ဘုရားစေတီများ

ဖူးမြော်သင့်သည့်ကြည်ညိုဖွယ်နေရာများ

သာသနာတော်နှစ် ၂၄၁ ခုနှစ်တွင် သထုံပြည်မှသာသနာပြုရဟန်းတော်အရှင်သောမာဃသည် သီဟကျွန်း(သီဟဒီပ) သန်လျင်သို့ရောက်ရှိလာပြီး၊ ဥတ္တရင်္ဂကုန်းပေါ်၌ သီတင်သုံးနေသည့် ခေါလကရသေ့နှင့်တွေ့ကာ၊ ရသေ့မှရဟန်းအဖြစ်သို့ ခံယူသည့်ရှင်ခေါလကနှင့်အတူ၊ အိန္ဒိယနိုင်ငံပါဋလိပုတ်နေပြည်ဘုရင်အာသောကမင်းထံသွားရောက်ကြပြီး ဘုရားရှင်၏ဓါတ်တော် မွေတော်များတောင်းခံရာ ဆံတော် (၂၄) ဆူရရှိခဲ့ပါသည်။ ပါဒဆိပ်ကမ်းမှတက်၍ ပင့်ဆောင်လာခဲ့ရာ၊ အပူဇော်ခံလိုသည့် ရွာများမှ ထွက်လာအလှူခံကြရာမှ ကျန်သောဆံတော်(၆) ဆူကို ဌာပနာကာ၊ သထုံပြည့်ရှင် စူဠသီရိမာသောကမင်းနှင့် အရှင်ခေါလကတို့က သာသနာတော်နှစ် (၂၄၁)တွင်ပင် ပထမဦးဆုံးဘုရားဒါယကာများ အဖြစ်ခံယူကာ တိုက်စေတီ တည်လှူခဲ့ကြပါသည်။ ခေါလကစေတီ၊ ခေါက်စေတီ၊ ကျော်ခိုက်စေတီမှ ကျိုက်ခေါက် စေတီအဖြစ် ယနေ့တိုင်တည်တံ့နေသည့် စေတီဖြစ်ပါသည်။ မင်းအဆက်ဆက်အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့က သာသနာပြုခဲ့ပြီး သက္ကရာဇ် ၁၂၉၂ ငလျင်ကြောင့် ခေါင်းလောင်းပုံအထက်ပြိုကျမှုကို ၁၂၉၄ ခုနှစ်တွင် ပြုပြင်တည်ထားခဲ့ရာ ဥာဏ်တော် ၂၂၄’.၆” ဖြင့်ယနေ့တိုင်ရွှေရောင်၀င်း၀ါတင့် တယ်သပ္ပါယ်စွာ တည်ရှိနေသည်မှာ နှစ်သက်တမ်း ၂၃၂၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ကျိုက်ခေါက်စေတီတော်ရောက်ရှိသည်နှင့် ကား၀င်းမှစက်လှေကားတက်ကာ ၊ ဓါတ်လှေကားခြေရင်းရောက် သည့်အခါ အေးမြရိပ်မွန်ရေတံခွန်ရူခင်းသာကို ကြည်နူးစွာကြည့်ရှုခံစားရမည့် ဖြစ်ပါသည်။ ရင်ပြင်တော်ရောက်ရှိသည်နှင့် ရွှေရောင်၀င်း၀ါတင့်တယ်လှသည့် ဥာဏ်တော် ၂၂၄’.၆” နှစ်သက်တမ်း ၂၃၀၀ ကျော်ရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်း၀င်ဆံတော် ရှင် ကျိုက်ခေါက်စေတီတော်ကို ဖူးမြှော်နိုင်ပါသည်။

