စေတီတော်ဆိုင်ရာ

ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်သမိုင်း

မူလဘုရားဒါယကာ ရှင်ခေါလက နှင့် သထုံဘုရင်

သုဝက္ကာဘူမိ သထုံပြည်မှ သာသနာပြုရဟန်းတော် အရှင်သောမာယ ပေါက္ခရဝတီ (ဒဂုံ/ရန်ကုန်) သို့ကြွရောက်လာပြီး၊ တစ်ဖက်ကမ်းရှိ သီဟကျွန်း ဥတ္တရင်္ဂကုန်းတွင် သီတင်းသုံးနေသည့်ရသေ့ကြီး ခေါလက (နောင်ရဟန်းပြု ရှင်ခေါလက)နှင့် တွေ့ဆုံကာ အိန္ဒိယပါဋလိပုတ်နေပြည် ဘုရင်အာသောကမင်းထံ နှစ်ပါးတိုင်ပင်၍ ဘုရားရှင်၏ ဓာတ်တွေမွေတော်များ အလှူခံကြွလာရာ ဆံတော် ၂၄ ဆူရရှိခဲ့ပြီး သာသနာနှစ် ၂၄၁ တွင်၊ သိဟကျွန်းသို့ ပြန်လာပြီး ပါဒဆိပ်ကမ်းမှ တက်ရောက်ကြသဖြင့် အပူဇော်ခံဖို့ အလှုခံကြရာမှ ကျန်သောဆံတော် (၆)ဆူကို ဥတ္တရင်္ဂကုန်း (ယခင်က လှိုင်းပုတ်ကုန်း) တွင် ဌာပနာ၍ ဘုရားတည်ရန် သထုံဘုရင် စူဠသီရိမာသောကမင်းထံ ဆက်သွယ်ပန်ကြားရာမှ သထုံဘုရင်ကြွရောက်လာပြီး ရှင်ခေါလကကို အကြောင်းပြုကာ ဆံတော်ရှင် ခေါလကစေတီ ဟုသမုတ်တော်မူခဲ့ပြီး နောင်တွင် ဟံသာဝတီမွန်တိုင်းသားတို့က “ကျော်ခိုက်စေတီ” ဟုခေါ်ကြရာမှ၊ ယနေ့ထိ ဆံတော်ရှင် ကျိုက်ခေါက်စေတီဘွဲ့ မည်ဖြင့်ထင်ရှားနေခဲ့သည်မှာ မူလဘုရားဒါယကာ နှစ်ပါး၏ ကုသိုလ်တော်ပင် ဖြစ်ပါသည်။

သထုံမင်းဓမ္မပါလ ကောင်းမှုတော်

သာသနာတော်နှစ် (၂၄၁) ခုနှစ်တွင် စတင်တည်ထားခဲ့သည့် အရှင်ခေါလကနှင့် သထုံဘုရင် စူဠာသီရိမာသောကတို့ ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်သည် သာသနာတော်နှစ် ၉၃၆ ခုနှစ်ရောက်မှ စည်ပင်ထွန်းကားလာခဲ့ပါသည်။ သထုံမင်း ဓမ္မပါလ သည် ဂ၀ံကျောက်အုတ် တို့ဖြင့် တန်ဆောင်း၊ ကျောင်း၊ သိမ်၊ ဇရပ်၊ စောင်းတန်းများ၊ ပြုပြင်တည်‌ဆောက်လှူဒါန်းပြီး ဓမ္မပါလအမည်ရှိ ကျောင်းကိုလည်း ဘုရား၏ အရှေ့မြောက်‌ခြေတော်ရင်းတွင် ဆောက်လုပ်ခဲ့ပါသည်။ (ယနေ့တိုင်ခေတ် အဆက်ဆက် ပြုပြင်မှုဖြင့် ဓမ္မပါလကျောင်းတော် တည်ရှိနေပါသည်။) သာသနာတော်နှစ် ၁၁၇၅ ခုနှစ်တွင် သန်လျင်မင်း မောင်သန်လျင်က ငလျင်လှုပ်၍ ပြိုကျသည့် စေတီတော်ကို တိုက်စေတီအသစ် ပြန်လည်တည်လှူခဲ့ပါသည်။

