ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံမှု

ပထမအကြိမ်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း

မဟာဝိဇယစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူမည့်အစီအစဉ်ကို မဟာဝိဇယစေတီတော် တည်ဆောက်ရေးအဖွဲ့အစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြသည်။ စေတီတော်ကြီး တစ်ခုလုံးကို ရွှေသင်္ကန်းကပ်လှူရန် ဂွမ်း ၄၄ ပိဿာ၊ အတောင်ဝါးယားအလုံး ၃၀၀၀၊ ၆ပေ×၄ပေ ကျူဖြာအချပ် ၈၈ဝချပ်၊ အုန်းဆံကြိုး ၈၂ ပိဿာ၊ မျက်ပါးရွှေဆိုင်း ၃၅ဝဝ လိုအပ်နိုင်ကြောင်း၊ ထိုစဉ်က ရွှေဆိုင်းတစ်ဆိုင်း၏ ပေါက်ဈေးမှာ ကျပ်၁၂ဝဝ ဖြစ်၍ စေတီတော် တစ်ခုလုံးအတွက် ရွှေသင်္ကန်းကပ်လှူမည်ဆိုပါက ကျပ်သိန်း ၄ဝ ခန့် ကုန်မည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ကြသည်။ ထို့နောက်ရွှေသင်္ကန်းကပ်လှူရန်အတွက် ဈေးနှုန်းတင်ဒါခေါ်ယူရန် စဉ်းစားကြသော်လည်း တင်ဒါတင်သွင်း သူများသည် လုပ်ငန်းရှင်နာမည်အမျိုးမျိုးဖြင့် တင်ဒါတင်တတ်ကြရာ ရွှေတိဂုံစေတီတော်ကြီးဂေါပကအဖွဲ့၏ အတွေ့အကြုံအရ တင်ဒါခေါ်ယူခြင်းမပြုတော့ဘဲ ရွှေဆိုင်းပေးသွင်းသူများနှင့် မျက်မြင်ညှိနှိုင်းဈေးဖြင့် ဝယ်ယူပူဇော်သည်က ပို၍သင့်လျော်မည်ဟု ဆုံးဖြတ်ကာ ရွှေတိဂုံစေတီတော်ကြီး၊ ဗိုလ်တထောင်စေတီတော်နှင့် ဆူးလေစေတီတော်တို့နည်းတူ ရွှေဆိုင်းများအားဝယ်ယူအသုံးပြုကြရန် ဆုံးဖြတ်သည်။ ယင်းကိစ္စကို ဂေါပကအဖွဲ့ဝင် လူကြီးများနှင့်လည်း ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် ထိုလုပ်ငန်းကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘဲ မဟာဝိဇယစေတီတော်တည်ဆောက်ရေးအဖွဲ့က ဂေါပကအဖွဲ့သို့လွှဲအပ်ပေးခဲ့သည်။ မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့ကို ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် တာဝန်ပေးဖွဲ့စည်းပေးသည်။ မဟာဝိဇယစေတီတော်ဖြစ်မြောက်ရေးအဖွဲ့၏ ၂၈၊ ၉၊ ၉၂ နေ့တွင်ကျင်းပသော (၂/၉၂)ကြိမ်မြောက်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၆၊ ၁ဝ၊ ၉၂ ရက်နေ့တွင် ကျပ် ၈ဝ၅၈၂၈၄.