စေတီတော်ဆိုင်ရာ

ကျိုက္ကစံစေတီတော်သမိုင်း

          ကိုးတိုင်းကိုးဌာန သာသနာပြုခရီးမှသည် ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေးအတွက် ကိုးတိုင်း ကိုးဌာနသို့ သာသနာာပြုခရီးနှင်ခဲ့သည်။ရဟန္တာအရှင်မြတ်တို့သည် ဘုရားရှင်၏ ဆံတော်ြမတ်(၁၆)ဆူနှင့် ဓါတ်တော်(၃၂)ဆူတို့ အား သာသနာြပုဓာတုစေတီတော်များ တည်ထားကိုးကွယ်ရန် အလို့ငှာတပါတည်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ သထုံပြည် ဒုတိယ  သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူပြည်သားများ ကြိုဆိုပင့်ဆောင်လျှက်လှူဒါန်းပူဇော်မှု များလည်းပြုကြ၏။ မူလကိုးတိုင်းကိုးဌာန သာသနာပြုခရီးစဉ်နှင့် သာသနာပြုရောက်ရှိလာမည့် ရှင်ဥတ္တရ၊ ရှင်သောဏ  ဦးဆောင်သည့် သာသနာပြု ရဟန္တာကြီးများနှင့် ၎င်းတို့၏ တပည့်ရဟန်းတော်များနှင့်လည်း တွေ့ဆုံ ခွင့်ရခဲ့၏။။ 

          ရဟန္တာအရှင်မြတ်တို့သည် အနာဂတံသေဉာဏ်တော်နှင့် အမြင်အရ ဓမ္မခရီးစဉ်၏ ဦးတည်ချက် ဖြစ်သည့် ဘောဂသေနဘွဲ့ခံ သီဟဒီပမင်းအုပ်ချုပ်သည့် မဏိဒီပကျွန်း (သံလျင်တည်ကျွန်း)သို့ ကြွရောက် တော်မူနိုင်၏။ ရှင်ယသအမှူးပြုသည့် ရဟန္တာအရှင်မြတ်တို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ဖူးတော်မူပုံနှင့် ဗုဒ္ဓဘုရား၏ တရားတော်များအား သီဟဒီပမင်းနှင့်တကွ မင်းပရိတ်သတ်တို့အား ဟောကြားတော်မူခဲ့ သည်။ထို့အတူ ဗုဒ္ဓဘုရားရှင်၏ ဆံတော်မြတ်နှင့် ဓာတ်တော်များအား ကိုးကွယ်နိုင်ရန် အလို့ငှာ လွှဲအပ် ပေးခဲ့သည်။ ထိုအခါ သီဟဒီပမင်းနှင့်တကွ မင်းပရိတ်သတ်တို့သည် ရဟန္တာပုဂ္ဂိုလ်ထူးများ အား ဖူးမျှော်ရရုံမက တရားတော်ကိုပါနာကြားရသဖြင့် ဝမ်းမြောက်ဝမ်းသာ ကြည်ညိုသဒ္ဓါပွား ရပြန်သည်။ 

ဦးစွာတည်သည့် ကျိုက္ကစံ

          ဗုဒ္ဓမြတ်စွာ၏ ဆံတော်၊ဓာတ်တော်များအား ဘယ်သို့သော အရပ်တွင် ဌာပနာပြု၍ ဓာတုစေတီ တည်ရသော် အဓွန့်ရှည်မည်နည်းဟု သီဟဒီပမင်းက ရဟန္တာမြတ်တို့အား မေးမြန်းလျှောက်ထား၏။ ထိုအခါ ရဟန္တာအရှင်မြတ်တို့က ဘုရားရှင်၏ ဗျာဒိတ်တော်နှင့်အညီ ဗုဒ္ဓ၏ပရိဘောဂ ဓာတ်တော် ဆံတော်မြတ်များ ကိန်းဝပ်စံပါယ်တော်မူရာ ရွှေတိဂုံစေတီတော်တည်ရှိသည့် မဟာသိင်္ဂုတ္တရ ကုန်းတော်၏ အရှေ့မြောက်စွန်းတာ (၁၅၀၀)အကွာ၌ တည်ရှိသော  ပထမပတိကုန်းမြေ၌ စေတီ တည်ထားကိုးကွယ်ရန် ညွှန်ပြ၏။ပထမ ပတိကုန်းမြေ ဆိုသည်မှာ ဘုရားအလောင်းတော် ဟင်္သာမင်း ဖြစ်စဉ်ကာလက သမုဒ္ဒရာသို့ ပျံသန်းရာ လေပြင်းမုန်တိုင်းကြောင့် ရေသို့ကျခဲ့၏။ အလောင်းတော် ဟင်္သာမင်းရေထဲကျနေရာ၌ ပေါ်ထွန်းလာသည့် ပထမပတိကကုန်းမြေဖြစ်၏ဟု ကျမ်းကပြဆို၏။ ရဟန္တာအရှင်မြတ်တို့က ရေမြေရှင်မင်းမြတ် ဤပထမပတိကကုန်းမြေ၌ ဘုရားရှင် ဆံတော်၊ ဓာတ်တော် မြတ်အား ဌာပနာလျှက် တြိယ၀ဝင်္ဂမင်း၊ သိကြားမင်းနှင့် ရသေ့ဂေါက်တို့မှ စေတီတစ်ဆူဦးစွာ တည်ထားခဲ့ဘူး၏။ ပထမစေတီတည်ခဲ့ဘူးသဖြင့် ယခုအခါ ဒုတိယအကြိမ် တည်ထားရခြင်း ဖြစ်သည်ဟု မိန့်ကြားလျှင် သီဟဒီပမင်းသည် ကျေနပ်ဝမ်းမြောက်ခံစားခဲ့ရ၏။ 

