တောင်ဘက် အာရုံခံတန်ဆောင်း သက္ကရာဇ် ၁၂၆၀ ခုနှစ်က ကျောက်တန်းမြို့နယ် သီလဝါကျေးရွာနေ တန်ဆောင်းအမကြီး ဒေါ်ခိုဥပြုပြင်တည်ဆောက်လှူဒါန်းခဲ့သည့် တန်းဆောင်တော် စောင်းတန်းထိပ်တွင် ၁၂၇၃ ခုနှစ်၌ ဆံတော်ရှင်၏ ဘဏ္ဍာတော်ထိန်းလူကြီး ဦးဖန်လေး ဇနီးဒေါ်သစ် သားသမီးတစ်စုတို့က ခြင်္သေ့ရုပ်တုနှစ်ကောင်ကို ဆောက်လုပ် လှူဒါန်းထားခဲ့ပါသည်။ စောင်းတန်းလေးသွယ်တွင် မတ်စောက်မြင့်မားသည့် စောင်းတန်းဖြစ်ပါသည်။ ၁၂၈၉ ခုနှစ်တွင် တောင်ဘက်အာရုံခံတန်းဆောင်းတော်ကို ဒေါ်ခိုဥ မိသားစုကပင် တတိယအကြိမ်မြောက် ပြုပြင်မွမ်းမံဆောက်လုပ်ခဲ့ပါသည်။ မြန်မာမှုလက်ရာအပြည့်ပါပြီး ကောကာဂံမြတ်စွာဘုရားအပါ ရုပ်ပွါးတော်ပေါင်း (၁၈)ဆူ သီတင်းသုံးစံပါယ်တော်မူလျက်ရှိပါသည်။