ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၏ ဩဝါဒကထာများ

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစာရ ဆရာတော်ဘုရား ဖွင့်ဆိုမြွက်ကြားတော်မူသော မဟာဝိဇယစေတိယကထာ
ဘဝတု သဗ္ဗမင်္ဂလံ
ဧတ္တာဝတာ စ တုမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေဝါနုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
ဧတ္တာဝတာ စ = ဤမျှစီစဉ်၍ ဤတွင်ညွှန်ကြားအပ်သောစကားအစဉ်ဖြင့်၊
တုမှေဟိ = အန္တရာယ်ကင်းမှု အားပြုလိုကြောင်း သင်သူတော်ကောင်းတို့သည်၊
သမ္ဘတံ = ကောင်းစွာအသင့် သဒ္ဓါဖွင့်၍ ဖြည့်ကျင့်ဆည်းပူးအပ်သော၊
ပုညသမ္ပဒံ = ဖြူစင်သန့်ရှင်း ကောင်းမှု၏ပြည့်စုံခြင်းကို၊
သဗ္ဗေ = ခပ်သိမ်းကုန်သော၊လောက, သာသနာ စောင့်ရှောက်ကြသည့် များစွာသောင်းသောင်း နတ်ဗြဟ္မာအပေါင်းတို့သည်၊
သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ = လောကီလောကုတ္တရာ နှစ်ဖြာပြည့်ဖြိုး အလုံးစုံသော စည်းစိမ် ချမ်းသာ၏ ပြီးစီးခြင်း အကျိုးငှာ၊
အနုမောဒန္တု = ကြည်သာရွှင်ပျ ဝမ်းမြောက်ကြစေကုန် သတည်း။ ကောင်းချီးနုမော် သာဓုခေါ်ကာ ဝမ်းမြောက်နိုင်ကြစေကုန်သတည်း။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစာရ ဆရာတော်ဘုရား ဖွင့်ဆိုမြွက်ကြားတော်မူသော မဟာဝိဇယစေတိယကထာ
အာလမ္ဗ စေတိယံ ဘိက္ခူ၊ ဣဿရာ စ ဗဟုဇနာ။ ဇယန္တု သဗ္ဗဝေရာနိ၊ သံသိဇ္ဈန္တု မနောရထာ။
စေတိယံ၊ မဟာဝိဇယ နာမတွင်ခေါ် စေတီတော်ကို။ အာလမ္ဗ၊ ရှိခိုးကော်ရော် ပူဇော်သမှု အာရုံပြု အမှီပြုကြ၍။ ဘိက္ခု စ၊ နိဗ္ဗူမျှော်မှန်း ရှင်ရဟန်းတို့သည်လည်းကောင်း။ ဣဿရာ စ၊ ဒသရာဇဓံ မဆိတ်ညံဘဲ နိုင်ငံကိုဆုံးမ အစိုးရမင်းတို့သည်လည်းကောင်း။ ဗဟုဇနာ စ၊ တိုင်းသားပြည်သူ ဗိုလ်လူများစွာတို့သည်လည်းကောင်း။ သဗ္ဗဝေရာနိ၊ အတွင်းအပ နှစ်ဝ ဘေးဒဏ် ခပ်သိမ်းရန်တို့ကို။ ဇယန္တု၊ ကိုယ်နှုတ်မနွမ်း နှလုံးစွမ်းဖြင့် မပင်မပန်း အောင်ပန်း ဆင်နိုင်ကြပါစေကုန်သတည်း။ (တေသံ၊ ထိုရဟန်းရှင်လူ ခပ်သိမ်းသူတို့၏။) မနောရထာ၊ လူ နတ် နိဗ္ဗာန် သုံးတန်ချမ်းသာ ရလိုပါဟု ပတ္ထနာသွေးချို စိတ်နှလုံးအလိုတို့သည်။ သံသိဇ္ဈန္တု၊ တောင့်တသည့်အတိုင်း လိုရှိတိုင်းပင် မဆိုင်းပေါက်ရောက် အောင်သိဒ္ဓိတံခွန်ဆောက်၍ ပြီးမြောက်နိုင်ကြပါစေ ကုန်သတည်း။
