မြောက်ဘက်စောင်းတန်း

မင်းအဆက်ဆက်တည်ရှိခဲ့သည့် စောင်းတန်းလေးသွယ်အပေါ်မှ နတ်လမ်း၊ ပြာသာဒ်ဆောင်၊ မုခ်ဦးများ၊ အမိုးများကို သဒ္ဓါပေါက်သူ အလှုရှင်များက ဆင့်ကဲလှုဒါန်းခဲ့ရာ ၁၂၈၀ ခုနှစ်တွင် ဒလမြို့နယ် ပျော်ဘွယ်ကြီးရွာ ဦးဘိုးခင် ဇနီးဒေါ်နီတို့က ဆောင်းတန်း ထိပ်ပြာသာဒ်ဆောင်၊ မုခ်ဦးတို့ လှူဒါန်းခဲ့ကြပြီး၊ ၁၂၈၄ ခုနှစ်တွင် အထက်ပိုင်းစောင်းတန်းကို သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာနေ ဦးဘိုးညွှန့်သား မောင်ထွန်း၊ မောင်ဦးတို့က ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။ မြောက်ဘက်အာရုံခံတန်ဆောင်းကို သက္ကရာဇ် ၁၂၅၃ ခုနှစ်တွင် သန်လျင်မြို့နယ် ဘော့သပြေကန်ရွာ ဦးရွှေပေး သား ဦးရွှေဆိတ်၊ ကိုဘိုးငြိမ်း၊ သမီး မချို၊ မစိမ်း၊ မငြိမ်းတို့က စတင်တည်ဆောက်လှူဒါန်းကြခြင်း ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားနှင့် ဘုရားရုပ်ပွါးဆင်းရေတော် ၂၃ ဆူ သီတင်းသုံးစံပါယ်လျက်ရှိပါသည်။