ကျိုက်ဝိုင်းစေတီတော်မြတ်ဆိုင်ရာ
စေတီတော်သမိုင်း
တည်နေရာ
စိန်ဖူးတော်/ထီးတော်
အထက်ပစ္စယံ
ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး သမိုင်း

ဆံတော်ရှင်စေတီတော်မြတ်အား ရှေးမွန်မင်းများက တည်ထားကိုးကွယ်ခဲ့ ကြသည်။ မွန်ဘုရင်ရာဇာဓိရာဇ် သည် ဂဝံကျောက် ဖြင့်ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်ဟု ရှေးပညာရှိများ အဆိုရှိခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်တွင် ဖိုးသူတော်ကြီး ဦးကာယ ဦးဆောင်၍ စေတီတော်မြတ်အား ပြန်လည်ပြုပြင် တည်ဆောက်ရာ နှစ်ပေါင်း ၁၆၀ ကျော် ရှိပြီးဖြစ်ပါသည်။ ဆံတော်ရှင်စေတီတော်မြတ်ကြီးကို ခေတ်အဆက်ဆက်က သဒ္ဓါကြည်လင် ပါရမီရှင် ဘဏ္ဍာတော်ထိန်း ဂေါပကများက ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပါသည်။ အဆက်ဆက်သော ဂေါပကအဖွဲ့များ၏ အခြေခံကောင်းများကိုရယူပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် ဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ စေတီတော်မြတ်ကြီးသည် လုံးတော်ပြည့် ရွှေသင်္ကန်းတော်များဖြင့် အလွန်ကြည်ညိုဖွယ်ကောင်းလှပါသည်။ စေတီအရံပေါင်း ၁၁၇ ဆူရှိရာ (၄)ဆူအားထာဝရ အလှူရှင်များက ထီးတော်များကို ရွှေသင်္ကန်း ချထားပူဇော်ပြီး ကျန်စေတီရံ (၁၁၃)ဆူ၏ ထီးတော်များအား ရွှေစတီးထီးတော်အသစ်များဖြင့် တင်လှူပူဇော်ထားရှိပါသည်။ တောင်ဘက်စောင်းတန်း၊ အနောက်ဘက်စောင်းတန်း၊ မြောက်ဘက်စောင်းတန်း နှင့် အရှေ့ဘက်စောင်းတန်း တို့အား အသစ်တည်ဆောက်ကာ သတ္တသတ္တာဟခုနစ်ဌာန၊ ဓမ္မစကြာတရားဦး ဟောဟန်၊ ရဟန္တာခြောက်ကျိပ် သာသနာပြုစေလွှတ်ဟန်၊ ပရိနိဗ္ဗာန်ပြုခန်းနှင့် ရှင်အရဟံနှင့် အနော်ရထာရုပ်ထုများ ထုလုပ်ပူဇော်ထားရှိပါသည်။
ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၏ တည်နေရာ

ရှေးဟောင်းသမိုင်းဝင်အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းမကြီးဘေးတွင် တည်ရှိပါသည်။
စိန်ဖူးတော်နှင့် ထီးတော်