ဤမဟာဝိဇယစေတီတော်ဘုရားကို တည်ထားကော်ရော်ပူဇော်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ပြီးစီးထမြောက်အောင်မြင်ခြင်းသို့ရောက်ခြင်းနှင့် ဂိုဏ်းပေါင်းစုံ သံဃာတော်ခပင်းတို့ အငြင်းမပွား တရားသာမဂ္ဂီ ကိုယ်စီကိန်းဝပ် အံ့သြလောက်ဖွယ် ညီညွတ်ကြခြင်းကို အရင်းခံ အတ္ထုပ္ပတ္တိ အထိမ်းအမှတ်ပြုရန် ဖြစ်ပါသည်။ အစည်းအဝေး အောင်မြင်ခြင်း၊ သံဃာတော်များ ညီညွတ်ခြင်းတို့မှာ ထင်လင်းပြက်ပြက် ပေါ်လွင်သော အကြောင်းအချက်များဖြစ်၍ မပေါ်လွင် မထင်ရှားသော အကြောင်းအချက်တို့ကိုလည်း လေးနက်စွာ ထည့်သွင်းစဉ်းစားဉာဏ်ဝင် ဆင်ခြင်၍ ကြည့်ပါလျှင် အစ္ဆရိယအဗ္ဗုတဆိုလောက်အောင် အထောက်သာဓက တစ်ခုနှင့်တစ်ခု အဆက်အစပ်ရှိနေကြ၍ ပုဗ္ဗနိမိတ် ကောင်းမွန်သော အတိတ်ဟု နှုတ်မဆိတ်ဖွင့်ပြော အံ့ဩ လောက်အောင် တွေ့ရှိရပါသည်။
ထိုသို့တွေ့ရှိရသော ပုဗ္ဗနိမိတ် ထူးကဲသော အတိတ်တို့မှာ သာသနာတော် (၂၅၂၄) ခုနှစ်၊ ကောဇာ (၁၃၄၂) ခု၊ (ခရစ်-၁၉၈ဝ) ရတုဂိမှ နယုန်လအတွင်းမှာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဝေးပွဲကြီး ဆင်နွှဲကျင်းပ ပြုလုပ်တော်မူကြရာမှာ သာသနာသမိုင်းတစ်လျှောက်၌ အံ့သြလောက်အောင်အောင်မြင် သံဃာတော်အရှင်တို့သည် သာသနာဝင်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို မပြားကိုယ်စိတ် အရှည်မြင့်သော ဉာဏ်တိဟိတ်ဖြင့် ဝိနိစ္ဆယ တညီတညွတ် ချမှတ်တော် မူခဲ့ကြသည်မှာ ဓမ္မရတနာနှင့် သံဃရတနာတို့ ဇေယျာရတု အောင်မြင်မှုသဘင်ဟူ၍ ခေါ်တွင်ရမည်ဖြစ်ပါသည်။
သမ္ဗုဒ္ဓရတနာ၏ ဇေယျသဘင် အောင်မြင်မှု အချက်ကို ဆက်လက်၍ ဖော်ပြရပါမူ မကြာမီ လွန်ခဲ့သော နှစ်ပိုင်းက တမ္ဗပဏ္ဏိအမည်ရှိသော သီရိလင်္ကာ (သီဟိုဠ်)နိုင်ငံမှ ပရိဘောဂစေတီအဝင် မဟာဗောဓိပင်တို့ ရောင်ရှင်ထွန်းအိ ရောက်ရှိ၍ လာခြင်းက ဗုဒ္ဓရတနာ ပွင့်ထွန်းအောင်မြင်ရေးအတွက် ရှေ့ပြေးပုဗ္ဗနိမိတ်ဖြစ်ကာ မကြာမီ လပိုင်းအတွင်းက ဗုဒ္ဓ၏ ဖွားမြင်ရာ သက္ကတိုင်းအဝင်အပါ (နေပါးလ်ခေါ်သော) နီပေါနိုင်ငံမှ ဘုရင်မင်းမြတ်၏ ဓမ္မ ပဏ္ဏာတော်ဖြစ်သော ရုပ်ပွားဆင်းတုတော်၊ စေတီတော်နှင့် ဓာတ်တော်အများ ထူးခြားစွာ ရောက်ရှိလာခြင်းက သေဌ်နင်းမြတ်စွာ သမ္ဗုဒ္ဓရတနာ၏ ဇေယျာရတု အောင်မြင်မှု မင်္ဂလာ သဘင်ဟူ၍ ခေါ်တွင်ရမည် ဖြစ်ပါသည်။
ဤသို့ထုတ်ပြ သမ္ဗုဒ္ဓနှင့် ဓမ္မသံဃာရတနာတို့၏ ဇေယျာသုံးခု အစွဲပြု၍ ဤယခုအခါ သံဃာတော်များ အစိုးရမင်းများနှင့် တိုင်းသားပြည်သူ ဗိုလ်ဗိုလ်လူတို့သည် စိတ်တူကိုယ်မျှ ညီညွတ်ကြ၍ ဓမ္မပစ္စယာ ပူဇာနှစ်ခန်း ကိုယ်စီကိုယ်ငှ ထမ်းကြလျက် ဂဏန်းသမူဟ ညွှန်မပြ နိုင်အောင် များလှသောသဒ္ဓါ, အတိုင်းမသိစေတနာတို့ဖြင့် မဟာဝိဇယဘွဲ့တော်သ ထင်ပေါ် ဤအောင်ခြင်းကြီး စေတီတော်ကို ပန္နက်တော်ကစ အုတ်မြစ်ချမင်္ဂလာ မကြာမီအချိန်ခရီး ရွှေထီးအထွတ်တင်လှူပွဲ ကျင်းပမည် မှန်မလွဲသဖြင့် အံ့အဲစလောက် မဟာပထဝီ ဤမြေကို ဖောက် ရွှေတောင်ကြီးပေါက်သကဲ့သို့ မြားမြောက်နတ်လူ ဟိန္ဒဂူတို့ နိဗ္ဗူထွန်းမြောက် ကိုယ်စီ ဆောက်ကြရန် ထက်သန်သော ပတ္ထနာဖြင့် –