ပုဂံပြည့်ရှင်အနော်ရထာမင်း‌ကောင်းမှုတော်

အနော်ရထာမင်းသည် မြန်မာသက္ကရာဇ် ၄၂၄ ခုနှစ်တွင် ကျိုက်ခေါက်စေတီတော်သို့ လာရောက်ဖူးမြော်ပြီး၊ ကျောင်း (၄) ၊ သိမ် (၄)၊ ဇရပ် (၈)၊ ပိဋကတ်တိုက် (၁) တို့ကို တည်ဆောက်လှူဒါန်းမှု ပြုလုပ်ပြီး စေတီတော် ပြဿဒ်ဟောင်းကို ဖယ်ရှား၍ သင်တိုင်းစေတီငယ် ကို တည်ထားကိုးကွယ်မှုများ အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ပွဲသဘင်ကို စည်းကားစွာ (၇)ရက်တိုင်တိုင် ကျင်းပတော် မူခဲ့ပါသည်။ အဆက်အနွယ် ကျန်စစ်သား၊ အလောင်းစည်သူ၊ နရပတိစည်သူ၊ ကျစွာ၊ ဥဇနာ၊ နရသီဟပတေ့၊ ကျော်စွာမင်း အဆက်ဆက်သည်လည်း ကျောင်း၊ သိမ်၊ ဇရပ်၊ လယ်ပယ်များလှူဒါန်းခဲ့ကြပါသည်။

နရသီဟပတေ့၏သားတော် ‘ကျော်စွာမင်း’ ကောင်းမှုတော်

သက္ကရာဇ် ၆၅၈ ခုနှစ်တွင် ကျိုက်ခေါက်စေတီတော် ပြိုပျက်သည်ကို ကျော်စွာမင်းက ပြုပြင်ပြီး ထီးတော်တင် ရွှေသင်္ကန်းကပ်လှူသည့်အပြင် ကျောင်း၊ သိမ်၊ ဇရပ် များကို အသစ်တည်ဆောက်လှူဒါန်းကာ ကျိုက်ခေါက်စေတီတော် သာသနာအတွက် လယ်ပယ်တစ်ရာတစ်ဆယ်ကို သန်လျင်သံဃရာဇ နှင့် ဘုရားကြီးအကဲများကို အပ်နှံလှူဒါန်းခဲ့ပါသည်။

ဗညားဦးမင်း၏ကောင်းမှုတော်များ

ပဲခူးမြို့ကို ဟံသာ၀တီဟု သမုတ်၍ ဟံသာ၀တီမင်းဆက်ကို ထူထောင်ခဲ့သည့် ဗညားဦးသည် သက္ကရာဇ် ၇၁၆ ခုနှစ်တွင် ကျိုက်ခေါက်စေတီတော်ကို တိုက်စေတီမှ သင်တိုင်းစေတီပုံစံပြောင်းလဲတည်ထားပြီး ဆံတော်၊ ဓါတ်တော်၊ ရွှေပြားခတ်၊ ငွေပြားခတ်၊ ဆင်းတုတော်၊ ကြေးဆင်းတု၊ ပယင်းဆင်းတုတော် အဆူဆူဌာပနာ၍ ကိုးကွယ်ခဲ့ပါသည်။ ဥာဏ်တော် (၂၇)တောင် ဟု မှတ်တမ်းစတင်ခဲ့ပါသည်။

