ဌာပနာ၍ ပူဇော်ထားခဲ့သည်။ ထိုစေတီကို ဥက္ကလာပမင်းကြီးက မယ်တော်ကျေးဇူး အထိမ်းအမှတ်စေတီဟူ၍ သတ်မှတ်ခေါ်ဝေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် မယ်တော်မယ်လမုစေတီဟူ၍ အမည်တွင်ခဲ့သည်။

ထို့နောက် မြန်မာသက္ကရာဇ် ၁၃၂၂ – ခုနှစ်တွင် ဒေါ်စောညွန့်ရီသည် မနောမယဆရာတော်၏ ဩဝါဒကို ခံယူပြီး ဘုရားတည်ဆောက်မှုကို စတင်ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။ နောက်ပိုင်းတွင် ရွှေဘုံသာလမ်းနေ ဦးတင်အောင် ဒေါ်ကြည်ကြည်တို့က ဒေါ်စောညွန့်ရီနှင့် ပူးပေါင်းပြီး ပန္နက်တော် (၄) ပေ အမြင့်နှင့် ပေ (၆၀) ပတ်လည် အုတ်မြစ်ချကာ အောက်ခြေပစ္စယံ (၁၁၄) ပေအထက်တွင် လမုသီးပုံသဏ္ဌာန် ပေါ်၌ လုံးပတ် (၉၉) ၊ ဉာဏ်တော်အမြင့် (၇၀)ပေ ဖြင့် မယ်လမုစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်။

ယနေ့မျက်မှောက်ခေတ်တွင် ဆုတောင်းပြည့်မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်ကြီးများ နှင့် ဂေါပကအဖွဲ့က မူလဉာဏ်တော် ပေ ၇၀ အမြင့် မှ ပေ ၉၀ အမြင့်အထိ ဉာဏ်တော်မြှင့်တင်ပြီး၊ အလှူဒါယကာ ဝဏ္ဏကျော်ထင် ဦးသိုက်ထွန်း (ဒုတိယဝန်ကြီး-ငြိမ်း) နှင့် ဒါယိကာမ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နွဲ့နွဲ့ကြည် မိသားစုတို့မှ ရွှေထီးတော်အသစ်ကို ၂၀၁၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ကပ်လှူပူဇော်ခဲ့ပါသည်။ ထို့နောက် ကြေးသင်္ကန်းကပ်လှူခြင်းနှင့်၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းကို ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့၊ ဆုတောင်းပြည့်မယ်လမု စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် အောင်မြင်စွာ ကပ်လှူပူဇော်နိုင်ခဲ့ပါသည်။

ယခုအခါ ဉာဏ်တော်အမြင့်ပေ (၉၀) ဖြင့် ရွှေရောင်ဝင်းကာ ကြည်ညိုသဒ္ဓါပွားဖွယ်ရာ ဆုတောင်းပြည့် မယ်လမုစေတီတော်မြတ်ကြီးအား ဖူးမြှော်နိုင်ပြီဖြစ်ပါသည်။

မယ်တော်မယ်လမုစေတီတော် ပထမအကြိမ် တည်ထားခြင်း

ဗုဒ္ဓဂေါတမသည် (၈) ဝါမြောက်အရောက် မဟာသက္ကရာဇ် (၁၁၁) ခုတွင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ထားချက် အရ သုဝဏ္ဏဘူမိသို့ ကြွတော်မူ၍ တရားဟောသည်။ ထိုအခါ ပါဒနိုင်ငံရှိ တောင်စဉ် တောင်တန်း သိင်္ဂုတ္တရအရံ တောင်စဉ်တောင်ဝှမ်းတို့မှ ရသေ့တို့သည် ဘုရားရှင်ထံသို့ ဈာန်တန်ခိုးဖြင့် ကြွရောက်ပြီး ဖူးမြော်တရားနာကြသည်။

မယ်လမု၏ဖခင် တိဿရသေ့ကြီး၏ တပည့် နာဂရသေ့သည်လည်း ဆံတော်ရခဲ့၍ ဒါယကာဥက္ကလာပမင်းကြီးအား ဆံတော်တစ်ဆူပေး၍ ပူဇော်စေသည်။

