မဟာ=ကြီးမားသော၊ ဝိဇယ=ထူးကဲစွာအောင်မြင်ခြင်း ဟူသည့် အနက်အဓိပ္ပာယ်ကိုဆောင်သော မဟာဝိဇယစေတီတော်ကို မြန်မာနိုင်ငံတော်သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်းနှင့် ဂိုဏ်းပေါင်းစုံသံဃာတော်များညီညွတ်မှု အထိန်းအမှတ် အဖြစ်ဖြင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် ဓမ္မရက္ခိတကုန်းမြေတွင် ရဟန်းရှင် လူအများကြည်ညို သဒ္ဓါပွားကိုးကွယ်ပူဇော်နိုင်ရန် တည်ထားခြင်းဖြစ်သည်။ မဟာဝိဇယစေတီတော်မြတ်ကြီးကို မြတ်ဗုဒ္ဓသာသနာတော် ၂၅၂၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (၂၇-၇-၁၉၈ဝ) တနင်္ဂနွေနေ့ နံနက် ၉ နာရီအချိန်၌ ပရိကမ္မမင်္ဂလာ၊ ည ၁၁ နာရီအချိန်၌ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားများကိုကျင်းပသည်။ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ သီတင်းကျွတ်လပြည့် ၊ ( ၂၄-၁၀-၁၉၈၀ ) သောကြာနေ့တွင်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ မဟာပရိတ်တော် ဥပသိကာအဖွဲ့နှင့် ဝတ်အသင်းအဖွဲ့တို့က ပရိတ်တရားတော်များ၊ ပိဋကသုံးပုံဒေသနာတော်များ ရွတ်ဖတ်ပူဇော်လျက် အရပ်ရှစ်မျက်နှာ ၈ နေရာ၌ ရတနာအုတ်ချပ် ၃ ချပ်စီ၊ အုတ်မြစ်ချစီပြီး၊ လုမ္ဗိနီအောင်မြေကို စေတိယဘူမိ အလယ်ဗဟို၌ ဌာပနာကာ အုတ်မြစ်ချတည်ဆောက်ထားသည်။ မြတ်ဗုဒ္ဓသာသနာတော် ၂၅၂၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၇ ခုနှစ်၊ တပို့တွဲလပြည့် (၂၄-၂-၁၉၈၆) တနင်္လာနေ့ (ပထမနေ့) မင်္ဂလာအခါတော်နရီဖြစ် သည့် ၁၃ နာရီ ၂၃ မိနစ် ၃၇ စက္ကန့်အချိန်တွင် ထီးတော်ပထမဘုံတင်ပြီးသည်။ ကောဇာသက္ကရာဇ် ၁၃၄၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ သောကြာနေ့ (ပဉ္စမနေ့) အထိ ဘုံ ၁၁ ဆင့်ရှိ ထီးတော်ကို ၅ ရက်ဆက်၍ တင်လှူပြီးနောက်၊ ဆပ်သွားဖူးတော်နှင့် စိန်ပွင့်များကို (ဆဋ္ဌမနေ့)၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်ကို (သတ္တမနေ့) တို့တွင်တင်လှူပြီး၊ (အဋ္ဌမနေ့)တွင် ရွှေကြာသင်္ကန်း ကပ်လှူသည်။ မြတ်ဗုဒ္ဓသာသနာတော် ၂၅၂၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၇ ခုနှစ် တပို့တွဲလပြည့်ကျော် (၈) ရက်၊ (၄-၃-၁၉၈၆) တနင်္လာနေ့ (နဝမနေ့) နံနက် ၅ နာရီ အချိန်တွင် ဩဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်များက အနေဂဇာတင် ဗုဒ္ဓဘိသေက မင်္ဂလာကျင်းပပြီး၊ အလှူရေစက်ချ မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။ ဤသို့ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်ပွဲ၊ ရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် အနေဂဇာတင်ပွဲတို့ကို ကိုးရက် ကိုးလီ ကြီးကျယ်ခမ်းနားသိုက်မြိုက် အောင်မြင်စွာ ကျင်းပခဲ့သော မဟာဝိဇယစေတီတော်မြတ်ကြီး၏ ဂန္ဓကုဋီတိုက်အတွင်း အချင်း ၆ဝ ပေ၊ အမြင့် ၄၆ ပေ ရှိသည့် အာရုံခံလိုဏ်ဂူအလယ်ဗဟို စကျင်ကျောက်ဖြူ၊ အပရာဇိတ ပလ္လင်တော်ပေါ်၌ နီပေါနိုင်ငံဘုရင် ဗီရေန္ဒြဗီရဝိကရရှဟ်ဒေဝနှင့် မိဖုရားကြီး ဣဿရယလက္ချမိ ဒေဝီရှဟ်တို့၏ ဓမ္မလက်ဆောင်ပဏ္ဏာတော် နာဂစီဝရာပဋ္ဋပဋိမာဆင်းတုတော်နှင့် ပဉ္စဓါတုဝါဟန စေတီတော်တို့သည် ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ ရှစ်မြောင့်ပုံ အပရာဇိတပလ္လင်တော် ဘေးပတ်လည်တွင် အရပ်ရှစ်မျက်နှာအလိုက် စကျင် ကျောက်ဖြူပလ္လင်တော် ရှစ်ခန်းနှင့် မုဒြာကွဲပြားသော ရုပ်ပွားတော်ရှစ်ဆူတို့ကို ၄၅ တန် စကျင်ကျောက်တုံးကြီး ၁ တုံးကိုပင် ထွင်းဖောက်ထုလုပ်လျက်၊ အများပြည်သူရှင်လူရဟန်း ကြည်ညိုသဒ္ဓါပွား ပူဇော်ကိုးကွယ်ရန် တည်ထားပါသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

တည်နေရာပြ အညွှန်း

မဟာဝိဇယစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ရှိသော စေတီတစ်ဆူ ဖြစ်သည်။ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုဒ်အနီး တည်ရှိသည်။