နှစ်စဉ်မပျက်ကျင်းပသောပွဲတော်များ
မဟာဝိဇယစေတီတော်ကြီးတွင် နှစ်စဉ်မပျက်ကျင်းပသောပွဲတော်များ

မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့ အဆက်ဆက်သည် အောက်ဖော်ပြပါ ပွဲတော်များကို နှစ်စဉ် မပျက်ပြုလုပ်ကျင်းပသည် –


အစဉ်အလာအားဖြင့် ရောင်ခြည်တစ်ထောင်အလင်းဆောင်သော ဘာနုရာဇာနေမင်း သည် အရှေ့အရပ်မှ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိမိ၏ရောင်ခြည်ဖြင့် ဤကမ္ဘာမြေ ရှိစေတီပုထိုးကိုးကွယ်ရာတို့အား ပူဇော်ပြီးမှ နေရထားကို အနောက်ဂေါယာကျွန်းဆီသို့ ဦးမောင်းနှင်စမြဲဖြစ်၏။ နေမင်းကြီးသည် စေတီတော်များအားအလွယ်တကူ ဖူးမြော်နိုင်သော်င လိုဏ်ဂူဘုရား၊ လိုဏ်ဂူတွင်းရှိ စေတီတော်များအား တိုက်ရိုက်ဝပ်တွားပူဇော်ရန် အခက်အခဲရှိမည် စိုး၍ ပုဂံခေတ်မှစ၍ လိုဏ်ဂူဘုရားများအတွင်းသို့ နေရောင်ခြည် ဝင်ရောက်ပူဇော်နိုင်ရန် ရှေးမြန်မာများသည် အစီအမံများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ မဟာဝိဇယစေတီတော်မြတ်သည် လိုဏ်ဘုရားဖြစ်သောကြောင့် နေမင်းကြီး၏ ရောင်ခြည်တော်များ အတွင်းသို့ဖူးမြော်ခွင့်ရစေရန် ဗိသုကာပညာရှင်တို့သည် မဟာဝိဇယ စေတီတော်ကြီးတည်ထားစဉ်ကပင် စီမံဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်မှုကြောင့် မြန်မာနှစ်သစ်နေ့ဖြစ်သော နှစ်ဆန်း(၁)ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ် အချိန်တွင် နေရောင်ခြည်များသည်ပထမအကြိမ် အရှေ့ဘက်မှဝင်ရောက်လာပြီး မဟာဝိဇယစေတီတော်၏ အပရာဇိတပလ္လင်တော်ထိပ်ပိုင်း အရှေ့ဘက်မုခ်ပေါက်ငယ်တွင် သီတင်းသုံးစံပယ်နေတော်မူသော ဓမ္မပဏ္ဏာတော်နာဂစီဝရပဋပဋိမာဗုဒ္ဓဆင်းတုတော်မြတ်အား မိမိတွင်ရှိသမျှသော တစ်ထောင် သောရောင်ခြည် တို့ဖြင့် နေမင်းကြီးက ဦးညွှတ်ဝတ်တွားပူဇော်၏။ အလားတူပင် နှစ်ဆန်း တစ်ရက်နေ့ မွန်းလွဲ ၃နာရီ ၂၅မိနစ် တွင် နေမင်းကြီးသည် ဒုတိယအကြိမ်မဟာဝိဇယ စေတီတော်ကြီး၏ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်ကာ အပရာဇိတပလ္လင်တော်ထိပ်ပိုင်း အနောက် ဘက်မုခ်ပေါက်ငယ်တွင်သီတင်းသုံးစံပယ်နေတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ဦးခိုက်ပူဇော် သည်။ နေမင်းကြီးက မဟာဝိဇယစေတီတော်ကြီး၏ ဓမ္မပဏ္ဏာ ဗုဒ္ဓဆင်းတုတော်နှင့် ဌာပနာ တော်များအား ဦးခိုက်ပူဇော်ချိန်တွင် ဆုယူဆုတောင်းပြုပါက ဆုတောင်းပြည့်သဖြင့် အများ ပြည်သူတို့သည် ဘာနုရာဇာနေမင်း ကြီး မြတ်စွာဘုရားအား မိမိ၏နေရောင်ခြည်ဖြင့် ပူဇော် ဦးခိုက်သည်ကို လာရောက်ကြည်ညိုကြသည်မှာ ရင်ပြင်တော်တစ်ခုလုံးတွင် တစ်နေကုန် ကြိတ်ကြိတ်တိုးစည်ကားလှသည်။










