စေတီတော်တည်ရှိရာမြို့နယ်သမိုင်း

  မဟာဝိဇယစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ရှိသော စေတီတစ်ဆူ ဖြစ်သည်။ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ်အနီး တည်ရှိသည်။ ဒဂုံမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့လယ်နှင့်ကပ်လျက် မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၅)ခုရှိသည်။ ရန်ကုန်မြို့တွင် အထင်ရှားဆုံးနေရာများဖြစ်သော ရွှေတိဂုံစေတီတော်၊ မဟာဝိဇယစေတီတော်၊ အမျိုးသားပြတိုက်၊ အမျိုးသားပြဇာတ်ရုံနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ သည် ဒဂုံမြို့နယ်တွင် တည်ရှိသည်။ ဒဂုံဆိုသည်မှာ ရွှေတိဂုံစေတီတော်အနီးရှိ မွန်ငါးဖမ်းရွာလေးဖြစ်ပြီး မွန်ဘာသာဖြင့် လဂုင်ဟု အမည်တွင်ခဲ့သည်။ သမိုင်းကြောင်းအရ ဤရွာလေးသည် ရန်ကုန်မြစ်တလျှောက်တွင် တည်ရှိသော စီးပွားရေးအရ အချက်အချာကျသော သန်လျင်မြို့၏ အစွန်အဖျားတွင်သာ ရှိခဲ့သည်။ သို့သော်လည်း ဒဂုံရွာလေးသည် ရွှေတိဂုံစေတီတော်ကြောင့် ယဉ်ကျေးမှုအရ ထင်ရှားကျော်ကြားခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားသည် ဒဂုံရွာကို သိမ်းပိုက်၍ ရန်အပေါင်းကို ကုန်စင်သော အထိမ်းအမှတ်အဖြစ် ရန်ကုန်ဟု သမုတ်ခဲ့သည်။ ထို့နောက် အခြားသော အလုံ၊ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် ဗိုလ်တထောင်နယ်မြေများနှင့် ပေါင်း၍ မြို့ကြီးအဖြစ် တည်ထောင်ခဲ့သည်။ ရွှေတိဂုံစေတီတော်တည်ချိန်တွင် လူရောနတ်ရော၊ ဗြဟ္မာပါ အရောရောဖြစ်လေရာ လူတို့မူးဝေကာ သွေးယိုစီးသော ရောဂါရကြ၏။ ထိုအခါ သိကြားမင်းသည် စေတီတော်ကြီး၏ လေးဘက်သော မုခ်အဝင်းတို့၌ ကန်လေးကန်ဖန်ဆင်း၍ နတ်ဆေးကိုခတ်၏။ ထိုကန်လေးကန်မှ ရေသည်သွေးယိုစီးခြင်းကို ပျောက်ကင်း စေသောကြောင့် သွေးဆေးကန်များဟု ခေါ်ဆိုသည်။ မြောက်ဘက်မုခ်၊ တောင်ဘက်မုခ်နှင့် အရှေ့ဘက်မုခ်တို့မှ “သွေးဆေးကန်များ”ကို ယခုထက်တိုင်တွေ့မြင်ရ၏။ အနောက်ဖက်မှ သွေးဆေးကန်ကား မြေပို့၍သွားခဲ့၏။ တောင်ဘက်မုခ်သွေးဆေးကန်၏ အရှေ့ဘက်တွင် မြေကြီးမို့မို့နှင့် တောင်ကုန်းရှိ၏။ ထိုတောင်ကုန်းသည် သိင်္ဂုတ္တရကုန်းမြေတည်ရှိစဉ်ကပင် တောင်သွေးဆေးကန်ကုန်းအဖြစ် အထင်အရှားရှိနေသော တောင်ကုန်းဖြစ်၏။ ရွှေတိဂုံစေတီတော်မြတ်၏ တောင်သွေးဆေးကန်ကုန်းနေရာသည် အေးချမ်းသာယာရေး ငြိမ်းချမ်းရေး၊ သဘောတူညီမျှဝါဒတူညီရေး၊ ညီညွတ်ရေး၊ တရားရှာဖွေစောင့်သိရေးတို့အတွက် အလေးအမြတ်ထားအပ်သော ကုန်းမြေဖြစ်ပါသည်။ နောင်ဤမြေနေရာတွင် မြန်မာနိုင်ငံ၏ သာသနာဝင်သမိုင်းတွင် မကြုံစဖူးအထူးကြုံရသော ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှု၊ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီ သော ဂိုဏ်းပေါင်းစုံ သံဃာတော်များ ထမြောက်အောင်မြင်မှု အထိမ်းအမှတ်အဖြစ် မဟာဝိဇယစေတီတော် ကို တည်ထားကိုးကွယ်သည်။ ဤနေရာသည် သံဃာတော်အပေါင်းတို့၏ ကြီးမားသောမြတ်သော အောင်မြင်မှုကို ရရှိသောနေရာဖြစ်၏။ မြန်မာ့သမိုင်းမြန်မာ့ရာဇဝင်တွင် တစ်ယောက်တစ်ဦးတစ်ပါးတည်းသာရှိသော ရာမညတိုင်း၏ ဘုရင်မကြီး ရှင်စောပုသည် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထူးခြားမြင့်မြတ် အံ့မခန်း ဖြစ်ရပ်များနှင့် ဘဒ္ဒကမ္ဘာ၏ အထိမ်းအမှတ်ပြုရာဖြစ်တော်မူသော ရွှေတိဂုံစေတီတော်မြတ်ကြီးကို အလွန်မှကြည်ညိုရကား ဤဓမ္မရက္ခိတကုန်းမြေမှနေ၍ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ကြည်ညို၍မဆုံး၊ အာရုံပြုအဓိဋ္ဌာန်ဝင် သီတင်းသီလဆောက်တည်မှုကို ပြု၏။ ဤမြင့်မြတ်သော ဓမ္မရက္ခိတကုန်းမြေသည် မွန်ဘုရင်မကြီးကိုယ်တိုင် သီတင်းသီလဆောက်တည်ရန်ဖြစ်၏။ ဘုရင်မကြီးရှင်စောပု သီတင်းသီလဆောက်တည်ရာ၊ ဥပုသ်သီတင်းစောင့်သုံးရာနေရာ လည်းဖြစ်သောကြောင့် ဤကုန်းမြေသည် တရားရှာဖွေရာကုန်းမြေ အဓိဋ္ဌာန်ဝင်သူတို့၏ ကုန်းမြေအောင်မြေဟူ၍လည်း ထင်ရှားသည်။ ထို့ကြောင့် မွန်ဘုရင်မကြီးရှင်စောပု၏ ပုံတူရုပ်ထုနှင့် နန်းဆောင်တည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ ဓမ္မရက္ခိတဟူသော အမည်သည် လူတို့သည် တရားကို စောင့်ရန်ဟူသော အဓိပ္ပာယ် ဖြစ်ပါ၏။ ထို့ကြောင့် ဤအရပ်တွင် တရားကလည်း လူကိုစောင့်၏။