မဟာဝိဇယစေတီတော် အုတ်မြစ်ချသည့် ဇေယျမင်္ဂလာ ကျင်းပသည့်အချိန်အခါကား သာသနာတော်နှစ် (၂၅၂၄) ခု၊ ကောဇာသက္ကရာဇ် (၁၃၄၂) ခု၊ ခရစ်နှစ် (၁၉၈ဝ) ခု၊ ရတုသရဒ သံတူလ ခေါ်မှတ်သည့် သီတင်းကျွတ်လပြည့် သောကြာနေ့ နံနက် စက် (၇)နာရီ (၃၁) မိနစ်အချိန် ဖြစ်ပါကြောင်းကို နောက်နှောင်းဗိုလ်လူ သိစိမ့်ဟူ၍ စင်ဖြူဆထွား ဤမဟာဝိဇယစေတိယုပ္ပတ္တိကထာ၌ အမှတ်အသား စာတမ်းမြွက်ဖော်ညွှန်း၍ မော်ကွန်းစိုက်ထူအပ်ပါသတည်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ ဆရာတော်ဘုရားကြီး၏ ဩဝါဒကထာ
မဟာဝိဇယစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ခေါင်းဆောင် ဦးဘုန်းကျော်နှင့် ဂေါပကအဖွဲ့ဝင်များက မဟာဝိဇယစေတီတော်ကြီး၏သမိုင်းကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန် ရေးသားပြုစု၍ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိမည်ဖြစ်သဖြင့် သြဝါဒကထာ ရေးသားချီးမြှင့်ပါရန် လျှောက်ထားလာကြသောကြောင့် ဤသြဝါဒကထာကို ရေးသားချီးမြှင့်လိုက်သည်။
စေတီပုထိုးတော်များ၊ ပရိယတ္တိစာသင်တိုက်ကြီးများ၊ မြို့ရွာများ၊ ထင်ရှားသော ဆရာတော်ကြီးများ၊ ထင်ရှားသော လူပုဂ္ဂိုလ်များ စသည်တို့၏ အကြောင်းအရာများကို တိကျသေချာစွာ မှတ်တမ်းတင်ထားအပ်သော သမိုင်း၊ အတ္ထုပ္ပတ္တိတို့သည် နောင်လာ နောက်သားတို့အဖို့ လွန်စွာကောင်းမြတ် အဖိုးမဖြတ်နိုင်သော အပဒါန်များ ဖြစ်ပေသည်။
ဤသို့ တိကျသေချာစွာ မှတ်တမ်းတင်မထားခဲ့သဖြင့် အချို့ဘုရားသမိုင်းစသည်တို့သည် ဒဏ္ဍာရီ ပုံပြင်သဖွယ်ဖြစ်သဖြင့် ထိုဘုရားသမိုင်း စသည်တို့ကို ပညာရှိတို့ အလေးဂရု မပြုကြပေ။ တိကျသေချာစွာ မှတ်တမ်းတင်ထားအပ်သော ဘုရားသမိုင်းစသည်တို့ကိုသာ ပညာရှိတို့ အလေးဂရုပြုကြပေသည်။ ထို့ကြောင့် မဟာဝိဇယစေတီတော်မြတ်ကြီး၏ သမိုင်းကို တိကျသေချာစွာ ပြည့်ပြည့်စုံစုံ ရေးသားပြုစု၍ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခြင်းကို ပညာရှိကဝိထေရ်မွန်တို့ နှစ်ထောင်းအားရ ကြိုဆိုကြမည်မှာ မလွဲဧကန်ဖြစ်ရုံမျှမက ယင်းသမိုင်း ကို ကြည့်ရှုလေ့လာရသူ နောင်လာနောက်သား ရှင်လူအများလည်း အကြောင်းအရာအလုံးစုံ ကို အကုန်အစင် သိမြင်ကြရ၍ ကြည်ညိုသဒ္ဓါ လွန်စွာတိုးပွားကြောင်း ဖြစ်ပေသည်။
