ယုံကြည်ကိုးကွယ်မှုဆိုင်ရာ

ယုံကြည်ကိုးကွယ်မှုဆိုင်ရာများ

ကိုးကွယ်ယုံကြည်မှုဆိုင်ရာနေရာများမှာ –

  • သက်တော်ရှည်သာသနာပြုသန်လျင်ကျိုက်ခေါက်ဘိုးဘိုးကြီးနန်း

  • နဂါးသိုက်

  • ၀ိဇ္ဇာတန်ဆောင်း

  • ‌မြောက်ဘက်စောင်းတန်းဘေး နတ်သျှင်နောင် အုတ်ဂူ

  • ‌မြောက်ဘက်စောင်းတန်းမှ ကိုက် ၃၀၀ ခန့်တွင်ရှိ ၀န်ကြီးပဒေသရာဇာ

  • မင်းနန္ဒာကန်

တနင်္ဂနွေအောင်မြေနှင့်ခရေပင်အိုကြီး အရိပ်အောက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက တရားထိုင်အားထုတ်သူ၊ အဘအောင်မင်းခေါင်၊ အဘဘိုးဘိုးအောင်ရုပ်တုငယ်များပူဇော်ပြီး ရေနွေး၊ ဆေးလိပ်ဆက်သူများနှင့် အေးချမ်းလှသည့်နေရာပင်ဖြစ်ပါသည်။ ခရေပင်အို၏ လက်တံများမှာ လူ ၂ ဖက်မျှပင်ကြီးမားပြီး၊ လက်မောင်းအရွယ်ရှိတောက်တဲ့ကြီးများလည်းရှိပါသည်။ ခရေပင်မှ တွဲလောင်းကျနေသည့် ညောင်မုတ်ဆိတ်မြစ်များမှ အောက်ရင်ပြင်ထိ တွဲလောင်းကျလျက်ရှိပါသည်။ ၂’ ခန့်ကျယ်သည် သံလက်ရမ်းကာ လမ်းလည်းတည်ဆောက်ထားပါသည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင်၊ ရန်ကုန်မြို့မှ လူမှုထူးချွန် ပထမအဆင့်၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးသိန်းဝင်း (ခ) လင်ကမ်းစိန်ကို ရည်စူး၍ ဇနီးဇေယျာလူမှု ထူးချွန်ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂီ ဒေါက်တာ ဒေါ်နီနီ နှင့် သားသမီးမြေးများ ( ရွှေသံလွင် ကုမ္ပဏီလီမိတက်) မိသားစုက၊ ၎င်းနေရာကိုတိုးချဲ့ အဆင့်မြင့်တည်ဆောက်ကာ၊ မှန်လုံခန်းအတွင်း၌ အဘအောင်မင်းခေါင်၊ ရက္ကန်းစင်တောင်ဆရာတော်၊ အဘဘိုးဘိုးအောင်ရုပ်တု ကြီးများဖြင့် ဝိဇ္ဇာတန်ဆောင်းအဖြစ် ယုံကြည်ကိုးကွယ်သူများဖူးမြှော်ကန်တော့နိုင်ရန် သဒ္ဓါတရားထက်သန်စွာ တည်ဆောက်လှူဒါန်းထားသဖြင့် နေ့စဉ် ကန်တော့ပွဲများ၊ အလှူငွေများ၊ ဆေးလိပ်၊ ကွမ်းယာ၊ မုန့်မျိုးစုံဖြင့်လာရောက်ကန်တော့ကြ ဆုတောင်း မေတ္တာပို့သနေကြသည်မှာ ကြည်နူးပီတိ ဖြစ်စရာ ဖြစ်ပါသည်။ တော်သလင်းလ အဘထွက်ပွဲကိုလည်း၊ ယုံကြည်သူများက ဤတန်ဆောင်းတွင် စည်ကားစွာလာရောက်ကျင်းပကြပါသည်။ ၂၀၂၄၊ မတ်လ (၁၈) ရက်နေ့က နေလဆရာတော်ဘုရား အမှူးထားပြီး Alliance Stars Group Companies Ltd မိသားစုက၊ မတ်ရပ်လေအေးပေးစက်ကြီးတစ်လုံး လှူဒါန်းထားသဖြင့် ဝိဇ္ဇာတန်ဆောင်းအတွင်းမှာ အေးချမ်းသက်သာယုံကြည်စွာ ဘုရားရှိခိုး၍ ဝိဇ္ဇာကြီးများထဲမှာ ဆုတောင်းနိုင်ကြပြီဖြစ်ပါသည်။ အင်္ဂလိပ်ခေတ်တွင် စေတီတော်ရင်ပြင်များပေါ်၌၊ ဇရပ်တန်ဆောင်းများဆောက်လုပ်ရန်၊ ဘုရားသူကြီးမှားက ခွင့်ပြုသည့်အလျှောက်၊ ရွှေတိဂုံ၊ ရွှေမော်ဓော၊ တွံတေးရွှေဆံတော်ရင်ပြင်များ ပေါ်တွင် ၁၂၅၁ ခုနှစ်ကျမှစတင်ခွင့်ပြုခဲ့သဖြင့်၊ တဖြေးဖြေး တန်ဆောင်းများ၊ အာရုံခံများ၊ စောင်းတန်းမုခ်ဦးများပေါ်ထွန်းလာခြင်းဖြစ်ပါသည်။

