သမိုင်းဝင်ကျိုက္ကလော့စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့သည် စေတီတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွါးရေးလုပ်ငန်းများကို အစဉ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိပြီး ကန်တော်မင်္ဂလာဝန်းကျင် သန့်ရှင်းသာယာလှပရေး ၊ သာသနာတော်ထွန်းကားရေးကိုကြိုးစား ဆောင်ရွက်လျက်ရှိရာ ဘုရားဖူးလာလုပ်သားပြည်သူများ စျာနမုဒြာတစ်ဆူဖူးမျှော်နိုင်ရန်နှင့် ကျိုက္ကလော့စေတီတော်စတင်တည်ထားရာ အရှင်ယသ အမှူးပြုသော ရဟန္တာအရှင်သူမြတ်များ ကန်တော်မင်္ဂလာ ကန်ဘောင်တွင် ကြွချီတော်မူလေဟန်နှင့် ဉာဏ်တော်(၃၆)ပေ အမြင့်ဆောင်သော စျာနမုဒြာတစ်ဆူ တည်ထားနိုင်ရေးအတွက် ဩဝါဒါစရိယ ဆရာတော်များ၊နာယကများ၊ တတ်သိကျွမ်းကျင်သောပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်၍ သာသနာနယ်မြေ စည်ပင်စေရန် ဆောင်ရွက်လိုသော အာသီသဆန္ဒ ဖြစ်ပေါ်လျက်ရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ဘုန်းတော်ပွင့်စျာနမုဒြာ တည်ထားနိုင်ရေး ကြိုးပမ်းပြင်ဆင်မှု
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် ဩဝါဒါစရိယဆရာတော်ကြီးများ၊ နာယကကြီးများ၏ ဩဝါဒကိုခံယူနိုင်ရေးအတွက် ၁၆-၇-၂၀၂၀ ရက်နေ့ ၀၉:၀၀ အချိန်တွင်ပြုလုပ်သော နှစ်ပတ်လည်အစီရင်ခံစာ ငွေစာရင်းရှင်းတမ်းအစည်းအဝေးတွင် ကနဦးလျှောက်ထားတင်ပြရာ ဆရာတော်ကြီးများမှ လုပ်ငန်းစီမံချက် ၁ စောင် အမြန်ရေးဆွဲတင်ပြရန်ညွှန်ကြားခဲ့သဖြင့် ၂၃-၇-၂၀၂၀ ရက်နေ့တွင် ဘုန်းတော်ပွင့်စျာနမုဒြာ တည်ဆောက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲ၍တင်ပြခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၄ရက်၊ ၁၃၈၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၂ ရက်၊ မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် ဩဝါဒါစရိယဆရာတော်များထံ ဒုတိယအကြိမ် လျှောက်ထားတင်ပြရာ ဘုန်းတော်ပွင့်စျာနမုဒြာ တည်ဆောက်နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိခဲ့ပါသည်။ ၁၆-၈-၂၀၂၀ ရက်နေ့တွင် ဩဝါဒါစရိယဆရာတော်များ၊ တိုင်းသံဃနာယကအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းသာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးတို့ထံသို့ လုပ်ငန်းစီမံချက် ၁ စုံစီတင်၍ ခွင့်ပြုချက်တောင်းခံခဲ့ပါသည်။ အဆိုပါပုဂ္ဂိုလ်များထံမှ တရားဝင်ခွင့်ပြုချက်ရရှိပြီးနောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ခွင့်ပြုချက်အရ ဂေါပကအဖွဲ့အားလုံးပါဝင်သော လုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီတို့ကို ကဏ္ဍအလိုက်ဖွဲ့စည်း၍ စနစ်တကျတာဝန်ပေးအပ်ခဲ့ပါသည်။
တည်ဆောက်ခြင်းလုပ်ငန်းစဉ်အတွက် စုံစမ်းဆောင်ရွက်ခြင်း
ဂန္ဓကုဋီတိုက်ပါသော စျာနမုဒြာတည်ဆောက်နိုင်ရေးအတွက် စုံစမ်းခြင်း၊ လေ့လာခြင်း လုပ်ငန်းများကို ဩဝါဒါစရိယဆရာတော်နာယကနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် ၂၃-၆-၂၀၂၀ ရက်နေ့တွင် အမြန်လမ်း(၁၅)မိုင် ဗုဒ္ဓရုပ်ပွားတော်ကို သွားရောက်လေ့လာခဲ့ကြပါသည်။ ၂၄-၆-၂၀၂၀ ရက်နေ့တွင် ကျိုက်ထိုမြို့ရှိ ထိုင်တော်မူရုပ်ပွားတော်အား သွားရောက်လေ့လာခဲ့ပါသည်။ ၁၄-၇-၂၀၂၀ ရက်နေ့တွင် ဓနုဖြူမြို့ရှိ ထိုင်တော်မူရုပ်ပွားတော်အား သွားရောက်လေ့လာခဲ့ပါသည်။ ၂၁-၇-၂၀၂၀ ရက်နေ့တွင် ဓနုဖြူမြို့သို့ ထိုင်တော်မူရုပ်ပွားတော်အား ဒုတိယအကြိမ်လေ့လာပြီးနောက် မြန်မာမှုပညာရှင်နှင့် အလွတ်သဘောဆွေးနွေးခဲ့ကြပါသည်။ ၂၄-၇-၂၀၂၀ ရက်နေ့တွင် ကြော်ငြာဆိုင်းဘုတ်များ ရေးဆွဲကြော်ငြာခြင်း၊ လုပ်ငန်းစီမံချက်များ၊ ပန်းဖလက်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၇-၆-၂၀၂၁ ရက်နေ့တွင် ပုဂံရှိ အလိုတော်ပြည့် ရုပ်ပွားတော်မြတ်ကြီးအား လေ့လာရန် သွားရောက်ခဲ့ကြပါသည်။