ဤမဟာဝိဇယစေတီတော်မြတ်ကြီး၏ အာရုံခံလိုဏ်ဂူတော်အတွင်းရှိ အပရာဇိတ ပလ္လင်တော်ဝယ် နီပေါဘုရင်မင်းမြတ်၏ ဓမ္မပဏ္ဏာကာရ = လက်ဆောင်တော်ဖြစ်သော နာဂစီဝရပဋပဋိမာ ရုပ်ပွားဆင်းတုတော်၊ ပဉ္စဓာတုဝါဟန နီပေါစေတီတော်နှင့်တကွ ဂန္ဓကုဋိဓာတ်တော်ကြုတ်တို့ကို ရဟန်းရှင်လူ အပူဇော်ခံ ထားရှိပြီးလျှင် ဘုရားရှင်၏ ရုပ်ပွားတော်များကို မုဒြာအမျိုးမျိုးဖြင့် အပူဇော်ခံထားရှိရုံမျှမက သတ္တဌာန စသော ပူဇော်ဖွယ်များနှင့်တကွ သာရီရိက ဓာတ်တော်များကိုလည်း ဌာပနာသွင်းနှံပူဇော်ထားရှိလေရာ မဟာဝိဇယစေတီတော်မြတ်ကြီးကို ပူဇော်ရခြင်းသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်ရသကဲ့သို့ပင် အသင်္ချေယျ၊ အပ္ပမေယျ = မရေတွက်အပ် ၊ မရေတွက်နိုင်၊ မနှိုင်းယှဉ်အပ် ၊ မနှိုင်းယှဉ်နိုင်သော လောကီ လောကုတ္တရာ ချမ်းသာသုခ ရရှိနိုင်ပေသည်။
ထို့ကြောင့်ပင် သာဂရထေရ်သည် ပစ္စုပဋ္ဌာနသညက ထေရ်၏ အလောင်းအလျာဖြစ်သော ဘီလူးအား-
ယော စေ ပူဇေယျ သမ္ဗုဒ္ဓံ၊ တိဋ္ဌန္တ လောကနာယကံ။ ဓာတုံ သာသပမတ္တမ္ပိ၊ နိဗ္ဗတဿာပိ ပူဇယေ ။ စိတ္တပ္ပသာဒမှိ၊ သမံ ပုညံ မဟဂ္ဂတ်။ တသ္မာ ထူပံ ကရိတွာန၊ ပူဇေဟိ ဇိနတုယော ဟု ဟောတော်မူပါသည်။ (အပဒါန၊ ၁၊ ၁၆၈)
ထိုဒေသနာတော်၏အဓိပ္ပာယ်မှာ “အကြင်သူသည် လောက၏ ရှေ့ဆောင်ဖြစ်တော်မူသော သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်ရာ၏။ အကြင်သူသည်ကား ပရိနိဗ္ဗာန်စံတော် မူပြီးသော မြတ်စွာဘုရား၏ မုန်ညင်းစေ့မျှလောက်ရှိသည်လည်းဖြစ်သော ဓာတ်တော်ကို ပူဇော်ရာ၏။ ထိုသူတို့သည် ကြည်ညိုစိတ်တူမျှ သည်ရှိသော် များမြတ်သောကောင်းမှု အကျိုးကို အတူအမျှပင် ရရှိနိုင်သည်။ ထို့ကြောင့် မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို ပုထိုးစေတီတည်၍ ပူဇော်ပါလော့”ဟု ဆိုလိုသည်။ ထိုဒေသနာတော်ကို ကြားနာရ၍ ပစ္စုပဋ္ဌာနသညက ထေရ်၏ အလောင်းအလျာဖြစ်သော ဘီလူးသည် အတ္ထဒဿီ ဘုရားရှင်၏ ဓာတ်တော်ကို ဌာပနာ၍ စေတီတည်ထား ပူဇော်ခဲ့လေသည်။ ဤဘီလူးသည် ထိုကုသိုလ်ကြောင့် အပါယ်လေးပါး မလားရောက်ဘဲ လူ့ပြည်၊ နတ်ပြည် ကျင်လည်ပြီးလျှင် ယခုဂေါတမ ဘုရားရှင်လက်ထက်တော်၌ ပဋိသမ္ဘိဒါ လေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော ပစ္စုပဋ္ဌာနသညက အမည်ရှိသော ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံရလေသည်။ ထို့ကြောင့် ဂေါပကအဖွဲ့ဝင် ဒါယကာတို့သည် မဟာဝိဇယစေတီတော်မြတ်ကြီး၏ ဝေယျာဝစ္စများကို ပြုလုပ်ဆောင်ရွက်သည့်အခါ သက်တော်ထင်ရှား မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးရသကဲ့သို့ ကြည်ညိုလေးစား စိတ်ဝယ်ထား၍ ထက်သန်သောစေတနာ၊ ကြည်လင်သော သဒ္ဓါတရားတို့ဖြင့် ပြုလုပ်ဆောင်ရွက်ကြရမည်။သပ္ပုရိသနွယ်ဝင် သူတော်စင် အပေါင်းတို့သည်လည်း မဟာဝိဇယစေတီတော်မြတ်ကြီးကို ရှိခိုးပူဇော်ကြသည့်အခါ မြတ်စွာဘုရား၏ အရဟံ သမ္မာသမ္ဗုဒ္ဓ အစရှိသော ကျေးဇူးတော် ဂုဏ်တော်တို့ကို အာရုံပြုလျက် သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်ရသကဲ့သို့ပင် ဆင်ခြင်ရှုပွား နှလုံးထား၍ လေးစားကော်ရော် ပူဇော်ကြကုန်ရာသတည်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ နယ် ငွေကြာရံပရိယတ္တိစာသင်တိုက်၏ ပဓာန နာယက ရန်ကုန်တိုင်း ဒဂုံမြို့နယ် မဟာဝိဇယစေတီတော်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဘဒ္ဒန္တရေဝတ မဟာထေရ်၏ ဩဝါဒကထာ
ဤမဟာဝိဇယစေတီတော်ကြီးကို ၁၃၄၂ ခုနှစ် နယုန်လဆန်း ၁၄ ရက် အင်္ဂါနေ့ (၂၇-၅-၈၀) ညနေ ၄ နာရီ မိနစ် ၅ဝ တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပပြီးစီးသည့် အထိမ်းအမှတ်အဖြစ်ဒဂုံမြို့နယ်အတွင်းရှိ ဓမ္မရက္ခိတကုန်းမြေတွင် တည်ထားကိုးကွယ်လာသည်မှာ ယခုအခါ အနှစ် ၂၉ နှစ်သို့ပင် ချင်းနင်းဝင်ရောက်လာပြီဖြစ်ပါသည်။
မဟာဝိဇယစေတီတော် ဌာပနာတိုက်၌ ကိန်းဝပ်စံပယ်တော်မူသော ရုပ်ပွားတော်မှာ နာဂစီဝရ ပဋ္ဌပဋိမာရုပ်ပွားတော်မြတ်ဖြစ်သည်။ ထိုရုပ်ပွားတော်သည် နီပေါနိုင်ငံ ဘုရင်မင်းမှ မြန်မာနိုင်ငံတော်အား ဓမ္မပဏ္ဏာတော်အဖြစ် ပေးပို့ခဲ့သော ဆင်းတုတော်မြတ်ဖြစ်သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၌ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဦးတည်၍ ပထမ အကြိမ် သံဃာ့ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီး ပြီးစီးအောင်မြင်ချိန်ဖြစ်သည်။ ယင်းသံဃာ့ ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးမှာ မြန်မာနိုင်ငံတော်၌ တစ်ရံတစ်ခါမှ မဖြစ်ဖူး၊ မရှိခဲ့ဖူးသော အစည်းအဝေးကြီးဖြစ်သည်။ ယင်းအစည်းအဝေးကြီးသည် သာသနာ့လောက၌ သံဃာတော်များ အချင်းချင်း ညီညွတ်ပေါင်းစည်းခြင်း အောင်မြင်မှုကြီးတစ်ရပ်ပင် ဖြစ်ခဲ့ပါသည်။
ထိုဂိုဏ်းပေါင်းစုံ သံဃာ့ပေါင်းစု ညီညွတ်ခြင်း အောင်မြင်မှုကြီးသည် ဤမဟာဝိဇယ စေတီတော်ကြီး တည်ထားကိုးကွယ်ရန် အဓိကအကြောင်းဖြစ်လာခဲ့ပေသည်။ စင်စစ်မှာ မြန်မာနိုင်ငံသမိုင်း၌ ဂိုဏ်းပေါင်းစုံ သံဃာထုကြီး ညီညွတ်မှုအောင်မြင်ခြင်းကို နိမိတ်ပြု၍ ဤစေတီတော်၏အမည်ကိုလည်း မဟာဝိဇယ (ကြီးမြတ်သောအောင်မြင်မှု) စေတီတော်ဟု အမည်ပေးခြင်းဖြစ်သည်။