၀၆ ပမာဏရှိ ဘဏ်စုဆောင်းငွေနှင့် ငွေသားနှစ်ရပ်ပေါင်းကိုလည်းကောင်း၊ နိုင်ငံခြားကုန်သွယ်မှုဘဏ်စုဆောင်းငွေစာရင်းကိုလည်းကောင်း၊ ရွှေပြားနှင့် ရွှေဖြတ်စ ညှပ်စ စုစုပေါင်းအလေးချိန် ၁၆၄ ကျပ် ၂ပဲ ၃ရွေး ကိုလည်းကောင်း၊ ကျောက်မျက်ရတနာ စာရင်း၊ ရတနာအထည်စာရင်းနှင့် ငွေထည်စာရင်းတို့ကိုလည်းကောင်း မဟာဝိဇယစေတီတော်ဖြစ်မြောက် ရေးအဖွဲ့(ဘဏ္ဍာရေးကော်မတီ)ထံမှ ဂေါပကအဖွဲ့ကလွှဲပြောင်း လက်ခံရရှိသည်။ မဟာဝိဇယစေတီတော်ဖြစ်မြောက်ရေးအဖွဲ့ (ဘဏ္ဍာရေးကော်မတီ)ထံမှ အထက်ပါငွေ လက်ကျန်နှင့် ပစ္စည်းများကိုလွှဲပြောင်းလက်ခံပြီးနောက် ဂေါပကအဖွဲ့သည် စေတီတော်ကြီး ဖွံ့ဖြိုးစည်ပင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် စေတီတော်ကြီးအား ပထမအကြိမ် ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ၁၉၉၂-၉၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ် မတ်လ ၃ ရက်နေ့မှစ၍ စေတီတော်ကြီး၏ ကျားလက်သည်းတော် အောက်မှ ခေါင်းလောင်းတော်နားအထိနှင့် အရံစေတီ ၂၄ ဆူ၏ထီးတော်မှ ခေါင်းလောင်းတော် နားအထိ ရွှေမျက်ပါးသင်္ကန်းတော်ကပ်လှူခဲ့သည်။ ကပ်လှူပူဇော်မှုတန်ဖိုးမှာ ငွေကျပ် ၆၈ သိန်းဖြစ်သည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့မှစ၍ ထီးတော်ကြီး၊ ငှက်ပျောဖူးတော်၊ ပစ္စယာ များနှင့်အရံစေတီ ၂၄ဆူ၏ ပလ္လင်တော်များကို ရွှေမျက်ပါးသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ထိုသို့ ပူဇော်ရာ၌ ငှက်ပျောဖူးတော်တွင် ရွှေမျက်ပါးသင်္ကန်းတော်သာမက ဘဏ္ဍာရေးအဖွဲ့မှ လွှဲပြောင်းလက်ခံခဲ့သော တစ်ချပ်လျှင် ၃ ကျပ်သားရှိ တစ်ပေပတ်လည် ရွှေပြား ၃၅ ချပ်ကိုပါ ကပ်လှူပူဇော်ခဲ့၍ ကပ်လှူပူဇော်မှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၂၈ သိန်း ဖြစ်သည်။ မဟာဝိဇယစေတီတော်ဖြစ်မြောက်ရေးဂေါပကအဖွဲ့ထံမှ လွှဲပြောင်းလက်ခံရယူခဲ့သော ရွှေပြား ရွှေစင် ရွှေစများအနက် ကျန် ၃-ကျပ်သားရွှေပြား ၄ ချပ်၊ ၂-ကျပ်သားရွှေပြား ၃၂ ချပ်နှင့် ရွှေတိုရွှေစများ၊ ကျောက်မျက် ရတနာများကို ဂေါပကအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၄)တွင် လုံခြုံမှုသော့ခတ်သေတ္တာ အမှတ် (၁ဝဝ)ဖြင့် အပ်နှံထားရှိခဲ့သည်။