သက္ကရာဇ် (၁၁၈) ခုတွင် မယ်တော်မယ်လမုသည် သက်တော် (၇၅) နှစ်၌ ကံတော်ကုန်၍ ဥက္ကလာပမင်းကြီးသည် မိမိ၏မိခင် သန္ဓေတည်ရာ လမုတော၌ မိမိရရှိသော ဆံတော်ကိုဌာပနာပြီး မယ်တော်ကို ပူဇော်သော အထိမ်းအမှတ် (လွမ်းစေတီ) ကို တည်ထားကိုးကွယ်ခဲ့သည်။

ထိုစေတီ၌ ဥက္ကလာပမင်းကြီးက မယ်တော်ကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သော တိဿရသေ့ကြီးရုပ်တု၊ မိမိ၏ ဖခင် သိကြားမင်းရုပ်တု၊ မိမိ၏ရုပ်တု၊ နာဂရသေ့ အထိမ်းအမှတ် နဂါးရုပ်ဘုရားရုပ်တု၊ မယ်တော် မယ်လမုရုပ်တု တို့ကို ထုလုပ်ပြီး ဆံတော်နှင့်အတူ ဌာပနာ၍ ပူဇော်ထားခဲ့သည်။

ထိုစေတီကို ဥက္ကလာပမင်းကြီးက မယ်တော်ကျေးဇူး အထိမ်းအမှတ်စေတီ ဟူ၍ သတ်မှတ်ခေါ်ဝေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် မယ်တော်မယ်လမုစေတီ ဟူ၍ အမည်တွင်ခဲ့သည်။

ဒုတိယအကြိမ် မယ်လမုစေတီ တည်ထားခြင်း

၁၃၂၂ – ခုနှစ်တွင် ကြည့်မြင်တိုင်မြို့နယ်နေ၊ မြေကျေးရှင်း အမှုဆောင်အရာရှိ (စိုက်ပျိုးရေးဝန်) ဦးလှမြင့်၏ ဇနီး ဒေါ်စောညွန့်ရီသည် ထူးထူးခြားခြား အိမ်မက်ထဲ၌ တံတားကလေးရွာ မြို့ပတ်ရထားလမ်း အရှေ့ဘက်ကွင်းပြင်၌ သစ်ပင်တစ်ပင် အုပ်မိုးနေသော ဘုရားငုတ်တို တစ်ဆူကိုမြင်မက်သည်။ ပထမတော့ ရိုးရိုးအိပ်မက်ဟု ထင်ခဲ့သည်။ နောင် မကြာမကြာမက်နေသဖြင့် စိတ်ထဲတွင် သံသယဝင်ပြီး မိမိသည် ခရစ်ယာန်ကျောင်းထွက် သာမန် ဗုဒ္ဓ ဘာသာဝင်တစ်ဦး ဖြစ်ခဲ့သော်လည်း ထိုအိပ်မက်မှာ မကြာခဏ မက်လာမှုကို အကြောင်းပြုပြီး မိမိ၏ ခင်ပွန်းကို ပြောပြကာ အိပ်မက်၌ မြင်မက်ခဲ့သော ထိုနေရာသို့ မြို့ပတ်ရထားစီးပြီး လာကြည့်မိသည်။

အိပ်မက်ထဲ မြင်မက်သည့်အတိုင်း ဘုရားငုတ်တိုနှင့် နဘဲပင်ကို တွေ့မြင်ရပြီး အလွန်အံ့အားသင့်ခဲ့သည်။ လင်မယား နှစ်ယောက် ဆီမီးပူဇော်ရာ ထူးခြားသော အိမ်မြှောင်စုတ်ထိုးသံကို ကြားရသည်။ ဒေါ်စောညွန့်ရီ၏ မောင်က ဘုရားငုတ်တိုပေါ် တက်ကြည့်ရာ ရတနာကြုတ်ကလေးတစ်ခု တွေ့ရှိရပြီး ထိုကြုတ်ကို ဖွင့်ကြည့်ရာ အမျိုးသမီး ရုပ်တုပုံကို တွေ့ရသည်။ ထိုရုပ်တုပုံကိုနောင်တွင် ပညာရှင်များနှင့် တိုင်ပင်နှီးနှောကြည့်ရာ ရွှေတိဂုံဘုရား တန်ဆောင်းရှိ မယ်လမုရုပ်တု ပုံသဏ္ဌာန်နှင့် ထပ်တူထပ်မျှတူနေသဖြင့် မယ်တော်မယ်လမုရုပ်တု ဟူ၍လည်း သတ်မှတ်ယုံကြည်ခဲ့ကြသည်။