မဟာဝိဇယစေတီတော်ကြီးအား တည်ထားရန် သင့်တင့်လျောက်ပတ်သောနေရာကို ရွေးချယ်ကြရာတွင်လည်း ရွှေတိဂုံစေတီ၏တောင်ဘက် ၊ သွေးဆေးကန်၏ အရှေ့ဘက်ကျသော ကုန်းမြေကို ရွေးချယ်ကြလေသည်။ ဤကုန်းမြေကိုပင် ရှေးသူတော်ကောင်းတို့ တရားကျင့်သုံး ခဲ့သော နေရာဖြစ်၍ ဓမ္မရက္ခိတ(တရားစောင့် သော) ကုန်းမြေဟု အမည်ပေးခဲ့ကြလေသည်။ ထို့ကြောင့် ဓမ္မရက္ခိတကုန်းမြေနှင့် မဟာဝိဇယစေတီတော်ကြီးမှာ ရွှေနှင့်မြကဲ့သို့ပင် ပဏာတင့် လျက်ရှိပေသည်။
မြန်မာတို့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်အားလျော်စွာ အခွင့်သာတိုင်း ဘုရားတည်း ကျောင်းဆောက်ခြင်းစသော သာသနိက အဆောက်အဦတို့ကို လည်း ပြုလုပ်တည်ထားကိုးကွယ်ကြသူများ ဖြစ်ကြ၏။ ဤမဟာဝိဇယစေတီတော်ကြီးသည်လည်း အဘက်ဘက်မှ အကြောင်းတရားများနှင့် ပြည့်စုံလာ၍ ဖူးမြော်ကြည်ညိုကိုးကွယ်ခွင့်ရသော စေတီတော်ကြီးတစ်ဆူဖြစ်လာခဲ့ပေသည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် တည်ထား ကိုးကွယ်သော စေတီပုထိုးများအနက် သမိုင်းဝင် သမိုင်းတွင်မည့် စေတီတော်ကြီးလည်း ဖြစ်ပေသည်။
ထို့ကြောင့် ဤမဟာဝိဇယစေတီတော်ကြီးနှင့် ပတ်သက်၍ ပြည့်စုံလုံလောက်သော သမိုင်းစာမျက်နှာသစ်တစ်ရပ်လည်းရှိ သင့်ပေသည်။ ဤအကြောင်းနှင့်စပ်၍ ဂေါပကအဖွဲ့မှ ဦးဆောင်၍ သမိုင်းပညာရှင်များနှင့် မဟာဝိဇယစေတီတော်ကြီးသမိုင်းကိုလည်း ပြုစုနေပြီဟု သိရှိရ၍ လွန်စွာဝမ်းမြောက်ပါ၏။
ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း ဤစေတီတော်ကြီးကို အကြောင်းပြု၍ ကုသိုလ် တရားများတိုးပွားရခြင်း၊ နောင်မျိုးဆက်သစ်တို့အတွက်လည်း အမျိုးမာန်၊ ဇာတိမာန်နှင့်ဘာသာ သာသနာစိတ်ထက်သန်ရခြင်း ဟူသော လက္ခဏာကောင်းများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ ထို့ပြင် စေတီတော်ကို ကိုးကွယ်ဆည်းကပ်ခဲ့ခြင်းကြောင့် သတ္တဝါတို့သည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာမှန်၊ မြတ်နိဗ္ဗာန်သို့ ရောက်ရှိနိုင်ပုံကို သာဓကဆောင်၍ ပြရသော်-
လွန်ခဲ့သော အတ္ထဒဿီမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဧကဥဒါနိယမထေရ် အလောင်း ဘီလူးသည် သာဂရမထေရ်၏ လမ်းညွှန်မှုဖြင့် စေတီတော်ကို ငါးနှစ်ပူဇော်ခဲ့၏။ ထိုကောင်းမှုကံကြောင့် လူ့ပြည် ၊ နတ်ပြည်တို့၌ ကျင်လည်ခဲ့ရလေသည်။ မထေရ်အလောင်းသည် ကဿပမြတ်စွာ ဘုရားလက်ထက်၌ အမျိုးကောင်းသားဖြစ်လာပြီး မြတ်စွာဘုရားရှင်၏ တရားတော်ကိုနာကြားရ၍ သဒ္ဓါတရားဖြစ်ကာ ရဟန်းပြုလေ၏။ ထိုဘဝမှစုတေပြီးနောက် နတ်ပြည်၊ နတ်လောကဟူသော သုဂတိဘုံဘဝတို့၌သာ ကျင်လည်ခဲ့ရလေသည်။