ဒုတိယအကြိမ်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း

စေတီတော်မြတ်ကြီးကို ရွှေမျက်ပါးသင်္ကန်းနှင့်ရွှေစင် ရွှေသား ရွှေပြားသင်္ကန်းတော် ကပ်လှူရန် ၁၈-၁ဝ-၉၅ နေ့တွင် ကျင်းပသော ဂေါပကအဖွဲ့၏(၁၉/၉၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် (၃/၄)ဖြင့် ၁၉၉၅-၁၉၉၆ခုနှစ်တွင် စေတီတော်ကြီးအား ဒုတိယအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ ထီးတော်မှ ပစ္စယာများအထိ (အရံစေတီ ၂၄ ဆူ အပါအဝင်) ရွှေမျက်ပါး သင်္ကန်းကပ်လှူ၍၊ ငှက်ပျောဖူးတော်ကို ရွှေပြားသင်္ကန်းတော်အပြည့်ကပ်လှူသည်။ စိန်ဖူးတော်ကို အုပ်ဆိုင်းထားသော စတီးဖလက်ပြားများကို ဖွင့်၍ ရွှေသင်္ကန်းကပ်လှူပူဇော်သည်။

(က) ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်း (ရွှေချလုပ်ငန်း) ကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ထီးတော်ကြီးမှ ပစ္စယာများအထိ(အရံစေတီ ၂၄ ဆူအပါအဝင်) ရွှေမျက်ပါး ရာဆိုင်းတစ်ဆိုင်းလျှင် ကျပ် ၁၄၉ဝ နှုန်းဖြင့် ရွှေမျက်ပါး ရာဆိုင်း ၁၁၅ဝ၂ ဆိုင်း ကပ်လှူသည်။ ရွှေမျက်ပါးတန်ဖိုး ကျပ် ၁၇၁၃၇၉၈ဝိ/-(ကျပ်တစ်ရာ့ ခုနှစ်ဆယ်တစ်သိန်း သုံးသောင်း ခုနစ်ထောင်ကိုးရာရှစ်ဆယ်တိတိ)ဖြစ်ပြီး ရွှေရာဆိုင်းတစ်ဆိုင်းလျှင် ၁၉ ကျပ် ၇၅ ပြားနှုန်းဖြင့် ရွှေချလုပ်အားခကျပ် ၂၂၇၁၆၄ကျပ် ၅ဝပြား (ကျပ်နှစ်သိန်းနှစ်သောင်း ခုနစ်ထောင့်တစ်ရာ ခြောက်ဆယ့်လေး နှင့် ပြားငါးဆယ်တိတိ) ဖြစ်ပါသည်။

(ခ) ငြမ်းထိုး/ငြမ်းဖျက်လုပ်ငန်း ကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ထီးတော်ကြီးမှ ပစ္စယာများ အထိ ငြမ်းထိုး/ငြမ်းဖျက်ခ ကျပ် ၃၁ဝဝဝဝိ/- (ကျပ်သုံးသိန်းတစ်သောင်းတိတိ)ဖြင့် ဆောင်ရွက်ခဲ့သည်။

(ဂ) ရွှေမိုက်ထုတ်လုပ်ငန်း ကို နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့သည်။ ကြာမှောက် ကြာလှန်မှ ခေါင်းလောင်းတော်အထိ ရွှေမိုက်တန်ဖိုး ကျပ် ၂၁၇ဝဝဝဝိ/-(ကျပ်နှစ်ဆယ့်တစ်သိန်း ခုနစ်သောင်းတိတိ)နှင့် ပစ္စယာများနှင့် အရံစေတီ ၂၄ ဆူ၏ ရွှေမိုက်တန်ဖိုးမှာ ကျပ် ၃ဝဝဝဝဝဝ(ကျပ်သိန်းသုံးဆယ်တိတိ) ဖြစ်၍ ရွှေမိုက်တန်ဖိုး စုစုပေါင်း ကျပ် ၅၁၇ဝဝဝဝ(ကျပ်ငါးဆယ့်တစ်သိန်းခုနစ်သောင်းတိတိ)ကို ချိတ်ပိတ်တင်ဒါစနစ်အား အခြေခံ၍ ဆောင်ရွက်ခဲ့သည်။

၁၉၉၅-၁၉၉၆ခုနှစ် ဒုတိယအကြိမ်ရွှေသင်္ကန်းတော်ကပ်လှူခြင်း လုပ်ငန်းတွင် စိန်ဖူးတော်အား အုပ်ဆိုင်းထားသော စတီးဖလက်ပြားများကို ဖွင့်ခြင်း၊ ငှက်မြတ်နားတော် လည်ပတ်နိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်သည်။ စိန်ပွင့်များတွင် ရတနာ ပစ္စည်းများ ပြုတ်ထွက်လွင့်စဉ် သွားသောနေရာ ၂၁ နေရာအတွက် ရတနာပစ္စည်း ၁၁ မျိုး ၂၁ ခုကို ပြန်လည်တပ်ဆင်ကပ်လှူခဲ့သည်။