ဖူးမြော်သင့်သည့်ကြည်ညိုဖွယ်နေရာများမှာ –

  • သုဒ္ဓိယု၀ အထူးအာရုံခံတန်ဆောင်း
  • ဓါတ်ပုံသမိုင်းပြခန်းနှင့်ဦးဘချိုတန်ဆောင်း
  • ကျွန်းတိုင်ကြီး ၄ လုံး၊ မြန်မာမှုများနှင့်အရှေ့အာရုံခံတန်‌ဆောင်း
  • ဂျာမာန်တန်ဆောင်း(ခေါ်)အလှူခံဌာန
  • နှစ်ရာကျော်တံခွန်တိုင်နှင့်နှစ်ရာပြည့်လျောင်းတော်မူတန်ဆောင်း
  • ဘုရင့်နောင်မင်းအောင်မြေနင်းကာ လှူဒါန်းထားသည့် ဆင်ရုပ်ခံကျောက်ထီး
  • ဆုတောင်းပြည့်အဓိဌာန်အောင်ရတနာမုနိစိန်ဘုရားနှင့်နှစ်ရာကျော် ဆင်းတုတော်များသီတင်းသုံးရာကျောက်တန်း တန်ဆောင်း
  • နှစ်ရာပြည့်ကြေးသွန်းမဟာမုနိဘုရားကြီး တန်ဆောင်း
  • မြန်မာ့မှုများနှင့်တောင်ဘက်အာရုံခံတန်ဆောင်း
  • မနုဿီဟ ရုပ်ထုလေးခုနှင့်ထူးခြားသည့် သံလုံဂူစေတီ
  • နှစ်ကျိပ်ရှစ်ဆူတန်ဆောင်း
  • နဂါးရုံဘုရားနှင့်စနေထောင့်အောင်မြေ
  • ရှေးဟောင်းဆင်းတုများနှင့်စနေတန်ဆောင်း
  • ဆုတောင်းကုသိုလ်ယူနိုင်သည့် ဆုံလည်စေတီ
  • ဆုတောင်းပြည့်အောင်မောင်း၊ ထိုးစည်နှင့်ကြေးစည်
  • အဓိဌာန်ရေအိုင်ရှိခဲ့သည့် အဓိဌာန်တန်ဆောင်း
  • အနောက်ဘက်အာရုံခံနှင့်ရူခင်းသာတန်ဆောင်း
  • နှစ်ရာကျော်အောင်ဆုပန်တန်ဆောင်း
  • ဆုတောင်းပြည့်သာသနာပြု ရာဟုဆင်ဖြူတော်
  • ‌မြောက်ဘက်အာရုံခံတန်ဆောင်း
  • နှစ်ရာကျော်ဆင်သုံး‌‌ကောင်တန်ဆောင်း
  • သက္ကရာဇ် ၁၂၉၂ ငလျင်ခခဲ့ ဘုံ ၉ ဆင့်ထီးတော်ပုံစေတီ
  • သက္ကရာဇ် ၁၂၂၀ ခုနှစ်က လှူဒါန်းထားသည့်ကြေးပိဿချိန် ၁၂၀၇ ပိဿ ၅၀ကျပ်သားရှိ ဆုတောင်းပြည့်ခေါင်းလောင်းတော်
  • သက္ကရာဇ် ၉၇၄ တပေါင်းလတွင် အနောက်ဘက်လွန်မင်းအောင်မြေနင်းခဲ့သည့် တနင်္ဂနွေအောင်မြေ
  • နှစ်ရာကျော်ခြေတော်ရာတန်ဆောင်း
  • သပြေကန်တန်ဆောင်းနှင့်ရုပ်ပွားဆင်းတုများ
  • ဘုရင့်နောင်တည်လှူသွားသည့် ကုသိန္နာရုံတန်ဆောင်း
  • အနော်ရထာမင်းလှူဒါန်းသွားသည့် ရဟန္တာသိမ်တော်
အဓိဌာန်အောင်လောကဥသျှောင် ဘေးရန်ကာမြတ်စွာဘုရား (ကျွန်းနက်သား ၉ပေအမြင့်)

