စေတီတော် အင်္ဂါရပ်များ



စိန်ဖူးတော်/ ဆပ်သွားဖူး/ ငှက်မြတ်နားတော်
ဆပ်သွားဖူးမှာ အမြှောင့်ပါရှိပါသည်။ အမြှောင့်မပါလျှင် ငှက်ပျောဖူးဟု ခေါ်ပါသည်။ ဆပ်သွားဖူးအပေါ် တွင် စိန်ပွင့်ရှိပါသည်။ စိန်ပွင့်အထက်တွင် ငှက်မြတ်နားနှင့် စိန်ဖူးရှိပါသည်။ အမြင့်အားဖြင့် ၄ ပေ ၆ လက်မ ရှိပါသည်။ အစိတ်အပိုင်း အုပ်စုအားဖြင့် ထီးအုပ်စု၌ ပါဝင်ပါသည်။ ထီးတော်မှ စိန်ဖူးအထိ စုစုပေါင်း အမြင့်ပေ ၂၂ ပေရှိပါသည်။

ဆည်းလည်းညောင်ရွက်
ထီးတော်၌ အရပ်ရှစ်မျက်နှာကို ဖော်ပြရန် ဆည်းလည်းညောင်ရွက် ရှစ်ခုကိုတပ်ဆင် ထားပါသည်။ ဆည်းလည်းသံကို မြန်မာဂီတသံစဉ် ၇ သံနှင့် နောက်ဆုံးမတ်သံတစ်သံ ဖြည့်စွက်ကာ စုစုပေါင်း အသံရှစ်မျိုးထွက်စေရန် စီစဉ်ထားပါသည်။

ထီးတော်
ထီးတော်မှာ ဘုံ ၁၁ ဆင့်ရှိသော ချည်ဝင်ပုံ ထီးတော်ဖြစ်ပါသည်။ ချည်ဝင်ပုံထီးမှာ မြန်မာဘုရင်မင်းမြတ် တို့တည်ထားသော စေတီတော်များ၌ တင်လေ့ရှိသည့် ထီးအမျိုးအစားဖြစ်ပါသည်။ အမြင့်အားဖြင့် (၁၇)ပေ (၆)လက်မ ရှိပါသည်။

ကြာမှောက်ကြာလန်
ဖောင်းရစ်အထက်တွင် အစဉ်အတိုင်း ကြာမှောက်၊ ရွဲ၊ ကြာနု၊ ကြာလန်၊ ကြာရင့် ဟူ၍ အစိတ်အပိုင်းငယ် ငါးခုရှိပါသည်။ ယင်းငါးခုကိုပေါင်း၍ ကြာမှောက် ကြာလန်ဟု ခေါ်ပါသည်။ အမြင့်အားဖြင့် ၁၁ ပေ ၈ လက်မရှိပါသည်။

ချရားသီး
ချရားသီးမှာ နောက်ဆုံး ကြာနုအထက်၌ရှိပြီး အမြင့်အားဖြင့် ၁ဝ ပေ ၄ လက်မရှိပါသည်။ ချယားသီးသည် အစိတ်အပိုင်းအုပ်စုအားဖြင့် ဖောင်းရစ်အုပ်စု၌ ပါဝင်ပြီး ဖောင်းရစ်မှ ချယားသီးအထိ စုစုပေါင်း ၄၅ ပေ ရှိပါသည်။

ဖောင်းရစ်
ဖောင်းရစ်မှာ သပိတ်မှောက်အထက်တွင်ရှိပါသည်။ ဖောင်းရစ်ကို ၉ ရစ်ခွေ၍ စုစုပေါင်း အမြင့်မှာ ၂၃ ပေ ဖြစ်ပါသည်။

ခေါင်းလောင်းပုံ
အချင်း ၆၈ ပေ၊ အမြင့် ၁၉ ပေ ၆ လက်မရှိသော ခေါင်းလောင်းပုံကို တည်ဆောက်ပြီး ခေါင်းလောင်းပုံ၏ အထက်၌ ၅ ပေ မြင့်သောရင်ဖွဲ့တော်ရှိပါသည်။

