ယုံကြည်ပူဇော်မှုဆိုင်ရာ
ဓတရဋ္ဌ၊ ဝိရူဠှက၊ ဝိရူပက္ခ၊ ကုဝေရ ဟူသောနတ်မင်းကြီးလေးပါးကို ပါဠိလို `စတုမဟာရာဇ´ ဟုခေါ်၏။ (စတု=လေးယောက်သော+ မဟာရာဇ= နတ်မင်းကြီး) ထိုနတ်မင်းကြီးလေးပါးကိုဆည်းကပ်ခစားရသည့်လက်အောက်ခံနတ်တို့မှာ `စတုမဟာရာဇိက´ ဟုခေါ်သည်။ နတ်မင်းကြီးလေးပါး နှင့် စတုမဟာရာဇိကနတ်တို့၏ နေရာဘုံကိုပါဠိလိုစာတုမဟာရာဇိကာမြန်မာလို စတုမဟာရာဇ်ဘုံ သို့မဟုတ် စတုမဟာရာဇ်နတ်ပြည်ဟု ခေါ်ဆိုသည်။
ဤဘုံ၌ – သိကြားမင်း ကိုယ်စား
- ဓတရဋ္ဌ နတ်မင်း
- ဝိရူဠှက နတ်မင်း
- ဝိရူပက္ခ နတ်မင်း
- ကုဝေရ နတ်မင်း ဟူ၍ နတ်မင်းကြီးလေးပါး အုပ်စိုးသည်။
ဓတရဋ္ဌနတ်မင်းကြီးသည် ငွေရောင်တောက်ပသောမြင်းမိုရ်တောင်၏ အလယ်ခုလတ် အရှေ့ဘက်နံပါး၌ တည်လျက် ဂန္ဓဗ္ဗနတ်(မွှေးကြိုင်သော နံ့သာပင်၌ ပဋိသန္ဓေနေကြသော နတ်များ) အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။ ဝိရူဠှကနတ်မင်းကြီးသည် မြရောင်တောက်ပသော မြင်းမိုရ်တောင်၏ တောင်ဘက်နံပါး၌ တည်လျက် ကုမ္ဘာန်(ကြီးမားသော ဝမ်းဗိုက်နှင့် ဝှေးစေ့၊ ပြူးကျယ်နီမြန်းသော မျက်စိ ရှိကြသော ဒါနဝရက္ခိုသ်)အပေါင်းတို့ကို အုပ်ချုပ်၍ မင်းလုပ်သည်။ ဝိရူပက္ခနတ်မင်းကြီးသည် ဖန်ရောင်တောက်ပသော မြင်းမိုရ်တောင်၏ နောက်ဘက်နံပါး၌ တည်လျက် နတ်နဂါး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။ ကုဝေရနတ်မင်းကြီးသည် ရွှေရောင်တောက်ပသော မြင်းမိုရ်တောင်၏ မြောက်ဘက် နံပါး၌ တည်လျက် နတ်ဘီလူး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
စတုမဟာရာဇ် နတ်ပြည်သည် လူ့ဘုံရဲ့အထက် ယူဇနာ လေးသောင်းနှစ်ထောင် ဝေးကွာသော ယုဂန္ဓိုရ်တောင် (မြင်းမိုရ်တောင်ထက်ဝက်အမြင့်ရှိ) ထိပ်မှစ၍ မြင်းမိုရ်တောင် အောက်ခြေထိ ကျယ်ပြန့်သည်။ ဗိမ္ဗိသာရဘုရင်သည် စတုမဟာရာဇ်ဘုံတွင် ဝေဿဝဏ်နတ်မင်းကြီး၏ အခြံအရံ ဇနဝသဘ နတ်စစ်သူကြီးဖြစ်သည်။ စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ် (၅၀၀) ရှိ၏။ လူတို့၏နှစ်အရေအတွက် အရ အနှစ် (၉) သန်းဖြစ်သည်။ လူတို့၏ နှစ်ပေါင်း (၅၀) သည် စတုမဟာရာဇ်နတ်သက် (၁) ရက် ဖြစ်သည်။ ထိုနတ်မင်းကြီး လေးယောက်တို့မှာ ခွန်အားဗလကြီးသည့် သားတော် ကိုးကျိပ်တစ်ယောက်စီ ရှိကြသည်။ ထိုသားတော်တို့၏ အမည်ကို မိမိတို့၏ အရှင် သိကြားမင်း၏ အမည်အတိုင်း `ဣန္ဒ´ ဟုချည်း အမည်တစ်ခုတည်းပေးထားကြသည်ဟု သုတ်ပါထေယျပါဠိတော်၊ အာဋာနာဋိယသုတ်နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့၌ ဟောကြားဖွင့်ဆိုထားပေသည်။ ထိုနတ်မင်းကြီးလေးပါးတို့သည် လောကကြီးကို စောင့်ရှောက်နေကြသည့် နတ်မင်းကြီးများဖြစ်သောကြောင့် `စတုလောကပါလ´’ နတ်မင်းကြီးများဖြစ်ကြောင်း ပေတဝတ္တုပါဠိတော်နှင့် အဋ္ဌကထာ တို့မှာ ဟောကြားဖွင့်ဆို ထားသည်။