ဗုဒ္ဓအဆုံးအမများ

ဗုဒ္ဓဘာသာဝင်များအတွက် လမ်းညွှန်ချက်များနှင့် အဆုံးအမများ

ကြီးပွါးရေးလမ်းစဉ် ( အရှင်ဇနကာဘိဝံသဆရာတော်ဘုရားကြီး )

အနေလည်းကောင်း စိတ်လည်းကောင်း၍ ကောင်းကောင်းပညာတတ်မှသာ ငါဟာကြီးပွါးမည်။
အနေမကောင်း စိတ်မကောင်း၍ ကောင်းကောင်းပညာမတတ်ပါ ငါသာဆုတ်ယုတ်မည်။

ကိုယ်ပြုတဲ့ကံ ( ဓမ္မဒါယာဒအရှင်နန္ဒသာရ(မဇ္ဈိမဒေသ) )

သူတစ်ပါးကို ဘယ်တော့မှ စိတ်မချမ်းသာအောင် မလုပ်မိစေနဲ့။
သူတစ်ပါးကို စိတ်မချမ်းအောင်လုပ်မိရင် တစ်နေ့မှာ ကိုယ်ကိုယ်တိုင် စိတ်မချမ်းသာမှုနဲ့ ရင်ဆိုင်တွေ့ကြုံရလိမ့်မယ်။

မုချချမ်းသာမည် ( မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး )

သဒ္ဒါလွန်ကဲ ပညာနည်း တလွဲယုံတတ်သည်။
ပညာလွန်ကဲ သဒ္ဒါနည်း စဉ်းလဲကောက်တတ်သည်။
သတိတရား ထိုနှစ်ပါး စွမ်းအားညှိပေးသည်။
လုံ့လလွန်ကဲ အငြိမ်နည်း မစွဲပျံ့လွင့်သည်။
အငြိမ်လွန်ကဲ လုံ့လနည်း ဖင့်နွဲနှေးကွေးသည်။
သတိတရား ထိုနှစ်ပါး စွမ်းအားညှိပေးသည်။
စွမ်းအားညီမှ ကောင်းကျိုးရ မုချချမ်းသာမည်။

အရာရာမှာလေးနက်ထက်သန်ပါစေ ( ကျေးဇူးတော်ရှင် တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ )

မှန်မှန်သွားသူထက် ပြေးသူက ခရီးပိုမြန်၏။
မလွဲသာ၍ ဝတ်ကျေတန်းကျေ လုပ်နေရသူထက် စိတ်အားထက်သန်ကြိုးစားသူက ပို၍ အလုပ်တွင်၏။
အမှတ်မထင်ပေါ့ပေါ့ဆဆပြောတတ်သူထက် စဉ်းစားနှိုင်းချိန်၍ ပြောသူ၏စကားက လေးနက်၏။
မှန်ကန်၍တန်ဖိုးရှိ၏။
ဤကားကြိုးစားခြင်း သတိဆောင်ခြင်းတို့ကြောင့် သူတစ်ပါးထက်ထူးကဲသော သတ္တိ ဗျတ္တိ ဖြစ်သည်။

သီလမရှိသော် ( ကျေးဇူးတော်ရှင် ပထမရွှေကျင်ဆရာ )

ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော အပင်နှင့်တူ၏။
စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။
ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။

စေတနာကောင်းဟူသည် ( တိပဋကဓရ ယောဆရာတော်ဘုရား )

စေတနာကောင်းမှ ရလဒ်ကောင်းမှာမို့ စေတနာကောင်းမွန် ရိုးဖြောင့်ဖြူစင်အောင် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ လိုအပ်ပါတယ်။
စေတနာကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်တွေ ငါးပါးရှိတယ်။
အဓိကအားဖြင့်-
၁။ ယုံကြည်လက်ခံမှုအင်အားဆိုတဲ့ သဒ္ဒါတရား ။
၂။ ရုန်းကန်လှုပ်ရှားမှုဆိုတဲ့ ဝီရိယ ။
၃။ ထိန်းသိမ်းမှုအင်အားဆိုတဲ့ သတ္တိ ။
၄။ စူးစိုက်တည်ငြိမ်ပေါင်းစည်းမှုအင်အားဆိုတဲ့ သမာဓိ ။
၅။ အလင်းရောင်ပေးမှုအင်အားဆိုတဲ့ ပညာ ။ အဲဒီငါးပါးပဲ။ အဲဒီငါးပါးကောင်းသလောက် စေတနာကောင်းလာပါတယ်။