ရှေးယခင်နှစ်တစ်ရာခန့်အထိ မြောက်ဘက်စောင်းတန်းရင်ပြင်တော်ထိပ်တွင် မထင်ရှားနတ်ကွန်းအဖြစ်တည်ရှိနေသည့် နေရာတွင် သာသနာပြုသက်တော်ရှည် ကျိုက်ခေါက်ဘိုးဘိုးကြီးရုပ်ထုလုပ်ပြီး ကျိုက်ခေါက်ဘိုးဘိုးကြီးနန်းအဖြစ် တည်ဆောက်လှူဒါန်းရန် ဆန္ဒပြင်းပြ အိပ်မက်များမြင်မက်လာသည့် ကျိုက်ခေါက်စေတီ ဘဏ္ဍာတော်ထိန်းဂေါဟာဟောင်း ဦးဘအို <ရာဘက်တရားသူကြီး> မိသားစုများက သက္ကရာဇ် ၁၂၈၇ ခုနှစ်တွင်၊ ဘုရားကုန်းကျေးရွာနေ ပန်းပုရုပ်ထုဆရာကြီး ဦးကြီးပြူကို အပ်နှံထုထုပ်စေပြီး၊ ယခုမြင်တွေ့ယုံကြည်စွာ ဆုတောင်းလှူဒါန်းမှုများ ပြုလုပ်နေကြသည့် အသက်ဝင်လှသည့် ဘိုးဘိုးကြီးရုပ်တုကို အောင်မြင်စွာ ဆန္ဒပြည့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံမှ ယုံကြည်စွာလာရောက်ဆည်းကပ်ဆုတောင်းကြသည်မှာ တစ်လလျင် ဦးရေ (၁၀၀) ခန့်ရှိ့ပြီး၊ မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်ကန်တော့ကြသူများမှာလည်း ဘိုးဘိုးကြီးပတ်လည်ပွဲထိုး လှူဒါန်းထားမှုများက သက်သေပင်ဖြစ်ပါသည်။

နဂါးသိုက်သည် ဆုတောင်းပြည့်ခေါင်းလောင်းတော်၏ တနင်္ဂနွေထောင့်အောင်မြေ အနီးဆက်စပ်နေရာရှိ နှစ်သက်တန်းအားဖြင့် နှစ် ၁၀၀ ကျော်သက်တန်းရှိ လူငါးဖက်မျှကြီးမားသည့် ခရေပင်အိုကြီး ပင်စည်အခြေတွင် ၁’ ပတ်လည်ခန့်ရှိသည့် အပေါက်ဝ ပါရှိနေခဲ့ရာ ၎င်းအပေါက်မှ ဓါတ်မီးအား ကောင်းကောင်းဖြင့် ထိုးကြည့်ပါက အတွင်းမြေပြင်မှာ ညီညာနေပြီး ဝင်ရောက်၍ရပါက တရားထိုင်ချင်စရာပင်ကောင်းသည့် နေရာကို၊ ယုံကြည်သူများက နဂါးသိုက်အဖြစ်သတ်မှတ်ကြပြီး နွားနို့၊ပေါက်ပေါက်ဆုပ်၊ သောက်ရေခွက်၊ ပန်း၊ ဆီမီး စသည်များ လာရောက်လှူဒါန်းကြသည်မှာ အမြဲမပြတ်ပင်ဖြစ်ပါသည်။ ထိုင်းနိုင်ငံမှဘုရားဖူးများက နဂါးရုပ်တုနှစ်ကောင်၊ ပုဝါစိမ်းစသည်များ ဆက်ကပ်ထား သဖြင့် ပို၍စိတ်ဝင်စားဖွယ်ရာပင် ဖြစ်ပါသည်။ ဤနေရာသည်လည်း ရှေးနှစ်များကတည်းက တရားအားထုတ်သူ အဓိဋ္ဌာန်ပုတီးစိပ်သူများနေ့စဉ်ရှိခဲ့သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်ပါသည်။