ပန်းတင်ခုံ
ပန်းတင်ခုံမှာ အမြင့် ၆ ပေရှိ အဋ္ဌဂံ ပုံစံဖြစ်ပါသည်။ ပန်းတင်ခုံ၏ ထောင့် ၈ ထောင့်တွင် အင်္ဂါနံဂြိုဟ်သက် ၈ နှစ်ကို အကြောင်းပြု၍ ထောင့်တစ်ထောင့်လျှင် ခြင်္သေ့ တစ်ရုပ်ကျစီဖြင့် စုစုပေါင်း ခြင်္သေ့ ၈ ရုပ်ကို ခြံရံထားပါသည်။
ပစ္စယံ
ပစ္စယံသည် အဆင့်ပေါင်း ၃ ဆင့်ရှိ၍ အမြင့်အားဖြင့် ပထမပစ္စယာ ၁ဝ ပေ ၇ လက်မ၊ ဒုတိယပစ္စယာသည် ၈ ပေ ၉ လက်မ၊ တတိယပစ္စယာသည် ၈ ပေ ၂ လက်မ ဖြစ်ပါသည်။ ပစ္စယာ ၃ ဆင့်ကို ပန်းတင်ခုံပေါ်၌ထားရှိပါ သည်။ ပစ္စယာတစ်ဆင့်စီ၏ ထောင့်၈ ထောင့်တွင် စေတီရံတစ်ဆူစီ တည်ထားကာ ပစ္စယာ ၃ ဆင့်အတွက် စေတီရံ စုစုပေါင်း ၂၄ ဆူ ရှိပါသည်။ စေတီရံ ၂၄ ဆူသည် ပဋ္ဌာန်း ၂၄ ပစ္စည်းကို ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ပစ္စယာ ၃ ဆင့်၏ အထက်၌ ၅ ပေ ၆ လက်မမြင့်သော ရှစ်မြှောင့်ခုံနှင့် ယင်း၏အထက်တွင် ၄ ပေ ၆ လက်မမြင့်သော ကြေးဝန်းခွေကို တည်ထားပါသည်။

ရင်ပြင်တော်
စေတီတော်ကြီး၏ ရင်ပြင်တော်မှာ အနားလေးဘက်ညီစတုရန်းပုံသဏ္ဌာန်ဖြစ်၍ အနားတစ်ဘက်လျှင် ၂၉၇ ပေ ရှိသည်။ ရင်ပြင်တော်ကို အမြင့် ၄ ပေ ၆လက်မရှိ မဟာရံ တံတိုင်းတို့ဖြင့် အခိုင်အမာကာရံထားကာ တံတိုင်းတွင် စိန်တောင်များတပ်ဆင်ထားသည်။ ရင်ပြင်တော်အတွင်းသို့ဝင်ရန် အရှေ့၊ တောင်၊ အနောက်နှင့် မြောက်အရပ် လေးမျက်နှာတွင် အဝင်မုခ်ဦးပြာသာဒ်တစ်ဆောင်စီတည်ဆောက်ထားပါသည်။ ရင်ပြင်တော်၏ ထောင့် ၄ ထောင့် တွင်လည်း တစ်ထောင့်လျှင် ပြာသာဒ်တစ်ဆောင်နှင့် တံခွန်တိုင်တစ်ခုစီတည်ဆောက်ထားသည်။ မုခ်ဦးပြာသာဒ် ၄ ဆောင်နှင့် ထောင့်ပြာသာဒ် ၄ ဆောင်တို့တွင် ဘုရားဖူးပြည်သူများ စိတ်ချမ်းသာစွာ အနားယူနိုင်ကြသည်။ ရင်ပြင်တော်အပြည့် နေပူခံစကျင်ကျောက်ပြားများ ခင်းကျင်းထားသည်။ အရှေ့မြောက်ထောင့်ပြာသာဒ်တွင် ကြေးခေါင်းလောင်းကြီး တစ်လုံးနှင့် အနောက်တောင်ထောင့် ပြာသာဒ်တွင် ထိုးစည်ကြီးတစ်ခုရှိသည်။ ထို့ပြင် ရင်ပြင်တော် အတွင်းတွင် ကြေးခေါင်းလောင်းအလတ် ၅ လုံးရှိသည်။ အနောက်မြောက်ထောင့် ပြာသာဒ်တွင် ခြေတော်ရာပါဒစေတီတော်နှင့် မတ်ရပ်တော် ရုပ်ပွားတော်ရှိသည်။