ထို့နောက် ဒေါ်စောညွန့်ရီသည် အိပ်မက်ပေးသော အတိတ်ဘဝ ညီမ တော်ခဲ့သော ဥစ္စာစောင့်မ၏ အကူအညီနှင့် ဘုရားနှင့် နတ်တို့ထံ အဓိဌာန်ဝင်ခဲ့ပြီး နိုင်ငံတော်သို့ မြေဂရန် လျှောက်ထားခဲ့သည်။ သာသနာရေးဝန်ကြီးဌာန သို့လည်း ဘုရားစေတီ ပြုပြင်ခွင့် လျှောက်ထားခဲ့သည်။ ဒေါ်စောညွန့်ရီသည် မြေဂရန်နှင့် စေတီပြုပြင်ခွင့်ရသောအခါ မနောမယဆရာတော်၏ ဩဝါဒကိုခံယူပြီး ဘုရား တည်ဆောက်မှုကို စတင်ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ရွှေဘုံသာလမ်းနေ ဦးတင်အောင်+ဒေါ်ကြည်ကြည်တို့က ဒေါ်စောညွန့်ရီနှင့် ပူးပေါင်းပြီး ဖိနပ်တော် (၄) ပေ အမြင့်၊ ပေ (၆၀) ပတ်လည် အုတ်မြစ်ချကာ မယ်လမုစေတီကို တည်ထားခဲ့သည်။

မယ်လမုစေတီဟု ဘွဲ့သညာရရှိပုံ

ဒေါ်စောညွန့်ရီသည် အဖော်များနှင့် ၁၉၆၀- ခုနှစ်၊ မြန်မာ သက္ကရာဇ် ၁၃၂၂- ခုနှစ် ၊ နယုန်လဆန်း (၈) ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂နာရီခွဲ အချိန်တွင် ဘုရားငုတ်တိုအား တစ်ကြိမ်လာရောက်ဖူးမြော်ပြန်သည်။ ယခင်ကလည်း နှစ်ကြိမ်မျှဖူးမြော်ခဲ့ဘူးသည်။ ဘုရားဝတ်ပြုနေစဉ် မောင်ဖြစ်သူက စေတီတော်ပေါ်တက်၍ ကြည့်ရှုရာမှ မမျှော်လင့်ဘဲ မှန်စီထားသော ကြုတ်ကလေးတစ်ခုကိုရရှိသည်။ ကြုတ်အတွင်း၌ထုလုပ်ထားသော မိန်းမပုံတစ်ခု ကို တွေ့သည်။