          ပထမပတိတကုန်းတော်သို့ရောက်လျှင် ဆံတော် နှင့်အတူ ဓာတ်တော်များအား ခုနှစ်ရက်တိုင်တိုင် ပူဇော်ပွဲသဘင်ဆင်ယင် ကျင်းပခဲ့၏။ ထို့အတူ ထိုနှစ် တပို့တွဲလပြည့် မင်္ဂလာအခါတော်နေ့၌ ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ် စသည့် ရတနာ အုတ်ကျောက် များ ဆောက်လုပ် အပ်သည့် ဂန္ဓာကုဋီ တိုက်တော်ဝယ် ဆံတော်(၆)ဆူ၊ ဓာတ်တော်(၁၀)ဆူတို့အား ၊ ရွှေကြုတ်၊ငွေကြုတ်၊ပတ္တမြား ကြုတ်စသည့် ကြုတ်(၇)ထပ်စီတန်းလျှက်ဌာပနာပြုတော်မူခဲ့၏။ ယင်းကဲ့သို့ ပင် ရဟန္တာ အရှင်မြတ်တို့ ရှိခိုးပူဇော်ဟန် ရုပ်ထုအားလည်းကောင်း သီဟဒီပမင်းကြီးမှ ပူဇော်နေဟန် ရုပ်ထုတော်ကို လည်းကောင်း ရွှေအတိဖြင့် သွန်းလောင်းလျက် ဌာပနာတိုက်အတွင်းသို့ သွင်းလျှက် စေတီတော်ကြီးအား တည်ထား ကိုးကွယ်တော် မူခဲ့၏။ 

          ကျိုက္ကဆံစေတီတော်နှင့် ရှင်ယသသိမ်တော်အား တည်ထားသမုတ်တော်မူပြီးနောက် ရဟန္တာ(၈)ပါး၏ ဦးစီးခေါင်းဆောင် ရှင်ယသမထေရ်မြတ် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ရဟန္တာအရှင်မြတ်၏ ရုပ်အလောင်းအား ခမ်းနားကြီးကျယ်စွာ ပူဇော်သဂြိုဟ်မှုပြုခဲ့၏။ ရှင်ယသ၏ အရိုးဓာတ်တော်အား ဌာပနာ၍စေတီ တည်ထားကိုးကွယ်ရာ ရှင်ယသဓာတုစေတီဟုတွင်၏။ ရှင်ယသဓာတုစေတီမှာ သမိုင်းဝင်ကျိုက္ကစံ စေတီ တော်၏ အနောက်တောင်ဘက် ပေ(၃၀၀)နီးပါးခန့်အကွာ၌ တည်ရှိနေ၏။ ထိုစေတီသည် ယနေ့တိုင် “ကျိုက္ကစံ စေတီ”ဟူ၍ ထင်ရှား၏။ ကျိုက္ကစံစေတီတော်တည်ခြင်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

၁။ပထမအကြိမ် – မဟာသက္ကရာဇ်(၁၁၁)ခုနှစ် ၊ဆံတော် ၁-ဆူ၊ တြိယဝင်္ဂမင်း၊သိကြားမင်း၊       အဘခေါက် 

၂။ဒုတိယအကြိမ်–သာသနာသက္ကရာဇ် (၂၁၈/၂၃၈)ခုနှစ်ဆံတော်၆-ဆူ၊ဓါတ်တော်၁၀-ဆူအရှင်ယသသီဟ ဒီပမင်း 