ထို့နောက် မထေရ်အလောင်းသည် ဤဂေါတမမြတ်စွာလက်ထက်၌ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော ပုဏ္ဏားမျိုးတွင် အမျိုးကောင်းသားလာဖြစ်၏။ သိကြားလိမ္မာသောအရွယ်သို့ ရောက်သောအခါ ရဟန်းပြုပြီး ဝိပဿနာတရား အားထုတ်လေသော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။ ထိုရဟန္တာမထေရ်အမည်မှာ ဧကဥဒါနိယမထေရ်ဖြစ်၏ဟု ထေရအဋ္ဌကထာ ပထမစာအုပ် စာမျက်နှာ (ထေရ-ဌ-၁၊ ၁၉၂)၌ ပါရှိပေသည်၊
ထိုအကြောင်းနှင့်စပ်၍ အပဒါန်ပါဠိတော်၌ ဤသို့မိန့်ဆိုထားပါသည်-
(က)ယောစ ပူရေယျ သမ္ဗုဒ္ဓံ၊ တိဋ္ဌန္တံ လောကနာယကံ၊ ဓာတုံ သာသပမတ္တမ္ပိ၊ နိဗ္ဗုတဿာပိ ပူဇယေ။ “အကြင်သူသည် လူတို့၏ ရှေ့သွားဖြစ်သော သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်ရာ၏။ အကြင်သူသည် ပရိနိဗ္ဗာန်စံတော်မူသော မြတ်စွာဘုရား၏ မုန်ညင်းစေ့ခန့်မျှရှိသော ဓာတ်တော်၊ စေတီတော်ကို ပူဇော်ရာ၏။”
(ခ) သမေ စိတ္တပ္ပသာဒမှိ၊ သမံ ပုညံ မဟဂ္ဂတံ၊ တသ္မာ ထူပံ ကရိတွာန၊ ပူဇေတိ ဇိနဓာတုယော။ “စိတ်၏ ကြည်ညိုခြင်းတူမျှသော် မြတ်သည်၏ အဖြစ်သို့ရောက်သော ကောင်းမှုသည် တူမျှ၏၊ ထို့ကြောင့် ဘုရားရှင်၏ ဓာတ်တော်တို့ကို ပုထိုးစေတီတော် ပြုလုပ်၍ ပူဇော်လော့”ဟု မိန့်တော်မူ၏။
(ဂ) သာဂရဿ ဝစော သုတွာ၊ ဗုဒ္ဓထူပံ အကာသဟံ ပဉ္စဝဿ ပရိစရိ’၊ မုနိနော ထူပမုတ္တမံ။ “ငါသည် သာဂရမထေရ်၏ စကားကိုကြား၍ စေတီတော်ကို တည်ထားကိုးကွယ်၏။ မြတ်စွာဘုရား၏ စေတီတော်မြတ်ကို ငါးနှစ်ပတ်လုံး လုပ်ကျွေးပူဇော်၏။”
(ဃ) တေန ကမ္မေန ဒွိပဒိန္န၊ လောကဇေဋ္ဌ နရာသဘ၊ သမ္ပတ္တိံ အနုဘောတွာန၊ အရဟတ္တမပါပုဏီ။ “အခြေနှစ်ချောင်းရှိသူ လူနတ်သတ္တဝါတို့ကို အစိုးရသော လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက်မြတ်သော မြတ်စွာဘုရား. . . တပည့်တော်သည် ထိုကောင်းမှုကံကြောင့် စည်းစိမ်ကို ခံစားရ၍ (နောက်ဆုံး) အရဟတ္တဖိုလ်သို့ ရောက်ရပါ၏”ဟု ဧကဥဒါနိယမထေရ်သည် ဂေါတမဗုဒ္ဓမြတ်စွာအား လျှောက်ထားခဲ့ လေသတည်း။ ဤမျှဖြင့် ဘုန်းကြီး၏ သြဝါဒကထာကို နိဂုံးချုပ်အပ်ပါသည်။ သတ္တဝါအပေါင်း ဒုက္ခခပ်သိမ်း အေးငြိမ်းနိုင်ကြပါစေ။
မဟာဝိဇယစေတီတော်ဘုရားရှိခိုး
ဓမ္မရက္ခိတ ထလမှိ၊ ဟေမံဂရီဝ သတ္တိတံ။ မဟာဝိဇယာ ကာရိတံ၊ မယံ ဝန္ဒာမ သာဒရံ။