တတိယအကြိမ်မှ ပဉ္စမအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း

၁၉၉၅-၉၆ ခုနှစ် ဒုတိယအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးနောက် စေတီတော်ကြီးအား အချိန်အခါအားလျော်စွာ လိုအပ်သည့်အပိုင်းများကို အလှည့်ကျရွှေသင်္ကန်းကပ်လှူပူဇော် ခဲ့သည်။ ၁၉၉၇-၉၈ မှ ၁၉၉၉- ၂၀၀၀ ခုနှစ်အတွင်း ငှက်ပျောဖူးတော်ကို ရွှေစင်ရွှေပြား သင်္ကန်းချပ်ရေ ၃ဝ၅-ချပ် ကပ်လှူပူဇော်ခြင်း၊ ငှက်ပျောဖူးတော်မှ ခေါင်းလောင်းတော်အောက် နှုတ်ခမ်းအထိ အထက်ပိုင်းနှင့် ခေါင်းလောင်းတော်အနားရစ်မှ အရံ စေတီတော် ၂၄ ဆူအပါအဝင် ပစ္စယာ ၄ ဆင့် အောက်ပိုင်းတို့ကို မျက်ပါးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ဆောင်ရွက်ခဲ့သည်။ ထိုခေတ်အခါ ဈေးနှုန်းအရ တတိယအကြိမ်တွင် ကျပ် ၃ဝဝ သိန်း၊ စတုတ္ထအကြိမ်တွင် ကျပ် ၂၃၂ သိန်းနှင့် ပဉ္စမအကြိမ်တွင် ကျပ် ၂၆၅ သိန်း တန်ဖိုးလှူဒါန်းပူဇော်သည်။

ဆဋ္ဌမအကြိမ်မှ နဝမအကြိမ်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း

၂ဝဝဝ-၂ဝဝ၁ ခုနှစ်၊ ဆဋ္ဌမအကြိမ်ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင် ထီးတော်ကြီး၏ ကျားလက်သည်းအောက်မှ ခေါင်းလောင်းတော်နှုတ်ခမ်းအထိ မျက်ပါးရွှေရာဆိုင်း ၇၁၅၆-ဆိုင်းဖြင့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့သည်။ ငှက်ပျောဖူးတော်တွင် ကပ်လှူထားသော ရွှေစင်ရွှေပြား ၃၀၅-ချပ်အနက် ချို့ယွင်း၍ မွမ်းမံရန် လိုအပ်သော ၂-ကျပ်သားရွှေပြား ၇၉-ချပ်တို့ကို ဖြုတ်ယူ၍ မွမ်းမံရောင်တော်ဖွင့်ပြီး ပြန်လည်ကပ်လှူ ပူဇော်ခဲ့သည်။ ထီးတော်ကြီး၏ ကြံ့ခိုင်မှုအခြေအနေ၊ ထီးတော်တွင် တပ်ဆင်ပူဇော်ထားသော ရွှေခေါင်းလောင်း၊ ငွေခေါင်းလောင်းများ၏ အခြေအနေတို့ကို စစ်ဆေးခြင်း၊ ရွှေခေါင်းလောင်း ၉-လုံးနှင့် ထိုးတန်၊ ငွေခေါင်းလောင်း ၁၂၄-လုံးတို့အား ရောင်တော်ဖွင့်၍ ပြန်လည်ချိတ်ဆွဲခြင်း၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့တွင် ချို့ယွင်းနေသော ရတနာပစ္စည်း ၁၈-ခုအား မွမ်းမံ၍ ပြန်လည် တပ်ဆင်ပူဇော်ခြင်း၊ အရံစေတီတော် ၂၄-ဆူတွင် လိုအပ်သော နေရာများ၌ မျက်ပါးရွှေ ရာဆိုင်း(၁ဝဝ)ဖြင့် ပြန်လည်မွမ်းမံ ကပ်လှူပူဇော်ခြင်းတို့လည်း တစ်ပါတည်းဆောင်ရွက်သည်။ ၁၃၊ ၁၁၊ ၂၀၀၀ ရက်နေ့တွင် စတင်ဆောင်ရွက်၍ ၂၄၊ ၁၊ ၂ဝဝ၁ ရက်နေ့တွင် ပြီးစီးသည်။ လှူဒါန်းမှုတန်ဖိုးငွေမှာ ကျပ် ၂၅,၃၅၃,၂၄၄.ဝဝ ဖြစ်သည်။

