သာသနာတော်ထွန်းကားမှု
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
ခေတ်အဆက်ဆက်သာသနာတော်ထွန်းကားလာမှု

ကျိုက်ဝိုင်းစေတီတော်မြတ်ကြီးကို ဩဝါဒစရိယဆရာတော်ကြီးများ၏ လမ်းညွှန်ချက်များနှင့်အညီ ဂေါပကအဖွဲ့ဝင်များနှင့် အများပြည်သူတို့၏ ကောင်းမှုတော်များဖြင့် ခေတ်အဆက်ဆက်သာသနာတော်ထွန်းကားပြန့်ပွားလာအောင်ဆောင်ရွက်ခဲ့ကြသည်။
မြန်မာသက္ကရာဇ် (၇၅၉)ခုနှစ်၊ (၁၂၂၅)ခုနှစ် များနှင့် ယနေ့ထိတိုင်
သာသနာတော်နှစ် (၂၄၀)တွင် မူလဘုရားဒါယကာ သန်လျင် သီဟဒီပမင်းနှင့် သီဟိုဠ်ရဟန္တာ (၇)ပါးတို့က တည်ထားခဲ့ပြီး မြန်မာသက္ကရာဇ် (၇၅၉)ခုနှစ်ခန့်တွင် မွန်ဘုရင်ရာဇာဓိရာဇ်က မွမ်းမံတည်ထားခဲ့ရာ မွန်တို့၏ နောက်ဆုံးမင်း ဟံသာဝတီ ပြည့်ရှင် ဘုရင်သမိန်ထောရာမနန်းကျသည့် (၉၁၄)အထိသည် ကျိုက်ဝိုင်းစေတီတော် မြတ်ကြီး၏ သာသနာတော်မှာ ထွန်းကားခဲ့ပြီးနောက်ပိုင်းကာလများတွင် မှေးမှိန် သကဲ့သို့ရှိရာမှ မြန်မာသက္ကရာဇ် (၁၂၂၅)ခုနှစ်နောက်ပိုင်းတွင်မူ မွမ်းမံဘုရားဒါယကာ ဘိုးသူတော် ဦးကာယ၊ မင်္ဂလာဒုံတိုက်သူကြီး ဦးတာပိုးနှင့် စေတီတော်အနီး ကျောင်းတိုက်များရှိ ဆရာတော် သံဃာတော်အရှင်မြတ်များ၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘဏ္ဍာထိန်းဂေါပကအဖွဲ့ အဆက်ဆက်၏ပြုပြင်ထိန်းသိမ်း သာသနာပြုလုပ်ငန်းများကြောင့် ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ ဂေဇက်ဝင်ဘုရား များစာရင်းတွင်ပါဝင်ကာ သာသနာထွန်းကားလျက်ရှိပါသည်။