ဓမ္မရက္ခိတ ထလမှိ၊ ကမ္ဘာတစ်ဝန်းတွင် အံ့ဘနန်းဝင်၍ မှတ်တမ်းတင်အပ် ရွှေတိဂုံ စေတီတော်မြတ် တောင်အရှေ့ယွန်းယွန်းအရပ်၌ ထူးမြတ်နေရာ မကွာဓမ္မ စောင့်ရှောက်ကြဟု ထေရမဟာ ဂုဏ်ဝါကြီးလတ် မင်းကွန်းဆရာတော် အရှင်သူမြတ်၏ မည်မှတ်သညာ သာသနာမော်ကွန်း တည်စေညွှန်း၍ ပေါ်ထွန်းမည်ရ ဓမ္မရက္ခိတ နာမတွင်ခေါ် ကုန်းတော်ပေါ်၌။ ဟေမံဂိရီဝ၊ တာဝတိံသာနတ်တို့ရွာမှ စူဠာမဏိအမည်ရှိသည့် ရွှန်းအိသိင်္ဂီစေတီအလား ရွှေသား ရွှေအငူပေါ်မှာ ရွှေဇမ္ဗူသနင်း ရွှေတောင်ထွတ်မင်းကြီးကဲ့သို့။ သတ္တိတံ၊ ရဟန်းရှင်လူပြည်သူ ပြည်သား ဝေနေယျအများတို့အား မခြားရည်တူ သနားတော်မူအပ်သော မဟာကရုဏာတော်မြတ် အအေးဓာတ်ဖြင့် မြတ်ထက်မြတ်ရာ ဆင့်ကာတိုးပွား အကျိုးများဖို့ မြင့်မားတည်တံ့တော် မူပေထသော။
မဟာဝိဇယာ၊ ဂိုဏ်းပေါင်းစုံစုံ သံဃာထုကို ကမ္မူပဒေ အမြုတေဖြင့် ညီစေစုစည်း တစ်ခုတည်းသော သံဃာ့အဖွဲ့ကြီးကို ဖွဲ့စည်းလက်တွဲ ကြီးကျယ်သော မဟာအောင်ပွဲတော် ကြောင့်။ ကာရိတံ၊ သံဃာပေါင်းစု ညီညွတ်မှုကို အထုခိုင်ခံ့ တည်တံ့မော်ကွန်း ဖော်ညွှန်းဂုဏ်ဒြပ် အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ အကြောင်းတစ်ဖန် နီပေါနိုင်ငံဘုရင့်ထံမှ ပဏ္ဏာတော်ဆက်သ လက်ဆောင်တော်ရ နာဂစီဝရပဋပဋိမာ ဆင်းတုတစ်ဖြာနှင့် ပဉ္စဓာတုဝါဟန နာမတွင်ညီ မြတ်စေတီပြင် လုမ္ဗိနီမြေမြတ် မွေသရီဓာတ်အရပ်ရပ်ပေါင်းချုပ် ဓာတ်တော်ကြုတ်တို့ကို နှစ်နိုင်ငံ ချစ်ကြည်မှု အထိမ်းအမှတ်ပြု၍လည်းကောင်း၊ နိုင်ငံတော်အစိုးရနှင့်တကွ အများပြည်သူ လက်တွဲမူ၍ ရည်တူလှူဒါန်း အဆန်းဆန်းလျှင် ခမ်းခမ်းထည်ဝါ ကောဇာသက္ကရာဇ် (၁၃၄၂)တွင် ပန္နက်တင်မင်္ဂလာသမယ ဒုတိယဝါဆိုလပြည့် တနင်္ဂနွေနေ့မှစ၍ ကောင်းစွာမသွေ တည်ထား ကိုးကွယ်တော်မူပေထသော။
မဟာဝိဇယံ၊ ကြီးမြတ်အောင်ခြင်း ဂုဏ်ရင်းမှန်စွာ သညာမှည့်ခေါ် မဟာဝိဇယ စေတီတော်ကို။ မယံ၊ ဗုဒ္ဓဓမ္မ သံဃသုံးဖုံ ခိုလှုံယုံကြည် ရတနာ့ဂုဏ်ရည် သညီတွင်ခြင်း ဝတ်အသင်းမှန် မင်္ဂဉာဏ်လေးခု ကျေးဇူးပြု၍ ရှေးရှုနိဗ္ဗာန် ဝင်စံလိုလား အာရုံထားလျက် မြတ်ဘုရားဒေသနာ အဖြာဖြာကို စေတနာသုံးရပ် ပီတိကပ်၍ အမြတ်စိတ်ပွား မဟာကုသလ ပထမစိတ်ထားဖြင့် ရွတ်ပွားပူဇော် ဘုရားတပည့်တော်တို့သည်။ သာဒရံ သာဒရန္တော၊ ခြေလက် နဖူး တံတောင်ဒူးကို အထူးတုပ်ဝပ် ကိုယ်ကိုညွတ်၍ ရွတ်ဆိုရင်းပင် ရိုသေခြင်းရှိကြကုန်သည် ဖြစ်၍။ ဝန္ဒာမ၊ ဘုရားရှင့်ဂုဏ်ကျေးဇူးဟုန်ကို အာရုံသွင်းကြည် ဇောမနသီဖြင့် စေတီတော်အား ရိုညွှတ်တွားလျက် ဆယ်ပါးရန်မျိုး ပယ်နှိမ်ချိုးကာ လက်စုံမိုး၍ ရှိခိုးကြပါကုန်၏ ဘုရား။