ထိုစဉ်က ရှေးဟောင်းသုတေသနဌာန ပင်စင်အငြိမ်းစား ဦးလူဖေဝင်း ထံသို့လည်းကောင်း၊ ရှေးဟောင်း သုတေသန ရုံး ညွှန်ကြားရေးဝန် ဦးဖိုးလတ် ထံသို့လည်းကောင်း သွားရောက်၍ ပြသမေးမြန်း စုံစမ်းခဲ့ကြရာဝယ် ယင်းကြုတ် ကလေး၏ လက်ရာအနေအထားမှန် ပုံသဏ္ဌာန် များကိုပါ ကြည့်ရှု၍ ရှေးနှစ်ပေါင်း ၄၀၀ ကျော်၊ ၅၀၀ ခန့်က ပစ္စည်း တစ်ခုဖြစ်မည်ဟု ထင်ကြောင်း ပုံမှာ မိန်းမပုံဟု ထင်ရကြောင်းများကို ပြောဆိုကြပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပိုမိုတိကျမှန်ကန်စေရန် ရှေးဟောင်းစေတီ သမိုင်းများ စုံစုံလင်လင်ရှိတတ်သော ရွှေတိဂုံဘုရားရှိစာအုပ်ဆိုင်များသို့ သွားရောက်၍ မွှေနှောက်ရှာဖွေပြန်ပါသည်။ စာအုပ်ဆိုင်တစ်ဆိုင်တွင် မိမိတို့ ဤကြုတ်နှင့် ရုပ်ထုပုံရရှိခဲ့ပုံအကြောင်း ပြောပြမေးမြန်းရာ ဆိုင်ရှင်က ဤသိုဆိုလျှင် ဥက္ကလာပမြို့ဟုဆိုပါက ယခုရွှေတိဂုံစေတီတော်ကြီးကို ရှေးယခင်က တည်ထားခဲ့ကြသည်ဟု သမိုင်းစာများအရ အဆိုရှိခဲ့သော ဥက္ကလာပမင်းကြီး၏ အထောက်အထားတစ်ခုတော့ရှိကြောင်း၊ ဘုရားကြီး၏အလယ်ပစ္စယံတွင် သိကြားမင်း၏ ပုံတော်အောက်၌ ရှိနေသော မယ်တော်မယ်လမု၏ပုံကို သွားရောက် လေ့လာကြည့်သင့်ကြောင်း လမ်းညွန်၍ သွားရောက်ကြည့်ရှုကြရာ ယခုကြုတ်အတွင်းမှ ရရှိသောပုံတော်နှင့် လက်အနေအထား အနည်းငယ်ကွဲသည် မှတစ်ပါး ဦးခေါင်း၊ ဆံထုံး၊ ထိုင်နေဟန်တို့မှာ တထေရာတည်းတူနေကြောင်း တွေ့ရှိရပါသည်။

အကြောင်းသော် နှစ်ပေါင်း ၄၀၀၀ ကျော်ကို ပြန်လည်ကြည့်ရှုပါလျှင် မြတ်စွာဘုရား၏ သာသနာတော်သည် မယ်တော်ဘုရင်မကြီး ရှင်စောပုနှင့် သားတော် ဓမ္မစေတီမင်းကြီးတို့လက်ထက်တော်တွင် အလွန်ပင် ပွင့်လင်း ထွန်းကားခဲ့ဖူးကြောင်းကို ရာဇဝင်အစောင်စောင်တို့တွင် တွေ့မြင်ဖတ်ရှုကြရပေရာ ထိုဘုရားငုတ်တိုမှာ ရှေးဟောင်းစေတီတစ်ဆူ ဖြစ်နိင်သည်ဟု ယူဆနိုင်ပေသည်။

ဤအထောက်အထားများကို ‌ထောက်ရှု၍ ဘွဲ့အမည်တော်မရှိဘဲ ဘုရားငုတ်တိုဟု ခေါ်ဝေါ်သမုတ်နေကြသည့် အစား အများအမြင်တွင် မမှားနိုင်သော ဘွဲ့မည်တော်သမုတ်ရာ၌ ပထမ မယ်လမုစေတီ၊ နောက်မှထပ်ဆင့် ညှိနှိုင်းကြကာ “ဆုတောင်းပြည့်မယ်လမုစေတီတော်” ဟူ၍ ဘွဲ့မည်တော်ကို သမုတ်လိုက်ကြရပါသည်။

တည်နေရာပြ အညွှန်း

ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်တွင်တည်ရှိပြီး အရှေ့ဘက်လားသော် ငမိုးရိပ်ချောင်း၊ အနောက်ဘက်လားသော် သုဓမ္မာလမ်းမကြီး၊ တောင်ဘက်လားသော် အာသာဝတီလမ်းမကြီး၊ မြောက်ဘက်လားသော် ငမိုးရိပ်ချောင်းလက်တက်တို့ ရှိပါသည်။