ရာဇာဓိရာဇ်နှင့်ရှင်စောပုကောင်းမှုတော်များ

သက္ကရာဇ် ၇၇၈ ခုနှစ်တွင် ခမည်းတော် ဗညားဦးမင်းပြန်လည်တည်ထားခဲ့သော ဆံတော်ရှင်စေတီတော် ငလျင်ဒဏ်ခံ ရပြီး နှစ်ခြမ်းကွဲပြိုကျခဲ့သည်ကို သားတော်ရာဇာဓိရာဇ်မင်းက ပြန်လည်တည်ထားပြီး ဌာပနာဟောင်းများနှင့်အပြင် ဌာပနာသစ်များစွာ ဖြည့်တင်းလှူဒါန်းခဲ့ပါသည်။ ဥာဏ်တော်အတောင် (၃၀) ဖြစ်ပါသည်။ သက္ကရာဇ် ၈၂၀ တွင် ငလျင် ပြင်းစွာ လှူပ်ပြန်သဖြင့် ခမည်းတော်နှင့်တည်ထားခဲ့သော ဆံတော်ရှင်အက်ကွဲပြိုပျက်ခဲ့သည် ကို ဘုရင်မကြီးရှင်စောပုက ခမည်းတော်ရာဇာဓိရာဇ် တည်ထားခဲ့သည် ဥာဏ်တော်အတိုင်း ပြန်လည်တည်ပြီး၊ ထီး၊ ငှက်မြတ် နား၊ ရောင်ပျံ၊ ကြာဖူး၊ ရင်ပြင်တော် ကျောက်ပြားများပါ ခင်းကျင်းလှူဒါန်းခဲ့ရာ ၈၂၂ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။

ဓမ္မစေတီမင်းကောင်းမှုတော်

သက္ကရာဇ် ၈၃၂ ခုနှစ်တွင် ဘုရင်မကြီးရှင်စောပု၏ ထီးမွေနန်းမွေကိုရရှိခဲ့သည့် သားမက်တော် ဓမ္မစေတီမင်းသည် ကျိုက်ခေါက်စေတီ၀န်းကျင် အရပ်ရှစ်မျက်နှာ၌ သိမ်အသစ် သုံးဆယ် သမုတ်ပေးခဲ့ပြီး၊ သက္ကရာဇ် ၈၄၀ ခုနှစ်ထိ သိမ်အသစ် များ စွာကိုလည်း တည်ဆောက်ခဲ့ပါသည်။ ပိဋကတ်သုံးပုံပေးမူလှူဒါန်းများစွာကို ကျိုက်ခေါက်စေတီ၌ သက္ကရာဇ် ၈၄၁ ခုနှစ် တွင် သန်လျင်ဂိုဏ်းချုပ် ဆရာတော်ပင့်ဖိတ်၍ ရေစက်ချလှူဒါန်းခဲ့ပြီး ရွှေသင်္ကန်းတော် ကပ်လှူခဲ့ပါသည်။

ဘုရင့်နောင်မင်းတရားကြီးကောင်းမှုတော်

သက္ကရာဇ် ၉၂၆ ခုနှစ်၊ နယုန်လဆန်း (၆)ရက် ဗုဒ္ဓဟူးနေ့တွင် ငလျင်ပြင်းထန်စွာ လှုပ်သောကြောင့် ပန်းတင်ခုံပါ မကျန် ပြိုကွဲပျက်စီးသွားသည့် စေတီတော်ကို သီဟိုဠ်မူသော နဖူးသင်းကျစ်ရိုးနှင့် ဓါတ်တော်များ ဌာပနာဖြည့်တင်းပြီး အသစ်တည် ဆောက်လှူဒါန်းမှုကို သက္ကရာဇ် ၉၂၇ ခုနှစ်၊ ၀ါဆိုလဆန်း (၈)ရက်နေ့တွင် ကိုယ်တော်တိုင် ကြွရောက်ထီးတော်တင်အခမ်းအနား ကျင်းပပူဇော်ခဲ့ပါသည်။ ဥာဏ်တော်အမြင့် ၅၆ တောင်ဖြစ်ပါသည်။ ရွှေပန်းကန်၊ ရွှေသောက်တော်ခွက်၊ ရွှေတံကောင်း၊ ရွှေကွမ်းအစ်၊ ကျောက်ထီး စသည်များလည်း လှူဒါန်းခဲ့ပြီး ဘုရားရှင် ပရိနိဗ္ဗာန်ပြုဟန်လျောင်းတော်မူနှင့် အခြံအရံရုပ်ပွားများပါသည့် ကုသိန္နာရုံတန်ဆောင်းကိုလည်း အောက်ရင်ပြင် အရှေ့တောင်တွင် တည်ဆောက်လှူဒါန်းခဲ့ပါသည်။

