ညောင်(၁၅)ပင် သမိုင်း​

အသေးစိတ် အချက်အလက်များ

            ကျိုက္ကစံစေတီတော် ပရဝဏ် ရတနာလမ်းဘက်ရှိ စေတီ၏ မြောက်ဘက်၊ အရှေ့ မြောက် ဘက်အရပ်တွင် ယခင်က သစ်ပင်၊ ခြုံနွယ်၊ ဗွက်များ၊ မြက်တော်များရှိရာ ကုသိုလ် ယူ ရှင်းလင်းဆောင်ရွက်သူ ဦးသော်တာ မှ ၂၀၀၅-ခုနှစ်တွင် သစ်ပင် ခြုံနွယ်များ စတင် ရှင်းလင်း ခဲ့ပါသည်။ ခြုံနွယ်၊ မြက်ပင်များ နည်းနည်းစီ နေ့စဉ်ရှင်းလင်းခြင်း၊ ဗွက်များ မြေဖို့ခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ယင်းကဲ့သို့ ချုံနွယ်များ ရှင်းလင်းပြီး ၂၀၁၀-ခုနှစ် အဘ ဦးတင်ရွှေ (ဂေါပက ဥက္ကဌ) လက်ထက်တွင် ဗောဓိညောင်ပင်များ စတင်စိုက်ပျိုးခဲ့ပါသည်။ ညောင်(၁၅)ပင် စိုက်ပျိုး ထားသည့် မြေဧရိယာအတွင်းတွင် စတင်စိုက်ပျိုးစဉ်က ဗောဓိပင်(၂၅)ပင် စိုက်ပျိုးခဲ့ရာမှ အချို့ဗောဓိပင်များ သေဆုံးခဲ့၍ လက်ရှိ ဗောဓိပင်(၁၅)ပင် ရှင်သန်ခဲ့ခြင်းဖြစ်ပါသည်။ ဦးသော်တာ၏ သူငယ်ချင်းဖြစ်သူ ဦးသိန်းအေးမှ အိန္ဒိယမှ ပါလာသော ဗောဓိညောင်ပင် (၁)ပင်ပေး၍ စိုက်ခဲ့ရာ ယင်းအပင်မှာ (၁၂)ပင်မြောက် ဗောဓိပင်ဖြစ်ပါသည်။ ဗောဓိပင် နံပါတ်(၁)မှ (၅)အထိ ဗောဓိပင်တစ်ပင်တွင် ကျောက်ဆင်းတုဘုရား(၁)ဆူနှုန်း တည်ထား ခဲ့ပါသည်။ ၂၀၁၀-ခုနှစ်တွင် ဗောဓိပင်(၁)ပင်အား အုတ်ပတ်၍ တည်ခဲ့ပါသည်။ နှစ်ပင် မြောက် ဗောဓိပင်တွင် အုတ်ပတ်၍ ဂြိုလ်ရှစ်ခွင် တည်ခဲ့ပါသည်။

            ဦးသော်တာသည် ကျောက်စာတော်စေတီဝန်းအတွင်းနှင့် ကမ္ဘာအေးဘုရားလမ်း တစ်လျှောက် ဗောဓိညောင်ပင်များ ရှာဖွေတူးဖော်ပြီး စိုက်ပျိုးခဲ့ပါသည်။ အလှူရှင် ဒေါ်ဖြိုးဖြိုးဇော်သည် ဗောဓိညောင်ပင်(၁)မှ (၅)အထိ ဘုရားတစ်ဆူစီ လှူဒါန်းခဲ့ပါသည်။ ဦးသော်တာမှာ ၂၀၁၈-ခုနှစ်တွင် ဘုရားတွင် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ရာ တစ်နှစ်ကျော်ခန့်အကြာတွင် လေဖြတ်၍ အလုပ်မှ နှုတ်ထွက်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဗောဓိညောင်ပင်(၁၅)ပင် နေရာတွင် အဓိဌာန်ဝင်ရောက်သူ ယောဂီများဖြင့် စည်ကားခဲ့ပါ သည်။

            ညောင်(၁၅)ပင် ပရဝဏ်ဧရိယာတွင် ကျောက်ပြားခင်းခြင်း၊ ညောင်(၁၁)ပင်တွင် ပလ္လင်ခုံ အုတ်စီခြင်းနှင့် ကြွေပြားကပ်ခြင်း၊ ညောင်(၁၁)ပင် ဘုရားများအတွက် ဆီမီးခုံများ လှူဒါန်းခြင်း၊ ထီးတော်များ လှူဒါန်းခြင်းကို ဒေါ်ဖြိုးဖြိုးဇော် မိသားစုမှ လှူဒါန်းခဲ့ပါသည်။ ညောင်(၁၁)ပင်တွင် အပူဇော်ခံထားသော ကျောက်ဆင်းတု (၇၇)ဆူအား ခုနှစ်ရက်သား သမီးအပေါင်းမှ ပူဇော်လှူဒါန်းခဲ့ပါသည်။ ၁၃၈၃-ခုနှစ်၊ တန်ခူးလဆန်း(၅)ရက် (၅.၄.၂၀၂၂) ရက်နေ့တွင် ရေစက်ချလှူဒါန်းခဲ့ပါသည်။