ဖူးမြော်လေ့လာရန်နေရာများ

ကျိုက်ဝိုင်းစေတီတော်သမိုင်း

ဆံတော်ရှင်စေတီတော်မြတ်အား ရှေးမွန်မင်းများက တည်ထားကိုးကွယ်ခဲ့ ကြသည်။ မွန်ဘုရင်ရာဇာဓိရာဇ် သည် ဂဝံကျောက် ဖြင့်ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်ဟု ရှေးပညာရှိများ အဆိုရှိခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်တွင် ဖိုးသူတော်ကြီး ဦးကာယ ဦးဆောင်၍ စေတီတော်မြတ်အား ပြန်လည်ပြုပြင် တည်ဆောက်ရာ နှစ်ပေါင်း ၁၆၀ ကျော် ရှိပြီးဖြစ်ပါသည်။ ဆံတော်ရှင်စေတီတော်မြတ်ကြီးကို ခေတ်အဆက်ဆက်က သဒ္ဓါကြည်လင် ပါရမီရှင် ဘဏ္ဍာတော်ထိန်း ဂေါပကများက ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပါသည်။ အဆက်ဆက်သော ဂေါပကအဖွဲ့များ၏ အခြေခံကောင်းများကိုရယူပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် ဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ စေတီတော်မြတ်ကြီးသည် လုံးတော်ပြည့် ရွှေသင်္ကန်းတော်များဖြင့် အလွန်ကြည်ညိုဖွယ်ကောင်းလှပါသည်။ စေတီအရံပေါင်း ၁၁၇ ဆူရှိရာ (၄)ဆူအားထာဝရ အလှူရှင်များက ထီးတော်များကို ရွှေသင်္ကန်း ချထားပူဇော်ပြီး ကျန်စေတီရံ (၁၁၃)ဆူ၏ ထီးတော်များအား ရွှေစတီးထီးတော်အသစ်များဖြင့် တင်လှူပူဇော်ထားရှိပါသည်။ တောင်ဘက်စောင်းတန်း၊ အနောက်ဘက်စောင်းတန်း၊ မြောက်ဘက်စောင်းတန်း နှင့် အရှေ့ဘက်စောင်းတန်း တို့အား အသစ်တည်ဆောက်ကာ သတ္တသတ္တာဟခုနစ်ဌာန၊ ဓမ္မစကြာတရားဦး ဟောဟန်၊ ရဟန္တာခြောက်ကျိပ် သာသနာပြုစေလွှတ်ဟန်၊ ပရိနိဗ္ဗာန်ပြုခန်းနှင့် ရှင်အရဟံနှင့် အနော်ရထာရုပ်ထုများ ထုလုပ်ပူဇော်ထားရှိပါသည်။
ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၏ ၁၂ လရာသီပွဲတော်များ


တန်ခူးလ

ကဆုန်လ

နယုန်လ
ဘုရားဒါယကာကြီး ဦးကာယ

မွန်မင်းတို့ ဘုန်းတန်ခိုး အာဏာ လွှမ်းမိုးစဉ်အခါကစ၍ စေတီတည်ထား ပြုလုပ်ကိုးကွယ် ပူဇော်ဆည်းကပ်လာခဲ့ကြရာ မြန်မာသက္ကရာဇ် (၁၂၂၅) ခုနှစ်အရောက်တွင် စေတီတော်မြတ်ကြီး ကို ဆက်လက်တည်ထား ပြုစုထိုက်သော ပညာသမာဓိနှင့် ပြည့်စုံ၍ နည်းသောတပ်ခြင်း (အပ္ပိစ္ဆဂုဏ်) ဖြင့် ရက်သတ္တတစ်ပတ် လျှင် ဆွမ်းဆန်အလှူခံသောအခါ တစ်အိမ်လျှင် ဆန်တစ်လယ်မယ်စီ၊ တစ်စလယ် စီမျှလောက်သာ လောင်းလှူသည်ကို လက်ခံတတ်သော ဖိုးသူတော် ဦးကာယ ဆိုသူ ကိုမြင်ကြလျှင် များစွာသော သူတို့သည် သဒ္ဓါတရားဖြစ်ပွားကြီးမားကြကုန်၍ ဆန် တစ်ခွက်စီ၊ တစ်ပြည်စီ လောင်းလှူ လိုက်ကြကုန်၏။
ဤသို့ ဂုဏ်ထူးဟိတ်နှင့် ပြည့်စုံသော ဖိုးသူတော် ဦးကာယအမည်ရှိသော ဝတ်ဖြူသူတော် တစ်ပါးသည် ဤအရပ်ဌာနသို့ ရောက်လာပြီးလျှင် သမိုင်းရွာများ၌ ဂေါစရဂါမ်ပြုလုပ်ပြီး ဤကျိုက်ဝိုင်း စေတီတော်အနီးရှိ ဂူအတွင်း၌ တရားအားထုတ် ၍ နေထိုင်လေ၏။
မြန်မာသက္ကရာဇ် (၁၂၂၅)ခုနှစ်က ဤဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်မြတ်ကြီးကို ပြန်လည်တည်ဆောက်ရာ၌ အဓိက ဦးဆောင်ခဲ့သော ကျေးဇူးရှင် ဘုရားဒါယကာကြီး ဦးကာယ၏ ရုပ်ထုတော်ကို ယခင်က တန်ဆောင်းနှင့်တကွ တည်ထားခဲ့သည်။ ဦးကာယရုပ်ထု တော်အား ပိုမို၍ သဒ္ဓါကြည်ညိုမှုပွားများ ဂါရဝပြုနိုင်ရန် ဖိုးသူတော်ရုပ်ထုကို (၂၀၀၈)ခုနှစ်တွင် ထုလုပ်ထားပါသည်။