အင်္ဂါမင်းလက်ထက် ၁၀၃၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည့် ပဒေသရာဇာသည် နန်းတွင်းမှာ ကြီးပြင်းရသူဖြစ်သော်လည်း ရတု၊ ကဗျာ၊ ပျို့၊ လင်္ကာ၊ တျာချင်း၊ စချင်း၊ မဟာဂီတသီချင်းပေါင်းများစွာ ရေးသားခဲ့ရာတွင်၊ တံငါသမား၊လယ်သမား၊ လှေသမား၊ ထန်းတက်သမားတို့ဘဝကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ကွင်းဆင်းလေ့လာရေးသားခဲံ့သည့် ပြည်သူ့စာဆိုကြီး ဖြစ်ပါသည်။  မွန်ဘုရင်ဗညားဒလ၊ အင်းဝကိုလာရောက် တိုက်ခိုက်ပြီး၊ အရှင်သခင် ဖြစ်သော ညောင်ရမ်းဆက် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ ဟံသာဝတီမင်းတရား၊ မိဖုရားသားတော် သမီးတော်၊ မှူးကြီးမတ်ရာများနှင့်အတူ၊ စာဆိုကြီးလည်း သန်လျင်သို့ ၁၁၁၄ ခုနှစ်တွင် ရောက်ရှိခဲ့ရပါသည်။ ထိုမှဆက်၍ ချီတက်ရာတွင်၊ စာဆိုကြီး၏ ဝမ်းကိုက်ရောဂါ၊ အသက်အရွယ်အရ သန်လျင်ကျိုက်ခေါက်ဆရာတော်ကျောင်းမှာ ထားခဲ့ကြရာ၊ ဝိုင်းဝန်းပြုစုကြသော်လည်း ၁၁၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၃) ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ စေတီတော်မြောက်ဘက် ကုန်းမြေတွင် အရိုးအိုးစေတီတည်ထားသော်လည်း၊ ယခုအခါစေတီမရှိတော့ဘဲ အုတ်ဂူသာ အုတ်တံတိုင်း လေးဘက်အတွင်းလေးဘက် အတွင်းတည်ရှိနေပါသည်။ နှစ်သက်တန်း ၂၇၀ ပင်ရှိခဲ့ပြီဖြစ်ပါသည်။

သက္ကရာဇ် ၁၉ ခုနှစ်က ဒဂုံမြို့ (ရန်ကုန်) ဗိုလ်တထောင်ဆံတော်ဆိပ်တွင် ငမိုးရိပ်မိချောင်း၏ အတွင်း ခိုဝင်ရင်း အသက်ဇီဝိန်ချုပ်ခဲ့ရသည့် ချစ်သူမင်းသားလေး မင်းနန္ဒာကို ရည်စူးကာ ချစ်သက်သေကောင်းမှုတော်အဖြစ် သန်လျင်သူ ရှင်မွေ့နွန်း မင်းသမီးလေးက ရေကန်တစ်ကန်တူးဖော်ကာ “မင်းနန္ဒာကန် “ ဟုအမည်ပေးပြီး ၇ ရက် ၇ လီ သံဃ ဦးတော်အရှင်မြတ်များ ပင့်ဖိတ်ကာ ဆံတော်ရှင် ရင်ပြင်တော်မှာ အလှူကြီးပြုလုပ်ပြီး ရေစက်သွန်းလောင်းလှူဒါန်းခဲ့သည့် ရေကန်ပင်ဖြစ်ပါသည်။ ယနေ့တွင် မင်းနန္ဒာကန်နှင့်အတူ ကန်ပတ်လည်တွင် ပန်းအလှပင်များ ၊ ကစားကွင်းများ ပြုလုပ်၍ “ရှင်မွေ့နွန်းပန်းခြံ “ အဖြစ် ဘုရားဖူးလာပြည်သူများ အနားယူအပန်းဖြေကြသည့် နေရာပင်ဖြစ်သည်။