၃။တတိယအကြိမ်–ကောဇာသက္ကရာဇ်(၁၂၀၅)ခု စေတီတော် ပြိုပျက်ပြန်ရာ ၅-နှစ်တိတိ         ပျက်စီးနေ၍ သာသနာသက္ကရာဇ် (၂၃၉၂)ခု၊ကောဇာနှစ်(၁၂၁၀)ခုနှစ် ပြုပြင်၍ (၁၂၁၂)ခုနှစ်တွင်        ပြီးစီးအောင်မြင်သည်။ 

၄။ စတုတ္ထအကြိမ် – သာသနာတော်နှစ် (၂၄၄၁)ခု၊ ကောဇာနှစ်(၁၂၅၉)ခု ပြုပြင် 

၅။ပဉ္စမအကြိမ်–ကောဇာနှစ်(၁၂၇၅)ခုနှစ်တွင်ပုဇွန်တောင်အိုးဖိုရပ်နေမြေပိုင်ရှင်ပွဲစားကြီးဦးစံခို+ ဒေါ်ဒွေး မိသားစုတို့မှ စေတီတော်ကြီးအား သင်တိုင်းစွတ်ငုံ၍ တည်ရာ(၁၂၈၀)ခု၊ တပို့တွဲ တွင် ပြီးစီးရေစက်ချ လှူဒါန်းသည်။ ကုန်ကျငွေ – ( ၁၂၉၈၅၀ )ကျပ် 

၆။(၁၃၂၉)ခု၊ ခရစ်သက္ကရာဇ် (၁၉၆၈)ခု မဟာဆေးဝင်္ကဘာ ဆရာတော်ဘုရားကြီးမှ ထီးတော် အသစ် တင်လှူ ရာတွင် ကုန်ကျငွေ – (၇)သိန်း 

၇။ (၁၉၈၉) ဒီဇင်ဘာ ၂၀-ရက်နေ့တွင် ဘက်စုံဗဟိုအဖွဲ့ကြီး ဖွဲ့စည်းပြီး တည်ဆောက်ပြုပြင်သော        လုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။(၁၉၉၂)ခုနှစ်မှစ၍ ကျန်ရှိသော လုပ်ငန်းများအား ဂေါပက အဖွဲ့မှဆက်လက် ဆောင်ရွက်ခဲ့သည်။(၂၀၁၅)ခုနှစ် ဩဂုတ်လကုန်အထိ ၂၅-နှစ်တာကာလ တည်ဆောက်ပြုပြင်သော လုပ်ငန်းများ၏ တန်ဖိုး (၂၅၂၈၉၄၂၇၅၀/-)ကျပ် 

ကျိုက္ကစံစေတီတော်ကို စတုတ္ထအကြိမ် ပြုပြင်ခြင်း

          သာသနာတော်နှစ် (၂၄၄၁) ခု ၊ ကောဇာသက္ကရာဇ် (၁၂၅၉)ခုနှစ်တွင် စုံထောက်အရာရှိ ဦးဘိုနီ အမှူးရှိသော ဗုဒ္ဓပဋိသင်္ခရဏအသင်းအား (၃၉)တို့က စေတီတော် ငှက်မြတ်နားထီးတော်မှစ၍ သပိတ် မှောက်အထိ သစ္စေးသရိုးလိမ်းကျံ၍ ရွှေချခြင်း သပိတ်မှောက်မှ ဖိနပ်တော်အထိ ကွဲအက်ပျက်စီးသော အုတ် ၊ အင်္ဂတေတို့ကို အသစ်ထပ်လောင်း မွမ်းမံပြုပြင်ခြင်း၊ ရင်ပြင်တော် ပတ်လည်၌ ခိုင်ခံ့သော မဟာ ရာမ်တံတိုင်းကြီးကို ခတ်ထားခြင်း၊ တံတိုင်းလေးမျက်နှာတို့တွင် အနဝတတိအိုင် သဏ္ဌာန်၊ အရှေ့အရပ်၌ နွားရုပ်၊ မြောက်အရပ်၌ မြင်းရုပ်၊ အနောက်အရပ်၌ ခြင်္သေ့ရုပ်၊ တောင်အရပ်၌ ဆင်ရုပ်တို့၏ ခံတွင်းမှ ရေကျဆင်းနေဟန် သံ၊အုတ်၊ ကျောက်၊ အင်္ဂတေတို့ဖြင့် ခိုင်ခံ့ သေသပ်စွာပြုလုပ်ထား၏။

