ဝိဇ္ဇာတန်ဆောင်း

ဝိဇ္ဇာတန်ဆောင်း

တနင်္ဂနွေအောင်မြေနှင့်ခရေပင်အိုကြီး အရိပ်အောက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက တရားထိုင်အားထုတ်သူ၊ အဘအောင်မင်းခေါင်၊ အဘဘိုးဘိုးအောင်ရုပ်တုငယ်များပူဇော်ပြီး ရေနွေး၊ ဆေးလိပ်ဆက်သူများနှင့် အေးချမ်းလှသည့်နေရာပင်ဖြစ်ပါသည်။ ခရေပင်အို၏ လက်တံများမှာ လူ ၂ ဖက်မျှပင်ကြီးမားပြီး၊ လက်မောင်းအရွယ်ရှိတောက်တဲ့ကြီးများလည်းရှိပါသည်။ ခရေပင်မှ တွဲလောင်းကျနေသည့် ညောင်မုတ်ဆိတ်မြစ်များမှ အောက်ရင်ပြင်ထိ တွဲလောင်းကျလျက်ရှိပါသည်။ ၂’ ခန့်ကျယ်သည် သံလက်ရမ်းကာ လမ်းလည်းတည်ဆောက်ထားပါသည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင်၊ ရန်ကုန်မြို့မှ လူမှုထူးချွန် ပထမအဆင့်၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးသိန်းဝင်း (ခ) လင်ကမ်းစိန်ကို ရည်စူး၍ ဇနီးဇေယျာလူမှု ထူးချွန်ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂီ ဒေါက်တာ ဒေါ်နီနီ နှင့် သားသမီးမြေးများ ( ရွှေသံလွင် ကုမ္ပဏီလီမိတက်) မိသားစုက၊ ၎င်းနေရာကိုတိုးချဲ့ အဆင့်မြင့်တည်ဆောက်ကာ၊ မှန်လုံခန်းအတွင်း၌ အဘအောင်မင်းခေါင်၊ ရက္ကန်းစင်တောင်ဆရာတော်၊ အဘဘိုးဘိုးအောင်ရုပ်တု ကြီးများဖြင့် ဝိဇ္ဇာတန်ဆောင်းအဖြစ် ယုံကြည်ကိုးကွယ်သူများဖူးမြှော်ကန်တော့နိုင်ရန် သဒ္ဓါတရားထက်သန်စွာ တည်ဆောက်လှူဒါန်းထားသဖြင့် နေ့စဉ် ကန်တော့ပွဲများ၊ အလှူငွေများ၊ ဆေးလိပ်၊ ကွမ်းယာ၊ မုန့်မျိုးစုံဖြင့်လာရောက်ကန်တော့ကြ ဆုတောင်း မေတ္တာပို့သနေကြသည်မှာ ကြည်နူးပီတိ ဖြစ်စရာ ဖြစ်ပါသည်။ တော်သလင်းလ အဘထွက်ပွဲကိုလည်း၊ ယုံကြည်သူများက ဤတန်ဆောင်းတွင် စည်ကားစွာလာရောက်ကျင်းပကြပါသည်။ ၂၀၂၄၊ မတ်လ (၁၈) ရက်နေ့က နေလဆရာတော်ဘုရား အမှူးထားပြီး Alliance Stars Group Companies Ltd မိသားစုက၊ မတ်ရပ်လေအေးပေးစက်ကြီးတစ်လုံး လှူဒါန်းထားသဖြင့် ဝိဇ္ဇာတန်ဆောင်းအတွင်းမှာ အေးချမ်းသက်သာယုံကြည်စွာ ဘုရားရှိခိုး၍ ဝိဇ္ဇာကြီးများထဲမှာ ဆုတောင်းနိုင်ကြပြီဖြစ်ပါသည်။ အင်္ဂလိပ်ခေတ်တွင် စေတီတော်ရင်ပြင်များပေါ်၌၊ ဇရပ်တန်ဆောင်းများဆောက်လုပ်ရန်၊ ဘုရားသူကြီးမှားက ခွင့်ပြုသည့်အလျှောက်၊ ရွှေတိဂုံ၊ ရွှေမော်ဓော၊ တွံတေးရွှေဆံတော်ရင်ပြင်များ ပေါ်တွင် ၁၂၅၁ ခုနှစ်ကျမှစတင်ခွင့်ပြုခဲ့သဖြင့်၊ တဖြေးဖြေး တန်ဆောင်းများ၊ အာရုံခံများ၊ စောင်းတန်းမုခ်ဦးများပေါ်ထွန်းလာခြင်းဖြစ်ပါသည်။