၂၀၀၄-၂၀၀၅ ခုနှစ် ပွင့်လင်းရာသီတွင် သတ္တမအကြိမ်ရွှေသင်္ကန်းကပ်လှူရာတွင် ထီးတော်ကြီး ကျားလက်သည်းအောက်မှစ၍ ပစ္စယာအောက်ဆုံးအဆင့်အထိ အရံစေတီငယ် ၂၄-ဆူ အပါအဝင် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ရည်မှန်းခဲ့သည်။ သို့ရာတွင် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံကျင်းပချိန်နှင့် ကြုံကြိုက်နေ၍ ရွှေသင်္ကန်းကပ်လှူရန် အချိန်ကာလကန့်သတ်ချက်ကြောင့် ရာသီဥတုသင့်မြတ်ချိန်တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ဖြစ်နိုင်ခြေမရှိသဖြင့် စေတီတော်ကြီးအထက်ပိုင်းဖြစ်သည့် ထီးတော်ကြီး ကျားလက်သည်း အောက်မှ ခေါင်းလောင်းတော်နှုတ်ခမ်းအထိအပိုင်းကိုသာ သတ္တမအကြိမ်ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းအဖြစ် သတ်မှတ်ဆောင်ရွက်သည်။

သတ္တမအကြိမ် ရွှေသင်္ကန်းကပ်လှူရာတွင် ဂေါပကအဖွဲ့ရုံးလက်ဝယ်ရှိ မျက်ပါးရွှေရာဆိုင်း ၁၅၃-ဆိုင်း၊ ရွှေစင်ချောင်း၊ ရွှေစင်အပိုင်းအစ ၄၃ိ၊ ၅ဲ၊ ၆ရွေး၊ ရွှေစင်ရွှေပြားသင်္ကန်း အပိုင်းအစ ၁၇ိ၊ ၇ဲ၊ ၃ ၁/၂ ရွှေးနှင့် သစ်စေး ၃၇-ပုံး (ကာလပေါက်ဈေးအရ ကျပ် ၁၅၄-သိန်းခန့်) လက်ဝယ်ရှိ ရွှေစင်ပြား ၄-ချပ်တို့ကို ထုတ်သုံး သည့်အပြင် မျက်ပါးရွှေရာဆိုင်း ၆၅ဝဝ-ဆိုင်းအပါအဝင် ကျပ် ၅၇၇- သိန်းကျော်ဖိုးရှိ ပစ္စည်းများကိုလည်း ဝယ်ယူအသုံးပြုခဲ့သည်။ ငြမ်းထိုး၊ ငြမ်းဖျက်၊ သစ်စေးထုတ်၊ ရွှေချလုပ်ငန်း လုပ်အားခအပါအဝင် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်းအတွက် တန်ဖိုးငွေပေါင်း ကျပ် ၇၇၅ သိန်းကျော်လှူဒါန်းခဲ့သည်။ ယခုအကြိမ်တွင် မျက်ပါးရွှေကပ်လှူခြင်းအပြင် ရွှေစင်ပြားသင်္ကန်း ၂၂-ပြားကိုပါ ကပ်လှူခဲ့သည်။ လုပ်ငန်းကို ၁၇၊ ၁၂၊ ၂ဝဝ၄ ရက်နေ့မှ ၃၊ ၄၊ ၂ဝဝ၅ ရက်နေ့အထိ ကာလအတွင်း ဆောင်ရွက်ပြီးစီးသည်။

ယခုအကြိမ်တွင်လည်း ဂေါပကအဖွဲ့သည် အခါအခွင့်ကြုံခိုက် ထီးတော်ကြီး၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်နှင့် ရတနာစီခြယ်ထားသော ကလပ်ပန်းပြားများကို မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ပြုတ်ထွက်နေသော ရတနာပစ္စည်းများကို ဖြည့်စွက်တပ်ဆင်ခြင်းနှင့် အသေးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သည်။

၂ဝဝ၅-၂၀ဝ၆ ခုနှစ် ပွင့်လင်းရာသီတွင် အဋ္ဌမအကြိမ်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို စေတီတော်ကြီး၏ ခေါင်းလောင်းတော်နှုတ်ခမ်းမှ အောက်ဆုံးပစ္စယာအဆင့် (အရံစေတီငယ် ၂၄-ဆူ အပါအဝင်)အထိ ဆက်လက်ကပ်လှူပူဇော်သည်။ ၂ လက်မပတ်လည် မျက်ပါးရွှေရာဆိုင်း ၉ဝဝဝ-ဆိုင်း (တန်ဖိုးကျပ် ၁၄ဝဝ သိန်း)၊ သစ်ဆေး ၉၀-ပုံး (တန်ဖိုးကျပ် ၅,၆၃၅,၀၀၀.၀၀)၊ အခြားရွှေချလုပ်ငန်းသုံးပစ္စည်းများ (တန်ဖိုးကျပ် ၁,၂၂၄,၃၆ဝ-ဝ၀) ဝယ်ယူမှုကုန်ကျစရိတ်နှင့် ငြမ်းထိုး၊ ငြမ်းဖျက်နှင့် ရွှေချလုပ်အားခအပါအဝင် စုစုပေါင်းကျပ် ၁၅၂၄- သိန်းကျော်ဖိုး လှူဒါန်းပူဇော်သည်။