သက္ကရာဇ် ၁၃၈၅ ခုနှစ် ပြာသိုလဆန်းတွင် စေတီတော်မြောက်ဘက်ခြေတော်ရင်းရှိ နေလတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တာတေဇိန္ဒမှ ကိုယ်တော်တိုင်စောင့်ကြပ်ကြည့်ရှုထုလုပ်ပူဇော်ထားရှိသည့် ဉာဏ်တော် ၉’ အမြင့်ရှိသည့် ကျွန်းနက်ဆင်းတုတော် “အဓိဌာန်အောင်လောကဥသျှောင် ဘေးရန်ကာမြတ်စွာဘုရား” ကို ဘုရားဖူးလာသူအားလုံး ဖူးမြော်ကြည်ညိုကုသိုလ်ယူနိုင်ရန် အဓိဌာန်အောင်ဆုများတောင်းနိုင်ရန် ရှုခင်းသာတန်ဆောင်းတော် အတွင်း၌ ပူဇော်ခံထားခြင်း ဖြစ်ပါသည်။

အောင်မြေ

သက္ကရာဇ် ၉၇၂ ခုနှစ်တွင် မဟာဓမ္မရာဇာဘွဲ့ခံအနောက်ဘက်လွန်မင်းက တောင်ငူမြို့ကိုလုပ်ကြံတိုက်ခိုက်ပြီး၊ “တောင်ငူသားတို့ကိုသစ္စာတော်ပေးစေ၊ထီးနန်းကိုမှန်ကင်းချ၍ မြို့ကိုအပ်ချေ” ဟုအမိန့်တော်စေခဲ့ရာ နတ်သျှင်နောင်မင်းသည် အနောက်ဘက်လွန်မင်း လက်အောက်ကျရောက်ခဲ့ရပါသည်။ နတ်သျှင်နောင်သည် သန်လျင်ဘုရင်ခံ ဒီဘရိတိုခေါ် ငဇင်ကာနှင့်မဟာမိတ်ပြုပြီးဖြစ်သဖြင့် ၊ သန်လျင်နှင့်ဆက်သွယ်ကာ ငဇင်ကာကိုခေါ်စေခဲ့ရာ၊ ပေါ်တူဂီတပ် တောင်ငူသို့ချီတက်လာပြီး၊ တောင်ငူနန်းတော်ကိုမီးတိုက်၊ ကျောင်းကန်အိပ်ယာများကို မီးရှို့ဖျက်ဆီး၊ ဆင်မြင်း ၊ ရွှေငွေများနှင့် နတ်သျှင်နောင်ကိုခေါ်ယူကာ သန်လျင်သို့ ပြန်ခဲ့ပါသည်။ အနောက်ဖက်လွန်မင်းသိရှိပြီး ၉၇၄ ခုနှစ်၊ ပြာသိုလဆန်း (၄)ရက်နေ့ညတွင် သန်လျင်ကိုစတင်ချီတက်၊ တပေါင်းလဆန်း(၂) ရက်နေ့တွင် ကျိုက်ခေါက်စေတီကို ဖူးမြော်၊ မကိုဋ်တော်ကို ငှက်ပျောဖူးထိပ်မှာတပ်လှူပြီး ‘သာသနာဖျက် ငဇင်ကာကို အောင်နိုင်ရပါလို၏’ ဆုတောင်းခဲ့ရာ၊ ၃၆ရက်မြောက်၊ ၉၇၅ခုနှစ်တန်ခူးလဆန်း (၈)ရက် ဗုဒ္ဓဟူးနေ့တွင် ဆုတောင်ပြည့်အောင်မြင်ခဲ့သည့် သမိုင်းဝင်အထင်ကရထူးခြားသည့်အောင်မြေပင်ဖြစ်ပါသည်။

ဆုတောင်းပြည့် ခေါင်းလောင်းတော်ကြီး

သက္ကရာဇ် – ၁၂၂၀ ခုနှစ်တွင် ရင်ပြည်တော်အရှေမြောက်၊ အောင်မြေအနီး၌ သန်လျင်မြို့အုပ်မင်း ဦးသာထွန်းအောင်နှင့် ဇနီးဒေါ်ပွင့်မ မိသားစုက ကြေးပိသာချိန် ၁၂၀၇ ပိသာ၊ ၅၀ကျပ်သားရှိခေါင်းလောင်းတော်ကြီးကို သွန်းလုပ်လှူဒါန်းထားခဲ့ပါသည်။ အမြင့် ၇’၁၀” နှင့်နှုတ်ခမ်းဝအချင်း ၃’ ရှိခေါင်းလောင်းကြီးဖြစ်ပါသည်။ သမိုင်းမှတ်တမ်းအရ၊ ယင်းနှစ်သည်ရတနာပုံမန္တလေး၌ သီပေါမင်းသား မွေးဖွားသည့်နှစ် နှင့်လည်း တိုက်ဆိုင်နေပါသည်။ ဘုရားဖူးများယုံကြည်သဒ္ဓါများစွာဖြင့် ဆုတောင်း၍ ဒါနကုသိုလ်ပြုကြသည့် ဆုတောင်ပြည့် ခေါင်းလောင်းတော်ကြီးလည်းဖြစ်ပါသည်။