ပျက်စီးခြင်း(၄)မျိုး ( သင်္ဂဇာဆရာတော် )

၁။ ပုဏ္ဏားက ရှင်ဘုရင်အလုပ်ကိုလုပ်ရင် ဇာတ်ပျက်တယ်။
၂။ ရှင်ဘုရင်က ပုဏ္ဏားအလုပ်ကိုလုပ်ရင် တိုင်းပြည်ပျက်တယ်။
၃။ လူက ရဟန်းအလုပ်ကိုလုပ်ရင် စီးပွါးပျက်တယ်။
၄။ ရဟန်းက လူအလုပ်ကိုလုပ်ရင် သာသနာပျက်တယ်။

လူကိုကြည့်လိုက်ရင် ( အရှင်နန္ဒမာလာဘိဝံသ(ပါချုပ်ဆရာတော်) )

လူကိုကြည့်လိုက်ရင် တရားရတဲ့သူနဲ့ တရားမရတဲ့သူ သိပ်ကွာတယ်။
နှုတ်ထိန်းသိမ်းမှုမရှိတာဟာ စိတ်ထိန်းသိမ်းမှုမရှိလို့။
ကိုယ်အမူအရာထိန်းသိမ်းမှုမရှိတာဟာလည်း စိတ်ငြိမ်းချမ်းမှုမရှိလို့ပဲ။
ဒီလိုအကဲခတ်လို့ရတယ်။

လူဆိုတာ ( သီတဂူဆရာတော်ဘုရားကြီး )

မှားတတ်တာက လူပါ။
မှားမှန်းမသိတာက လူညံ့။
သိရက်နဲ့ဆက်မှားနေတာ လူမိုက်။
မှားဖို့ပဲကြိုးစားနေတာက လူယုတ်မာ။

အဆုံးအမကိုခံယူတတ်စေ ( ရွှေကျင်သာသနာပိုင်မြောင်းမြဆရာတော်ဘုရားကြီး )

တပည့်သားမြေးဆိုတာဟာ လိမ္မာကျွမ်းကျင်တဲ့ ဆရာသမားကောင်း၊ မိဘဘိုးဘွားကောင်းတို့ရဲ့ ဆုံးမဩဝါဒကို နာခံမှတ်သားလိုက်တာကြမှသာ နောင်တစ်ချိန်မှာ လောကရေး၊ ဓမ္မရေးတွေနဲ့ စပ်ပြီးတော့ လိမ္မာကျွမ်းကျင်တဲ့ လူတော် လူကောင်းတွေဖြစ်လာနိုင်တယ်။

ကျောက်သံပတ္တမြားဆိုတာဟာ တွင်းထဲက ထွက်လာတဲ့အတိုင်း အရိုင်းသက်သက်ဆိုရင် သိတ်တန်ဘိုး မရှိလှသေးဘူး။ ကျွမ်းကျင်တတ်မြောက်တဲ့ ကျောက်သွေး သမားတွေရဲ့ ပြုပြင်မှု အကွက်ဖော်ပေးမှု အရောင်တင်ပေးမှုကို ရမှသာ တန်ဘိုးမြင့်တဲ့ ကျောက်ကောင်းဖြစ်လာနိုင်တယ်။

မြတ်ဗုဒ္ဓ၏ ဩဝါဒကထာ ( မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇ အစိုးရဓမ္မာစရိယ ဘဒ္ဒန္တ သောဘဏ )

ပုဏ္ဏားတို့ သင်တို့သည် ဖွားမြင်သည်မှ အသက် တစ်ရာ့နှစ်ဆယ်ရှိကုန်၍ အိုမင်း ကြီးမြင့် အရွယ် ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ်ရောက်ကြကုန်၏။

သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီး စွဲလောင်အပ်၏ ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပေးလှူခြင်းဖြင့် ထုတ်ယူအပ်သည်သာတည်း ပေးလှူအပ်ပြီးသောအလှူ"ဒါန"သည် ကောင်းစွာ ထုတ်ယူထားအပ်ပြီးမည်၏။

ဤမျက်မှောက်ဘဝ၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဉ်ရှင်နေစဉ် ကောင်းမှုကိုပြုခြင်းသည်လည်းကောင်း တမလွန်ဘဝသို့ ပြောင်းသွားသောသူအား ချမ်းသာခြင်းငှါဖြစ်၏။