သာလွန်မင်းတရားကြီးကောင်းမှုတော်

သက္ကရာဇ် ၉၉၅ ခုနှစ်တွင် စေတီတော်အား ရွှေဆိုင်း (၁၀၀၀)ကပ်လှူပြီး ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း မြို့၀န် ရေ၀န်၊ စစ်ကဲ၊ နားခံစာရေး၊ ကြီးငယ်၊ မြို့သူ မြို့သားအားလုံး တစ်အိမ်ညောင်ရေအိုးတစ်အိုး၊ အမွှေးအကြိုင်၊ ပန်းမျိုးစုံကိုင် ဆောင်၍ ရှေ့ဖျားက အမြောက်တပ်သား အစဥ်အတိုင်း သူရဲ၊ သေနတ်ကိုင်တပ်၊ ကျိုက်ခေါက်ကုန်းစစ်ကွပ်တပ်၊ လှေတပ်သား ယွန်းစစ်ကဲ၊ ယပ်ကိုင်၊ စည်တော်၊ ၀ါးကိုင်၊ လှံကိုင်များဖြင့် စီတန်းလှည့်လည်ပြီး ရင်ပြင်ပေါ်ရောက်သည့်အခါ ညောင်ရေတော် အခါစောင့်ပုဏ္ဏားတို့က မြို့၀န်သို့အခါကြားပြီး စေတီတော်၊ အရံစေတီ၊ ဆင်းတုတော်များကို ညောင်ရေသွန်းလောင်းကုသိုလ် ယူခဲ့ကြပါသည်။သက္ကရာဇ် (၁၀၀၁) ခုနှစ်တွင် သန်လျင်မြို့၀န် ဦးဆောင်ပြီး မင်းမှုထမ်းများက သာလွန်မင်းကိုယ်စား အာရုံခံတန် ဆောင်း၊ စောင်းတန်း၊ ဇရပ်၊ ကျောင်း၊ သိမ်၊ ရေတွင်း၊ ခေါင်းလောင်း၊ စေတီရံတို့ကို ပြုပြင်ဆောက်လုပ်လှူဒါန်းကြသော (၁၀၁၀) ခုနှစ်တွင် ပိဋကတ်တိုက်နှင့်ပိဋကတ်စာများကို ဆောက်လုပ်လှူဒါန်းပြီး ပရိယတ္တိသာသနာကိုလည်းချီးမြောက်ခဲ့ပါ သည်။