မူလဘုရားဒါယကာရှင်ခေါလက ရသေ့

သထုံဘုရင်

သုဝက္ကာဘူမိ သထုံပြည်မှ သာသနာပြုရဟန်းတော် အရှင်သောမာယ ပေါက္ခရဝတီ (ဒဂုံ/ရန်ကုန်) သို့ကြွရောက်လာပြီး၊ တစ်ဖက်ကမ်းရှိ သီဟကျွန်း ဥတ္တရင်္ဂကုန်းတွင် သီတင်းသုံးနေသည့်ရသေ့ကြီး ခေါလက (နောင်ရဟန်းပြုရှင်ခေါလက)နှင့် တွေ့ဆုံကာ၊ အိန္ဒိယပါဋလိပုတ်နေပြည်၊ ဘုရင်အာသောကမင်းထံ နှစ်ပါးတိုင်ပင်၍ ဘုရားရှင်၏ ဓာတ်တွေမွေတော်များ အလှူခံကြွလာရာ ဆံတော် ၂၄ ဆူရရှိခဲ့ပြီး သာသနာနှစ် ၂၄၁ တွင်၊ သိဟကျွန်းသို့ ပြန်လာရာ၊ ပါဒဆိပ်ကမ်းမှ တက်ရောက်ကြသဖြင့် အပူဇော်ခံဖို့ အလျူခံကြရာမှ ကျန်သောဆံနော် (၆)ဆူကို ဥတ္တရင်္ဂကုန်း (ယခင်က လှိုင်းပုတ်ကုန်း)တွင် ဌာပနာ၍ ဘုရားတည်ရန်၊ သထုံဘုရင် စူဠသီရိမာသောကမင်းထံ ဆက်သွယ် ပန်ကြားရဋမှ၊ သထုံဘုရင်ကြွရောက်လာပြီး၊ ရှင်ခေါလကို အကြောင်းပြုကာ ဆံတော်ရှင်ခေါကစေတီဟု သမုတ်တော်မူခဲ့၊ နောင်တွင် ဟံသာဝတီမွန်တိုင်းသားတို့က “ကျော်ခိုက်စေတီ” ဟုခေါ်ကြရာမှ၊ ယနေ့ထိ ဆံတော်ရှင်ကျိုက်ခေါက်စေတီဘွဲ့မည်ဖြင့် ထင်ရှားနေခဲ့သည်မျာ မူလဘုရားဒါယကာ နှစ်ပါး၏ကုသိုလ်တော်ပင်ဖြစ်ပါသည်။

တံခွန်တိုင်

သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် အထက်ရင်ပြင်တော်အရှေ့မျက်နှာစာ၌ ကျောက်တန်းမြို့မှ ဒေါ်မင်းလှ သား ဦးရွှေဇံ မိသားစုက အုတ်တံခွန်တိုင်ကိုတည်ဆောက်လှူဒါန်းခဲ့ပါသည်။  ရေရှည်တည်တံ့စေရန် အလှူရှင်များက ငွေပဒေသာပင်စိုက်ထူလှူဒါန်းက နှစ်စဥ်ဆေးရောင်ပြန်လည်တင် ခြင်း၊ မြန်မာ့မှု အမွမ်းအင်္ဂတေ ပန်းများတပ်ဆင်ခြင်းများ ဆောင်ရွက်ထားရှိပါသည်။

ဆုတောင်းပြည့် ဆင်ဖြူတော်

မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရားစေတီများတွင် ဆင်ဖြူတော်ရုပ်ထုများကိုမူ အနည်းငယ်မြင်တွေ့ကြရမှာဖြစ် ပါသည်။ ထိုအတူ ရင်ပြင်တော် ရာဟုထောင့်၊ ရာဟုဂြိုလ်တိုင်အနီး၌ အနောက်ဘက်သို့မျက်နှာမူကာ၀ပ်ဆင်းနေ သည့် သာသနာတော်စောင့် ဆင်ဖြူတော်ကြီးကို လည်းသက်ရှိထင်ရှားဆင်ဖြူတော်အလားအံ့သြဖွယ်ရာ မြင်တွေ့ရ မှာဖြစ်ပါသည်။ ဘုရားဖူးများက ဆင်ဖြူတော်ရှေ့ပွဲလှူကာ ဆုတောင်းကြသူများလည်းရှိကြပါသည်။ ဆုတောင်းပြည့်သည့် ဆင်ဖြူတော်ဟု ယူဆကြပါသည်။

မနုသီဟ

မြန်မာနိုင်ငံအရပ်ရပ်ရှိ ဘုရားစေတီများတွင် ခြင်္သေ့ရုပ်ထုများကို မြင်တွေ့ကြရမှာဖြစ်ပြီး၊ ဆင်ရုပ်ထုများကို မူ အနည်းငယ်မျှသာမြင်တွေ့ကြရမှာဖြစ်ပါသည်။ မနုသီဟရုပ်ထုများကိုမူ မြင်ဖူးသူမရှိသလောက် ဘုရားစေတီသမိုင်းတိုင်းမှာမရှိသည်မှာ အမှန်ပါ။ သန်လျင် မြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်း၀င်ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်တွင် အထက်ပစ္စယာပတ်လည်၌ အရပ်ရှစ်မျက်နှာစောင့်ကြပ်လျက်ရှိသော မနုသီဟရုပ်ထုများကို ထူးထူးခြားခြားမြင်တွေ့ကြရမှာဖြစ်ပါသည်။