အဋ္ဌမအကြိမ် ရွှေသင်္ကန်းကပ်လှူရာတွင် ထူးခြားချက်တစ်ခုမှာ အရံစေတီငယ် ၂၄-ဆူ အနက် စေတနာရှင်မိသားစု ၈-စုက တစ်ဆူစီ၊ စေတနာရှင်မိသားစု ၁-စုက ၃ဆူ၊ ပေါင်း ၁၁- ဆူ ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန် ပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းလုပ်ငန်းကို ၂၅-၁၀-၂၀၀၅ ရက်နေ့မှ ၉-၁-၂၀၀၆ ရက်နေ့ထိ ကာလအတွင်း ဆောင်ရွက်ပြီးစီးသည်။

၂၀၀၆-၂ဝဝ၇ ခုနှစ် ပွင့်လင်းရာသီတွင် နဝမအကြိမ်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ဆောင်ရွက်ရာ၌ စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းမဟုတ်ဘဲ စေတီတော်ကြီး၏ ထီးတော်ကြီးကို ရွှေသင်္ကန်းကပ်လှူခြင်းဖြစ်သည်။ သတ္တမအကြိမ် စေတီတော်ကြီး၏ အထက်ပိုင်း၊ အဋ္ဌမအကြိမ်စေတီတော်ကြီး၏ အောက်ပိုင်းတို့ကို တစ်ဆက်တည်းဆက်လက် ဆောင်ရွက်ပြီးစီးခဲ့ရာ ရွှေသင်္ကန်းအခြေအနေမှာ ၂၀၁၀ ခုနှစ်၊ ပွင့်လင်းရာသီခန့်မှသာ ထပ်မံ ရွှေသင်္ကန်းကပ်လှူပူဇော်ရန် လိုအပ်မည့်အနေအထားရှိသည်။ သို့ရာတွင် စေတီတော်ကြီး၏ ထီးတော်ကြီးမှာ ရောင်တော်ဖွင့်ရန် လိုအပ်ကြောင်းစစ်ဆေးတွေ့ရှိချက်အရ ထီးတော်ကြီးကို မျက်ပါးရွှေသင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်းဖြစ်သည်။ ထီးတော်ကြီးအနေဖြင့် ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်သော်လည်း စေတီတော်ကြီး၏ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းအဖြစ် နဝမအကြိမ်ဟု သတ်မှတ်ခြင်းဖြစ်သည်။

ရွှေချလုပ်ငန်းတွင် ၂ လက်မပတ်လည် မျက်ပါးရွှေရာဆိုင်း ၃၅ဝ-ဆိုင်း (တန်ဖိုးကျပ် ၇၀-သိန်း) ရွှေချ၊ ငြမ်းထိုး၊ ငြမ်းဆင်လုပ်ငန်း လုပ်အားခအပါအဝင် စုစုပေါင်းကျပ် ၈,၈၆၀,ဝဝဝ.ဝဝ တန်ဖိုးလှူဒါန်းခဲ့ သည်။ အထူးသတိပြုအလေးထားဆောင်ရွက်ရန်လိုအပ်သည့်အချက်မှာ ထီးတော်ကြီး၏ အထက်ကပ်လျက် တပ်ဆင်ပူဇော်ထားသော ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ ကလပ်ပန်းပြားတွင် စီခြယ်တပ်ဆင်ထားသည့် အဖိုးတန်ရတနာပစ္စည်းများ၏ လုံခြုံရေးဖြစ်သည့်အတိုင်း ဂေါပက အဖွဲ့သည် ထီးတော်ကြီးအား ရွှေသင်္ကန်းကပ်ကြသည့်ကျွမ်းကျင်လုပ်သားများကို လုံခြုံရေးအဖွဲ့ဖြင့် စနစ်တကျ အချိန်ပြည့်အလေးထားစောင့်ကြပ် ကြပ်မတ်ခဲ့သည်။