ဆင်ရုပ်ခံကျောက်ထီး

သက္ကရာဇ် ၉၂၇ ခုနှစ် ဝါဆိုလဆန်း (၈) ရက်နေ့တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကို အသစ်ပြန်လည်တည်လှူရာတွင် မြတ်စွာဘုရားရှင်၏ နဖူးသင်းကျစ်ရိုးတော်နှင့်အတူ ထီးတော်၊ ငှက်မြတ်နားတော်၊ ကြာဖူးတော် တို့ကိုပါ လှူဒါန်းခဲ့ပြီးရင်ပြင်တော် အင်္ဂါထောင့်တွင် ဆင်ရုပ်ခံကျောက်ထီးကိုပါ လှူဒါန်းထားခဲ့သည်မှာ ယနေ့တိုင်သမိုင်းဝင်ထင်ရှားစွာတည်ရှိနေပါသည်။

မြဘုရားဆင်းတုတော်

သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက်နေ အလှူရှင် ဒေါ်အေးအေးခန့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှပင့်ဆောင်  ဥာဏ်တော် ၄’ ၊ အလေးချိန် ၂၆၀ ကီလို (၁၂၉ ပိဿ)ရှိ မြဘုရားဆင်းတုတော်ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပင့်ဆောင်လာသော ဆင်းတုတော်အား ရင်ပြင်တော် တောင်ဘက်ရှိ မြဘုရားတန်ဆောင်းတွင် ပင့်ဆောင်ပူဇော်ထားရှိပါသည်။

ထီးတော်ပုံစေတီတော်

သက္ကရာဇ် ၁၂၂၀ ခုနှစ်တွင် မြို့နယ်မင်း ဦးသာထွန်းအောင် လှူဒါန်းခဲ့သော ထီးတော်မှာ တိမ်းစောင်းပြီး ချို့ယွင်းမူများရှိနေသဖြင့် သမီး ဒေါ်သက်သက်စံက ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့်တိုင်ပင်ခွင့်ပြုမူရယူကာ ၁၂၇၇ ခုနှစ်၌ ထီးတော်ဟောင်းကို အောက်သို့ပင့်၍ ထီးတော်သစ်တင်လှူခဲ့ပါသည်။

ထီးတော်ဟောင်းကို ဆင်သုံးကောင်တန်ဆောင်းနှင့်ဆုတောင်းပြည့်ခေါင်းလောင်းတော်ကြားနေရာသို့ပင့် ပြီး ဘုံကိုးဆင့်ဖြင့် ထီးတော်ပုံစေတီတစ်ဆူတည်လှူခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၁၀ ရှိပြီဖြစ်ပါသည်။

နောင်တော်ကြီးစေတီ

ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်၏ကိုယ်စား နောင်တော်ကြီးစေတီတော်သည် နှစ်ကာလသက် တန်းကြာမြင့်ခဲ့ပြီး မူလနတ်သားအင်္ဂတေများမှာ ဆွေးမြေ့လာပြီဖြစ်သဖြင့်၊ သက္ကရာဇ် ၂၀၀၄ ခုနှစ်တွင် သြ၀ါဒါစရိယဆရာတော်ကြီးများထံ သြ၀ါဒခံယူပြီး မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ထားသော စေတီတော်မြတ် ဖြစ်ပါသည်။ မူလစေတီဥာဏ်တော်မှာ ၂၇’.၆’’ ဖြစ်၍၊ ယခုတည်ရှိသော ဥာဏ်တော်အမြင့်မှာ ၃၁’ ဖြစ်ပါသည်။