မဟာဝိဇယစေတီတော်ကြီး၏ပရိဝုဏ်အတွင်းရှိ စေတီတော်ကြီး၏ အရှေ့တောင် အရပ်တွင် သီရိလင်္ကာနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဒက္ခိဏမဟာသာခါ ဗောဓိပင်ကြီး၏ မျိုးစေ့မှပြုစုပျိုးထောင်ပြီး ပေးပို့လှူဒါန်းသော မဟာဗောဓိပင်ကို စိုက်ပျိုးထားရာ ယင်းဗောဓိပင် အား နှစ်စဉ်ကဆုန်လပြည့်နေ့အခါ သမယတွင် အခမ်းအနားဖြင့် ရေသွန်းလောင်းမှုမင်္ဂလာ ပြုလုပ်သည်။
သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်ဘုရားသည် ဗောဓိညောင်ပင်၏အောက်တွင် ဗုဒ္ဓဘုရား အဖြစ်သို့ ရောက်ရှိသည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ဗောဓိညောင်ပင် အလေးအမြတ်ထားကြသည်။ ထို့ကြောင့် နွေရာသီရောက်၍ ရေခန်းခြောက်ချိန်ဖြစ်သော ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အားရေသွန်းလောင်းသည့်မင်္ဂလာကို ကျင်းပကြသည်။မြတ်စွာဘုရားအလောင်းလျာအား ကဆုန်လာသ သောကြာနေ့တွင် ဖွားမြင်တော်မူသောကြောင့် ကဆုန်လကို မြတ်စွာဘုရားဖွားမြင်တော်မူသော လအဖြစ် အလေးအမြတ်ထားကြသည်။
မြတ်စွာဘုရားအလောင်းအလျာသည် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သဗ္ဗညုတဘုရားဖြစ်တော် မူသောကြောင့်လည်းကောင်း၊ ဗုဒ္ဓမြတ်စွာဘုရားသည် ကဆုန်လပြည့်အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံဝင်တော်မူသောကြောင့်လည်းကောင်း၊ ကဆုန်လသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အရေးကြီးသော အထွတ်အမြတ်လဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် ကဆုန်လပြည့်နေ့တွင် မဟာဝိဇယစေတီတော် ပရိဝုဏ်အင်္ဂါထောင့်ရှိ မဟာ ဗောဓိပင်၌ ညောင်ရေသွန်းပွဲတော်ကို ဒေဝါဝင်းခင်း၍ကျင်းပသည်။
မဟာဝိဇယစေတီတော်မြတ်ကြီး၏ ကဆုန်ညောင်ရေသွန်းပွဲတော်သို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ အစိုးရဌာနဆိုင်ရာအကြီးအကဲ များ၊ သာသနာရေး ဆိုင်ရာ ပုဂ္ဂိုလ်များ၊ မြို့နယ်အသင်းနှင့်ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်၍ညောင် ရေသွန်းလောင်းကြသည်။