မဟာဓမ္မရာဇာဘွဲ့ခံအနောက်ဘက်လွန်မင်းကောင်းမှုတော်

သက္ကရာဇ် ၉၆၀ ကျော်ကစ၍ ပေါ်တူဂီစစ်ဗိုလ် ငဇင်ကာ ခေါ်  ဖိလစ်ဒီဗရိတို၏ ဖျက်စီးခြင်းခံရသည့် ဆံတော်ရှင်ကျိုက် ခေါက်စေတီတော်ကို (၁၃) နှစ်မျှ ကင်းမဲ့နေသည့် ရွှေထီးတော်ကိုပြန်လည်တင်လှူပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းကောင်းမှု အစုစုကို ကျိုက်ခေါက်ကျောင်း ဆရာတော်နှင့် သန်လျင်အကောက်၀န်တို့ကို ဦးဆောင်ကာ ကျိုက်ခေါက်သာသနာကို ပြန်လည်ဖွံ့ဖြိုးစည်ပင်စေခဲ့ပါသည်။ သက္ကရာဇ် ၉၇၉ ခုနှစ်တွင် မြို့၀န်မင်းရဲကျော်ထင် (နတ်သျှင်နောင် ၏ ညီတော်) ဖိတ်ကြားချက်အရ ကျိုက်ခေါက်စေတီ တန်ဆောင်တိုင်ပွဲတော်သို့ အင်္ဂလိပ်ပိုင် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ‘’ ဟန်နီဖော်ရက် နှင့် ဂျွန်စတေ့လေ” တို့ရောက်ရှိလာပြီး စေတီ တော်ကို ဖူးမြော်ကာ မသိုးသင်္ကန်းကပ်လှူခဲ့ပါသည်။ သက္ကရာဇ် ၉၉၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဒတ်(ချ်)ကိုယ်စားလှယ် Dirck Steur နှင့် Wiret Jansen Popta တို့ကစေတီတော်သို့ ရွှေဆိုင်း (၁၀) တိုင်း စီကပ်လှူခဲ့ပါသည်။ သက္ကရာဇ် ၁၀၁၄ ခုနှစ်တွင် သန်လျင်ကိုယ်စားလှယ် မာတင်ဘရက်ဂိတ်သည် စေတီတော်သို့ ရွှေတစ်ပိသာ လှူဒါန်းခဲ့ပါသည်။ သက္ကရာဇ် ၁၀၄၉ ခုနှစ် တပေါင်းပွဲတော်တွင် သန်လျင်၌ ကုန်တိုက်ဖွင့်လှစ်ထားသည့် ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီက စတုဒီသာမဏ္ဍပ်ဆောက်ပြီး (၃) ရက်တိုင်တိုင် ပွဲတော်လာရှင်လူများကို ဖျော်ရည်တိုက်ကျွေးလှူဒါန်းခဲ့ပါသည်။ သက္ကရာဇ် ၁၀၅၈ ခုနှစ်တွင် သန်လျင်တိုက်ပွဲ အင်္ဂလိပ်ကိုယ်စားလှယ် ‘သောမတ်ဘောင်းယီး’ ကစေတီတော်သို့ မူရီခါသာ ပလေကတ်ပိတ်အုပ်များလှူဒါန်းခဲ့ပါသည်။

မင်းရဲနန္ဒမိတ်နှင့်ညောင်ရမ်းမင်းဆက်များကောင်းမှုတော်

သက္ကရာဇ် (၁၀၁၂) ခုနှစ်တွင် သာလွန်မင်းတရား၏သားတော် မင်းရဲနန္ဒမိတ်၊ (၁၀၂၄ မှ ၁၀၄၂) ခုနှစ်ထိ ၄င်း၏ညီတော် ပြည်မင်း၊ မင်းရဲကျော်ထင်ကိုယ်စား သန်လျင်မြို့၀န်များက ရွှေသင်္ကန်း၊ အာရုံခံတန်‌ဆောင်း၊ ဇရပ်၊ ထီး၊ ငှက်မြတ်နားစသည် များကို အသစ်ထပ်မံလှူဒါန်းခဲ့ကြပါသည်။

