ဘုန်းတော်ပွင့်စျာနမုဒြာ

ကျိုက္ကလော့စေတီတော်၏ ဘုန်းတော်ပွင့်စျာနမုဒြာ တည်ထားခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ(၃)

မုနိလေးဆူပင့်ဆောင်ပူဇော်ခြင်း

မဟာမုနိ (မန္တလေးမြို့)၊ ရှင်ကျော်မုနိ (ကျောက်တော်မြို့)၊ ရွှေဘုံသာမုနိ (ပြည်မြို့တစ်ဖက်ကမ်း ရွှေဘုံသာရွာ)၊ မာရ်အောင်မြင်မုနိ (ဇလွန်မြို့) များတွင် သီတင်းသုံးလျက်ရှိပြီး အများပြည်သူတို့ တစ်စုစည်းတည်း ဖူးမျှော်နိုင်ရန် ရည်ရွယ်လျက် မုနိလေးဆူနှင့် အလိုတော်ပြည့် အဘယလာဘမုဒြာ တစ်ဆူတို့အား ဂန္ဓကုဋီတိုက်တွင် အပူဇော်ခံထားရှိပါသည်။ မုနိလေးဆူ၏ ဉာဏ်တော်အမြင့်မှာ ၄ပေ ၆လက်မ ရှိပြီး မန္တလေးမြို့တွင် သွန်းလောင်းပြီးစီး၍ ပင့်ဆောင်ခဲ့ရာ ကျိုက္ကလော့ဘုရားသို့ ၂၅-၉-၂၀၂၁ ရက်နေ့ ရောက်ရှိပြီး ဝေပုလ္လဓမ္မာရုံတွင် ခေတ္တသီတင်းသုံးရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ သီတင်းသုံးရန် ဂန္ဓကုဋီတိုက်ပြီးစီး၍ ၉-၂-၂၀၂၂ ရက်နေ့ ၁၄၀၀ နာရီအချိန်တွင် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နာယကကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ စေတီတော်ဝတ်အသင်းသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်စုံညီစွာဖြင့် ဒေဝါဝင်း ရာဇဝင်းခင်း၍ မင်္ဂလာစောင်းအဖွဲ့သားများဖြင့် ဧည့်ခံတီးခတ်ပြီး ဂန္ဓကုဋီတိုက်အတွင်းသို့ ပင့်ဆောင်၍ အပူဇော်ခံထားရှိပါသည်။
 

ဌာပနာတော်သွင်းမင်္ဂလာ

ဘုန်းတော်ပွင့်စျာနမုဒြာရုပ်ပွားတော်မြတ်ကြီး နှင့် ကျိုက်ထီးရိုးလေးစေတီတည်ထား ပြီးစီး၍ ဌာပနာတော်သွင်းမင်္ဂလာ အခမ်းအနားကို ၁၃၈၃ ခုနှစ် ပြာသိုလဆန်း ၁၄ ရက်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ နာယကကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဌာပနာပစ္စည်းအလှူရှင်များ၊ ဧည့်ပရိတ်သတ်များစုံညီစွာတက်ရောက်ကြပြီး လှူဒါန်းထားသော ရွှေ ငွေ ရတနာများ၊ မြတ်ဗုဒ္ဓ၏ ဓာတ်တော် မွေးတော်များ၊ ဆင်းတုတော်များအား အများပြည်သူရှေ့မှောက်တွင် ဖွင့်ဖော်၍ ရတနာရေရွှေကြုတ်၊ ငွေကြုတ်၊ ပတ္တမြားကြုတ်အတွင်း ထည့်သွင်းပြီး ဒေဝါဝင်း ရာဇဝင်းခင်း၍ မင်္ဂလာစောင်းအဖွဲ့သားများမှ တီးခတ်ပြီး ဘုရားကြီးအား လင်္ကျာရစ်တစ်ပတ်ပတ်၍ ဘုန်းတော်ပွင့်စျာနမုဒြာ ရုပ်ပွားတော်မြတ်ကြီး ဌာပနတိုက်နှင့် ကျိုက်ထီးရိုးလေးစေတီ ဌာပနာတိုက်အတွင်းသို့ ပင့်ဆောင်၍ သတ်မှတ်နေရာများတွင် စနစ်တကျထည့်သွင်းပြီး ဌာပနာတိုက်အား သံကူကွန်ကရစ်ဖြင့် ပိတ်သိမ်းခဲ့ပါသည်။

ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့်ရေစက်ချမင်္ဂလာကျင်းပခြင်း

ဘုန်းတော်ပွင့်စျာနမုဒြာရုပ်ပွားတော်မြတ်ကြီး နှင့် ကျိုက်ထီးရိုးလေးစေတီ တည်ထားပြီးစီးသဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း နှင့် ရေစက်ချမင်္ဂလာအခမ်းအနားအား ၁၃၈၃ ခုနှစ် ပြာသိုလပြည့်နေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ဘုရားကြီးအထက်ပစ္စယံ အရုဏ်ခံတန်စောင်း၊ ဘုန်းတော်ပွင့်စျာနမုဒြာ မုနိလေးဆူ၊ အလိုတော်ပြည့်အဘယလာမုဒြာနှင့် ကျိုက်ထီးရိုးလေးစေတီတို့တွင် တစ်ပြိုင်တည်းပြုလုပ်ခဲ့ရာ နိုင်ငံတော် သံဃနာယကဥက္ကဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုမာရ နှင့် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီး ၄ ပါး၊ တိုင်းသံဃနာယကဥက္ကဌဆရာတော်၊ တိုင်းသံဃနာယက အတွင်းရေးမှူး ဆရာတော်၊ စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်သံဃာ ဆရာတော်များ၊ မင်္ဂလာဒုံတပ်နယ်မှူး၊ တိုင်းသာသနာရေးမှူး နှင့် ညွှန်ကြားရေးမှူးများ၊ မြောက်ပိုင်းခရိုင်စီမံအုပ်ချုပ်ရေးမှူး၊ မြောက်ပိုင်းခရိုင်သာသနာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ စေတီတော် ဂေါပကအဖွဲ့၏ နာယကကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ စေတီတော် ဝတ်အသင်းသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များစုံညီစွာ တက်ရောက်၍ ဆရာတော်ကြီးများမှ ဗုဒ္ဓါဘိသေက အနေကဇာတင်ရွတ်ဖတ်ပူဇော်ကြပြီး နိုင်ငံတော် သံဃာမဟာနာယကဥက္ကဌဆရာတော် ဘုရားကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှတမ်းပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။