မဟာဝိဇယစေတီတော်ကြီးအား ဝါတွင်းသုံးလကာလပတ်လုံး နေ့စဉ်ဝတ်အသင်းများက အလှည့်ကျ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ဝါတွင်းကာလ ဝတ်ရွတ်ပူဇော်ပွဲပထမနေ့ဖြစ်သော ဝါဆိုလပြည့်နေ့တွင် ဂေါပကအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းကပ်လှူပွဲကို တစ်ပါတည်းကျင်းပသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက် ဘာသာရေးနေ့ထူး နေ့မြတ်ကြီးဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့ညတွင် မြတ်စွာဘုရားသခင် တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည် သို့ ကြွမြန်းဆင်းသက်တော်မူလာသည်ကို ရည်မှန်း၍ ဗုဒ္ဓမြတ်စွာ ဘုရားအား ဆီမီးများထွန်းညှိပူဇော်ကာ မြင်းမိုရ်ပွဲတော်ကို ဆင်ယင်ကျင်းပကြသည်။ သီတင်းကျွတ်လပြည့်နေ့ကို တစ်နည်းအားဖြင့် ဘုရားဆုပန်နေ့ဟုလည်းခေါ်သည်။ မြတ်စွာဘုရား တာဝတိံသာမှ ပတ္တမြားစောင်းတန်းက ကြွမြန်းဆင်းသက်တော်မူလာသောအခါ ဘေးနှစ်ဘက်ကရွှေ စောင်းတန်း၊ ငွေစောင်းတန်းတို့တွင် နတ်၊ ဗြဟ္မာတို့ခြံရံလျက် လိုက်ပါ လာသော ဗုဒ္ဓဘုရားရှင်၏ သပ္ပာယ်တော်မူသော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်းရှိ ပရိသတ်သည် မည်သူမျှ ဘုရားဆုမပန်ဘဲ မနေနိုင်ကြသောကြောင့် ထိုနေ့ကို ဘုရားဆုပန်သောနေ့ဟုလည်း ဆိုကြသည်။ ထိုနေ့တွင် မြန်မာတစ်နိုင်ငံလုံး၌ မြတ်စွာဘုရား အားရည်စူး၍ ဆီမီးပူဇော်ကြသည့်နည်းတူ မဟာဝိဇယစေတီတော်ကြီး၏ ရင်ပြင်တော်တွင်လည်းသီတင်းကျွတ်လဆန်း ၁၄ရက်မှ လပြည့်ကျော် ၁ရက်နေ့အထိ ၃ညတိုင်တိုင် ဆီမီး ငါးထောင် ပူဇော်ပွဲကို ကျင်းပသည်။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ နံနက်တွင် စေတီတော်ကြီးအား သစ်သီးမျိုးစုံ၊ မုန့်မျိုးစုံ၊ ပန်းမျိုးစုံတို့ဖြင့် ဆွမ်းတော်ကြီး ကပ်လှူပွဲကိုပါ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ ဝတ်အသင်းများကလည်း ဝါကျွတ် ဆွမ်းတော်ကြီးကပ်လှူပွဲ ၃ရက်တွင် နံနက်၆နာရီမှ ညနေ၆နာရီအချိန်အတွင်း ပရိတ် တရားတော်များကိုအလှည့်ကျ လာရောက်ရွတ်ဖတ်ကြသည်။

မဟာဝိဇယစေတီတော်ကြီးကို တည်ဆောက်ပြီးစီး၍၁၃၄၇-ခုနှစ် တပို့တွဲလပြည့်နေ့မှ လပြည့်ကျော် ၈ရက်နေ့အထိ၊ ထီးတော်တင်ပွဲ၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်ပွဲ၊ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲများကျင်းပပြီးသည့်နောက် မဟာဝိဇယစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ရွှေတိဂုံစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးနှင့် တစ်ဆက်တည်းဖြစ်စေရန်နှစ်စဉ် တပို့တွဲလဆန်း ၁၄ ရက်မှ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့အထိ ၃ ရက်တိုင် စေတီတော်ပရိဝုဏ်အတွင်း၌ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ အစီအစဉ်များ ပြည့်စုံစွာ ပါဝင်အောင် စီစဉ်ကျင်းပ ပူဇော်သည်။ စေတီတော်ကြီးကို တပို့တွဲလပြည့်နေ့ နံနက်တွင် ဆွမ်းတော်ကြီးနှင့် ပန်းမျိုးစုံကပ်လှူ ပူဇော်သည်။ တပို့တွဲလဆန်း ၁၄ ရက်နေ့၊ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့ ညများတွင် ညနေ ၆နာရီမှစ၍ စေတီတော်ကြီးကို ညစဉ်ဆီမီးငါးထောင် ထွန်းညှိပူဇော်သည်။ ထိုနေ့တွင် နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီး များနှင့် သြဝါဒါစရိယဆရာတော်များကြွရောက်၍စေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်၍ပူဇော်သည်။ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် သြဝါဒါစရိယ ဆရာတော်များကို ဂေါပကအဖွဲ့ကဆွမ်းကပ်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ပူဇော်ပြီး တရားနာရေစက်ချသည်။
မဟာဝိဇယစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလတွင် မြန်မာ့ရိုးရာယဉ်ကျေးမှူ အစဉ်အလာနှင့်အညီ ထမနဲထိုးပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပသည်။ ထမနဲထိုးပြိုင်ပွဲသို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကိုယ်စားပြုဘာသာရေးအသင်းအဖွဲ့များ၊ မော်တော်ယဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်း)လက်အောက်ရှိ မော်တော်ယာဉ်လိုင်း အသီးသီးမှအဖွဲ့များနှင့် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေးအဖွဲ့တို့က ပါဝင်၍ ထမနဲယှဉ်ပြိုင်ထိုးကြသည်။ စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို မဟာဝိဇယစေတီတော်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖွဲ့ဝင်များ ကြွရောက်ဖွင့်လှစ်အားပေးသည်။