အလောင်းမင်းတရားနှင့်သားတော်များကောင်းမှုတော်

ကုန်းဘောင်ပြည့်ရှင် အ‌လောင်းမင်းတရားသည် မိဖုရားခေါင်၊ သမီးတော်၊ သားတော်များနှင့်သက္ကရာဇ် (၁၁၂၁)ခုနှစ် တွင် သီတင်းကျွတ်လပြည့်နေ့တွင် ကျိုက်ခေါက်စေတီသို့ လာ‌ရောက်ဖူး‌မြော်ပြီး ရွှေဆိုင်း (၁၅၀၀)ကပ်လှူခဲ့ပါသည်။ ၁၁၃၀ ခုနှစ် နယုန်လပြည့်ကျော် (၁၃)ရက် စနေနေ့တွင် ငလျင်ပြင်းစွာလှုပ်သဖြင့် ကျည်း၀န်းမှ အထက်ပိုင်းပြိုကျ ပန်းတည်ခုံနှင့်ပစ္စယာပါကွဲပျက်သဖြင့်အလောင်းမင်းတရား၏ ဒုတိယသားတော် မြေဒူးမင်း ခေါ် ကုန်းဘောင်ဆင်ဖြူရှင်မင်း တရားက ဥာဏ်တော် အတောင် (၁၁၀)ထိ မြှင့်ပြီး၊ ရွှေတိဂုံပုံတူတည်လှူခဲ့ကာ ထီးတော်ဟောင်းမှရွှေငွေကျောက်သံရတနာများ ကိုလည်း ထီးတော်သစ်မှာ ပြန်လည်တပ်ဆင်ပူဇော်လျက် ၁၁၃၆ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် ထီးတော်တင်ခဲ့ပါသည်၊ ကိုယ်လုံးတော်ပြည့် ရွေသင်္ကန်းကိုလည်း ကပ်လှူပူဇော်ခဲ့ပါသည်။ သက္ကရာဇ် (၁၁၄၈) ခုနှစ်တွင် ဘိုးတော်မင်းတရားက အာရုံခံတန်ဆောင်းနှင့်ကျိုက်ခေါက်ကျောင်းသစ် တည်ဆောက် လှူဒါန်းပြီး စေတီတော်ကိုရွေသင်္ကန်းကပ်လှူခဲ့ပါသည်။ သက္ကရာဇ် ၁၁၆၆ ခုနှစ်အထိ သုံးကြိမ်ကပ်လှူခဲ့ပါသည်။

ရွှေဘိုမင်းနှင့်သားတော်များကောင်းမှုတော်

သက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် နန်းတက်ခဲ့သည့် ရွှေဘိုမင်းသည် နောင်တော် ဘကြီးတော်မင်းနှင့်အတူ သက္ကရာဇ် ၁၂၀၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၉)ရက် သောကြာနေ့တွင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်သို့ လာရောက်၍ သံဃာတော် (၁၃၇)ပါးကို လှူဖွယ်များဆက်ကပ်ခဲ့ပါသည်။        တန်ဆောင်းမုန်း လဆန်း (၅)ရက် တနင်္လာနေ့တွင် မင်းအဆက်ဆက် ကျိုက်ခေါက်ဘုရားဘုရားဖူးသမိုင်း၌ မရှိခဲ့ဘူး မတွေ့မြင်ခဲ့ဘူးသည့် မင်းပရိသတ် အံ့သြစာနန်းများပြားလှစွာဖြင့် ‌ရောက်ရှိလာခဲ့ပါသည်။ မိဖုရားခေါင်ကြီးနှင့် မိဖုရားများ၊ သမီးတော်၊ သားတော်များ၊ ၀န်ကြီး၊ တရားသူကြီး၊ မင်းကြီး၊ ၀န်၊ ၀န်ထောက်၊ စစ်ကဲ၊ ဗိုလ်မှူး၊ တပ်မှူး၊ ၀င်းမှူးများစွာ တောက်ပ ၀င်းလက်သောအ၀တ်တန်ဆာများနှင့်အတူ၊ ပွင့်သမျှပန်းတစ်ခု မကျန်ယူဆောင်ကာ ပန်းတည်ခုံတလင်းပေါ်အနှံ့ကပ်လှူ၊ ရွှေဖ ယောင်းတိုင်၊ ငွေဖယောင်းတိုင် (၃၈၀၀)ကျော်တို့၏ အလင်းဓါတ်ကလည်း မီးရောင်စုံထွန်းထားသကဲ့သို့ အံ့သြဖွယ်ရာ ရွှေဆိုင်း (၅၀၀၀)ကျော်ပါ လှူဒါန်းခဲ့ပါသည်။သက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် နန်းတက်ခဲ့သည့် ရွှေဘိုမင်းသည် နောင်တော် ဘကြီးတော်မင်းနှင့်အတူ သက္ကရာဇ် ၁၂၀၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၉)ရက် သောကြာနေ့တွင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်သို့ လာရောက်၍ သံဃာတော် (၁၃၇)ပါးကို လှူဖွယ်များဆက်ကပ်ခဲ့ပါသည်။        တန်ဆောင်းမုန်း လဆန်း (၅)ရက် တနင်္လာနေ့တွင် မင်းအဆက်ဆက် ကျိုက်ခေါက်ဘုရားဘုရားဖူးသမိုင်း၌ မရှိခဲ့ဘူး မတွေ့မြင်ခဲ့ဘူးသည့် မင်းပရိသတ် အံ့သြစာနန်းများပြားလှစွာဖြင့် ‌ရောက်ရှိလာခဲ့ပါသည်။ မိဖုရားခေါင်ကြီးနှင့် မိဖုရားများ၊ သမီးတော်၊ သားတော်များ၊ ၀န်ကြီး၊ တရားသူကြီး၊ မင်းကြီး၊ ၀န်၊ ၀န်ထောက်၊ စစ်ကဲ၊ ဗိုလ်မှူး၊ တပ်မှူး၊ ၀င်းမှူးများစွာ တောက်ပ ၀င်းလက်သောအ၀တ်တန်ဆာများနှင့်အတူ၊ ပွင့်သမျှပန်းတစ်ခု မကျန်ယူဆောင်ကာ ပန်းတည်ခုံတလင်းပေါ်အနှံ့ကပ်လှူ၊ ရွှေဖ ယောင်းတိုင်၊ ငွေဖယောင်းတိုင် (၃၈၀၀)ကျော်တို့၏ အလင်းဓါတ်ကလည်း မီးရောင်စုံထွန်းထားသကဲ့သို့ အံ့သြဖွယ်ရာ ရွှေဆိုင်း (၅၀၀၀)ကျော်ပါ လှူဒါန်းခဲ့ပါသည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလကောင်းမှုတော်