သာသနာတော်နှစ် (၂၄၀)တွင် မူလဘုရားဒါယကာ သန်လျင်သီဟဒီပမင်းနှင့် သီဟိုဠ်ရဟန္တာ (၇)ပါးတို့က တည်ထားခဲ့ပြီး မြန်မာသက္ကရာဇ် (၇၅၉)ခုနှစ်ခန့်တွင် မွန်ဘုရင်ရာဇာဓိရာဇ်က မွမ်းမံတည်ထားခဲ့ရာ မွန်တို့၏ နောက်ဆုံးမင်း ဟံသာဝတီ ပြည့်ရှင် ဘုရင်သမိန်ထောရာမနန်းကျသည့် (၉၁၄)ခုနှစ်အထိတိုင် အစဉ်အဆက် ထိန်းသိမ်းပြုပြင်ကိုးကွယ်ခဲ့ရာမှ (၁၂၂၅)ခုနှစ်အရောက်တွင် ဘိုးသူတော် ဦးကာယ အမည်ရှိ ဝတ်ဖြူသူတော်စင်သည် (၁၂၂၅)ခုနှစ် နတ်တော်လဆန်း (၁၀)ရက် သောကြာနေ့မှစ၍ ရသေ့အသွင် ခုနစ်ရက် ဝတ်ဆင်လျက်
- ကုန်းတော်အပြင် လေးမျက်နှာစတုရန်း အထက်ပစ္စယံရှစ်မြှောင့်ချိုး ဂဝံကျောက်ဟောင်းများကို ဖိနပ်တော်ခင်းခြင်း၊
- အထက်လုံးဝန်း အမြင့်ဉာဏ်တော် အတောင်သုံးဆယ်ရှိ အုတ်သားစေတီကို အရွယ်အစားပမာဏသုံးပါး အဆင့်သုံးပါးရှိ ဗုဒ္ဓသရီရဓာတ်တော် မွေတော် ဆူရေအများ၊ ရဟန္တာဓာတ်တော် မွေတော် ဆူရေအများ၊ ရုပ်ပွားတော် ဆင်းတု တော် ဆူရေအများ၊ ပိဋကတ် ပါဠိရေးသားထားသော ပေ-ပရပိုက်အများကို ဌာပနာတိုက်၌ သွင်းနှံဌာပနာလျက် တည်ထားပြုပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ရာ တွင် သုံးလမျှဖြင့် စေတီတော် အပြီးတိုင် ရောက်ရှိခဲ့လေသည်။
မြန်မာသက္ကရာဇ် (၁၃၀၀)ပြည့်နှစ်တွင် ဗုဒ္ဓဟိတဓရသံဃအဖွဲ့သည် ဟောင်းနွမ်းချို့ယွင်းလျက်ရှိသော ကာလတန်ဖိုးကျပ်(၃၀၀)တန် စေတီတော်မြတ်ကြီး၏ ထီးတော်ဟောင်းကိုချ၍ များပြားလှစွာသော စေတနာရှင် သူတော်စင်အပေါင်းတို့၏ စေတနာထူး၊ သဒ္ဓါထူးတို့ဖြင့် ဓာတ်တော်၊ မွေတော်၊ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြားစသော ရတနာများ လှူဒါန်းကြခြင်းတို့ကြောင့် စိန်ဖူးတော်အဟောင်း ကို အသစ်ပြုပြင်မွမ်းမံ၍ (၁၃၀၁)ခုနှစ်၊ ကဆုန်လတွင် ထီးတော် အသစ်နှင့် စိန်ဖူးတော်အသစ် တပ်ဆင်လှူဒါန်းပြီးဆုံးခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ အောင်ပွဲသဘင် ဆင်ယင်ကျင်းပ အမျှပေးဝေခြင်း ပြုလုပ်ခဲ့ ကြပါသည်။
ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံ

ဖိုးသူတော် ဦးကာယသည် မြန်မာသက္ကရာဇ် (၁၂၂၅)ခုနှစ်မှ (၁၂၃၄) ခုနှစ်အထိ ကိုးနှစ်ပတ်လုံး စေတီတော်ကိစ္စအဝဝကို ကြိုးပမ်းရွက်ဆောင် ပြုစု အားထုတ်လျက်နေလာခဲ့ရာ (၁၂၃၄)ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၂)ရက် အသက်(၇၀)ပြည့်နှစ်တွင် အနိစ္စသဘောသို့ ရွေ့လျောပြောင်းသွားကွယ်လွန်လေ သည်။
ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်ရုပ်အလောင်းကောင်ကို မင်္ဂလာဒုံတိုက်သူကြီးမင်း ဦးတာပိုးက ကမကထပြုလုပ်ဆောင်ရွက်လျက် ကောင်းမွန်စွာပြင်ဆင်ပြီး ၎င်းခုနှစ်တပေါင်းလဆန်း (၁၃)ရက်နေ့တွင် ကျိုက်ဝိုင်းစေတီတော်အနီးတွင် အုတ်ဂူ သွင်းလျက် သင်္ဂြိုဟ်ကြလေ၏။
ဖိုးသူတော် ဦးကာယကွယ်လွန်အနိစ္စရောက်သော ထို (၁၂၃၄)ခုနှစ်အတွင်းမှာ ပင် မင်္ဂလာဒုံတိုက်သူကြီးမင်း ဦးတာပိုးနှင့် စေတီတော်၏အနီးအပါး သမိုင်းရွာ၊ ဘိုကုန်းရွာ၊ သမိုင်းကုန်းရွာများမှ ကြည်ညိုသဒ္ဓါပွားကြသူများက စေတီတော်၏ ဖိနပ်တော်အထက်ပစ္စယာ၌
- ပထမအဆင့်တွင် (၈၅)ဆူ
- ဒုတိယအဆင့်တွင် (၁၆)ဆူ
- တတိယအဆင့်တွင် (၁၆)ဆူ
စုစုပေါင်း စေတီရံ (၁၁၇)ဆူ လှူဒါန်းကြပါသည်။
ယခုအခါ အဆိုပါ စေတီရံ (၁၁၇)ဆူမှာ အလှူရှင်အသီးသီးမှ ရွှေသင်္ကန်းတော် များ ကပ်လှူထားကြရာ စေတီတော်ရံများ၏ အောက်ခြေ၌ အလှူရှင်အမည် အား ကမ္ပည်းရေးထိုးထားပါသည်။