သမိုင်းတစ်လျှောက် ထူးခြားဖြစ်စဥ်များ

ကျိုက္ကလော့စေတီတော်၏ သမိုင်းဝင်ဖြစ်စဥ်များနှင့် မှတ်တမ်းများ

ထူးခြားဖြစ်စဥ် (၁)
စေတီတော်ကြီးတွင် ၁၉၇၅-၇၆ ပြာသို ၊ တပို့တွဲလများက ရောင်ခြည်တော်လွှတ်ခဲ့သည် ။ ၁၉၉၉ ခုနှစ်တွင်လည်း စေတီတော်ကြီး၏ ရာဟုထောင့်မှ ရောင်ခြည်တော်လွှတ်ခဲ့သည်။
ထူးခြားဖြစ်စဥ် (၂)
၁၉၇၄ ခုနှစ်မှစတင်၍ ပြာသိုလဆန်း (၁၀) ရက်တွင် ဆေးပဌာန်းပွဲတော်နှင့် ဒေဝီဆေးပွဲ (ဗြဟ္မဝိဟာရဒေဝီဆေးပွဲတော်) ကျင်းပခဲ့သည်။ ၃နှစ်သာ ကျင်းပခဲ့သည်။
ထူးခြားဖြစ်စဥ် (၃)
စနေထောင့်တွင်အောင်မြေနေရာ သတ်မှတ်ထားသည်။ ဘိုးတော်တစ်ဦးမှ လာရောက် သတ်မှတ်ခဲ့သည်ဟူ၏ ။ အောင်မြေနင်း၍ ဆုတောင်း ဆုယူသူများ ရှိနေသည်။
ထူးခြားဖြစ်စဥ် (၄)
စနေထောင့် ဘီလူးချွတ်ခန်းတန်စောင်း (ပန်းပေးတောင်)ရှိ ဘုရားတွင် အဓိဌာန်ဝင်သူများ ရှိနေဆဲဖြစ်သည်။ ကွယ်ဝှက်ထားရှိမှုများ ပြန်တွေ့သည် ကြွေးဆုံးများပြန်ရသည်ဟုဟူ၏။
ထူးခြားဖြစ်စဥ် (၅)
တနင်္ဂနွေထောင့် ဆုတောင်းပြည့် အရုဏ်ခံဓမ္မာရုံတွင် တရားတဘောင်ကိစ္စများ အဆင်ပြေသည်ဟုဆိုကာ လာရောက်ဆုတောင်းဆုယူသူများရှိနေကြသည်။
ထူးခြားဖြစ်စဥ် (၆)
မင်းသမီးကြီး ဆုပန်ကလျာနန်းရှိရာသို့ ထိုင်းလူမျိုးများနှင့် ပဌာန်းဆက်ရှိသူများ လာရောက်ကြသည်။ ထိုင်းမင်းသမီးဟူ၍ အသိအမှတ်ပြုကြသည် ထိုင်းလူမျိုးများက ဆုပန်ကလျာနန်းကို ပြုပြင်မွမ်းမံလှူဒါန်းထားမှုများ တွေ့မြင့်နိုင်သည်။ မင်းသမီး၏နန်းတွင် ၁၉၉၇ - ၁၉၉၈ - ၁၉၉၉ သုံးနှစ်ဆက်တိုက် ဝိညာဥ်ခေါ်ပွဲ ပြုလုပ်ခဲ့ကြသည်။ ဝိညာဥ်ခေါ်ပွဲတွင် ထိုင်းလူမျိုး ၅၀ ဦးခန့်ရှိကြောင်း၊ မင်းသမီးကြီး၏ဝိညာဥ်ကို ထိုင်းသို့ပြန်လည်ခေါ်ယူကြရာ မင်းသမီးကြီးမှမလိုက်လိုဟုဆိုသဖြင့် သည်းစွာ ငိုကြွေး ကြသည်ဟူ၏။ ထိုင်းလူမျိုးတစ်ဦးမှ မင်းသမီးကြီး၏ပုံတော်ကို ထားရှိခဲ့ကြောင်း ယခုနန်းတွင် ပြသထားကြောင်း၊ မင်းသမီးကြီး၏ ပုံတူရုပ်ထုကို မင်္ဂလာဒုံမြို့နယ်နေ ကိုသီဟမှ ထုဆစ်ပေးခဲ့ကြောင်း ဆိုသည်။