ကုန်းဘောင်ဆင်ဖြူရှင်မြေဒူးမင်းတည်ထားခဲ့သည့် ဆံတော်ရှင်သည် (၁၅၇)နှစ်အကြာ သက္ကရာဇ် ၁၂၉၂ ခုနှစ် ကဆုန် လဆန်း (၉)ရက် တနင်္လာနေ့ည (၈)နာရီ (၁၅)မိနစ်တွင် ငလျင်ပြင်းစွာလှုပ်သဖြင့် ခေါင်းလောင်းပုံမှအထက်ပိုင်းပြိုကျခဲ့ရပါ သည်။ ရန်ကုန် သန်လျင်နယ်သူနယ်သားများကောင်းမှုဖြင့် ၁၂၉၄ ခုနှစ် တပို့တွဲလပြည့်နေ့တွင် ဘုံ (၉)ဆင့်ပါ ထီးတော်ကြီးနှင့် တကွ ဥာဏ်တော် ၂၂၄’.၆’’ အမြင့်ရှိ ရွှေတိဂုံပုံတူ ဆံတော်ရှင်စေတီတော်ကို ထီးတော်တင်ပွဲသဘင်ဆင်ယင်ပြီး ပူဇော်ခဲ့ကြသည် မှာ ယနေ့တိုင် ကြည်ညိုသဒ္ဒါများစွာ ဖူးမြော်မြင်တွေ့နေကြရပြီဖြစ်ပါသည်။

တည်နေရာပြ အညွှန်း

ရှေးဟောင်းသမိုင်းဝင်ကျိုက်ခေါက်စေတီတော်အား ဘုရားဖူး အများပြည်သူများ လွယ်လင့်တကူ သွားလာ ဖူးမြော်နိုင်ရေးအတွက် ဘုရားဖူးလမ်းညွှန်မြေပုံအား ပြသထားပါသည်။