ကျိုက္ကစံ စေတီတော်ကို ပဥ္စမအကြိမ် သင်တိုင်းရုံတည်ခြင်း

         ရန်ကုန်မြို့ ပုဇွန်တောင် အိုးဖိုရပ်နေ ဘုရားအစ်မကြီး ဒေါ်ဒွေးက ငွေ  ၁၇၀၀၀/- အကုန်ခံ၍ ကျိုက္ကစံစေတီတော်ကို ကောဇာသက္ကရာဇ် ၁၂၇၅-ခု ပြာသိုလဆန်း (၃)ရက်နေ့မှ စ၍ သင်တိုင်းစွပ်ငုံ၍ တည်ရာ (၁၂၈၀)ပြည့် တပို့တွဲလဆုတ် (၄)ရက်နေ့၌ ထီးတော်တင်ခြင်းကိစ္စ နှင့်တကွ အားလုံးပြီးစီး အောင်မြင်ခဲ့သည်။ စေတီခေါင်းလောင်းပုံအောက်၌ အရှေ့အရပ်၌ ဓတရဌနတ်မင်းကြီး၊တောင်အရပ်၌ ဝိရူဠကနတ် မင်းကြီး၊ အနောက်အရပ်၌ ဝိရူပက္ခနတ်မင်းကြီး၊ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီး၊ ဤနတ်မင်းကြီး လေးပါးတို့၏ ပုံသဏ္ဌာန် ကို ထည်ထားသည်။­ရှင်ယသနှင့် ရဟန္တာများသည် သီဟိုဠ်နည်း အတိုင်း သာသနာအကျိုးမျှော်ကိုးလျှက် ကျိုက္ကစံ စေတီတော်၏ အနောက်ဖက်ပေ (၃၀၀)ခန့်၌ ရဟန္တာ သိမ်တော်ကြီးတစ်ခု တည်ထားပြီး သိမ်သမုတ်ခဲ့၏။ အကြီးအမှူး ရှင်ယသ၏ ဘွဲ့အမည်ကို အစွဲပြုလျှက် “ရှင်ယသသိမ်”ဟု တွင်ခဲ့သည်။ ထိုသိမ်သည် ရန်ကုန်မြို့တွင် ရဟန္တာကြီးများ သမုတ်ခဲ့သည့် သိမ်ကြီး (၉)ခု အနက် ပထမဆုံး သိမ်သမုတ် ခဲ့သည့် သိမ်ဖြစ်သည်။

ဘွဲ့အမည်

         ရှေးဟောင်းသမိုင်းကျမ်းများ အဆိုအရ ”ကျိုက္ကဆံ စေတီတော်” ဟူသော ဘွဲ့အမည်မှာ ”ကျိုက်အရှန်” ဟူသော မွန်ဘာသာအမည်မှ ဆင်းသက်လာပြီးနောင်ကာလ ရွေ့လျားကာ ကျိုက္ကဆံဟူသည့် ဘွဲ့အမည် သို့ ခေါ်တွင်ခဲ့ကြောင်း မှတ်တမ်းရှိသည်ဟု အဆိုရှိ၏။ မွန်ဘာသာအရ- ကျိုက်=ဘုရား၊ အရှန်= ရဟန္တာ စသည်ဖြင့်အဓိပ္ပယ်ရသည်။ ရဟန္တာများ တည်ထားသည့်စေတီဟု အဓိပ္ပါယ်ရ၏။ သမိုင်းမှတ်တမ်းများ အရ ကျိုက္ကဆံစေတီသည် ရွှေတိဂုံစေတီတော်၏ အနောက်မြောက်ဘက် တာပေါင်း (၁၅၀၀)အကွာတွင် တည်ရပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂၃၅.၇၅)အမြင့် ရှိသည်။ကျိုက္ကစံစေတီတော်ဝန်းအတွင်းရှိ ယက္ခညီ နောင်မှာလည်း ယုံကြည်မှုအရ ကိုးကွယ်ပူဇော်ကြရာ အုန်းငှက်ပျောထိုးသူများ များပြား စွာရှိသည်မှာ ထူးခြားမှု တစ်ခုပင်ဖြစ်သည်။ကျိုက္ကစံစေတီတော်၏ မြောက်ဘက်တွင် ညောင်(၁၅)ပင်ရှိရာ ယုံကြည်မှုအရ အဓိဌာန်ပူဇော် သူများ များပြားစွာရှိရာ ကျိုက္ကစံစေတီတော်ကြီး၏ ထူးခြားမှု တစ်ခုပင်ဖြစ်သည်။

r4
r5
r2

တည်နေရာပြ အညွှန်း

ကျိုက္ကစံစေတီတော်သည် ရန်ကုန်မြို့အလယ်ဗဟို အချက်အချာကျသောနေရာ ကျိုက္ကစံစေတီလမ်းပေါ်တွင် တည်ရှိသော ရန်ကုန်မြို့၏ မြို့လယ်ကျက်သရေဆောင် စေတီတော်ကြီးဖြစ်ပါသည်။