စေတီတော်တည်ထားပုံ











မဟာဝိဇယစေတီတော်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် ဂိုဏ်းပေါင်းစုံသံဃာတော်များ ညီညွတ်မှုရခြင်းနှင့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်းတို့ကို အထိမ်းအမှတ်ပြုသောအားဖြင့် တည်ထားခြင်းဖြစ်သောကြောင့် အခြားသောစေတီတော်ပုံစံများကို မယူဘဲ ဘုရင်မင်းမြတ်တို့ ရှေးဦးတည် ကုသိုလ်တော်စေတီများ ပုံစံကိုယူ၍ တည်မည်ဟုဆိုကာ မဟာဝိဇယစေတီတော်ကြီးကို ကုသိုလ်တော်စေတီကြီးဖြစ်သော ရွှေစည်းခုံစေတီတော် စသည်တို့နှင့် အချိုးအစားချင်း တူအောင်တည်ထားသည်။ သို့သော် လုံးဝပုံစံတူ မဟုတ်ဘဲ ခေတ်သစ် ဗိသုကာပညာအရ သင့်လျော်သလို တည်ဆောက်ထားသည်။ မဟာဝိဇယစေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၃၄ ပေမြင့်၍ အောက်ခြေအချင်းမှာ ၁၆၅ ပေ ၈ လက်မ ဖြစ်ပါသည်။ ထီးတော်အမြင့် ၂၂ ပေနှင့် စိန်ဖူးတော်အမြင့် ၁၃ ပေ၊ ဉာဏ်တော်အမြင့် ၁၃၄ ပေကို ပေါင်းသော် မဟာဝိဇယစေတီတော်၏ စုစုပေါင်း ဉာဏ်တော် အမြင့်မှာ ၁၆၉ ပေ၊ အောက်ခြေအချင်း ၁၆၅ ပေ ၈ လက်မ ရှိတော်မူပြီး အကျယ်အဝန်းမှာ စုစုပေါင်း ဧက (၁၁.၉၁၉) ဧက ရှိပါသည်။ မဟာဝိဇယစေတီမှာ ထုထည်ပြည့်တည်ဆောက်သည့် စေတီမျိုးမဟုတ်ဘဲ အတွင်း၌ အာရုံခံလိုဏ်ဂူထား၍ တည်ဆောက်သည့် စေတီ (ဂူဘုရား)မျိုး ဖြစ်သည်။ အာရုံခံလိုဏ်ဂူမှာ အချင်း ၆ဝ ပေရှိ၍ အမြင့် ၄၆ ပေ ရှိပါသည်။ အာရုံခံလိုဏ်ဂူ၏ အလယ်ဗဟိုတွင် နီပေါဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အား ဓမ္မပဏ္ဏာအဖြစ် ပေးအပ်လှူဒါန်းထားသော နာဂစီဝရပဋပဋိမာ ရုပ်ပွား ဆင်းတုတော်၊ ပဉ္စဓာတုဝါဟနတိဗက်စေတီတော်နှင့် ဓာတ်တော်ကြုတ်တို့ကို စကျင်ကျောက်ဖြူ၊ အပရာဇိတရှစ်မြှောင့် ပလ္လင်တော်ပေါ်၌ ဖန်ပေါင်းချောင်အုပ်၍ ပူဇော်ထားပါသည်။









