တပို့တွဲလပြည့်နေ့

အသေးစိတ် အချက်အလက်များ

ပွဲတော်အမည် – တပို့တွဲလပြည့်နေ့
တပို့တွဲလတွင်ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်ကြီးသည် သက်တမ်းအရှည်ကြာဆုံး ဖြစ်သည့်အပြင် ကျင်းပသည့်ရက် ကြာရှည်သော ပွဲတော်ကြီးလည်းဖြစ်ပါသည်။ ဘုရားရှင်၏သာသနာတော် အဓွန့်ရှည်တည်တံ့ ထွန်းကားသာယာစည်ပင်စေရန် ရည်ရွယ်ပြီး နှစ်စဥ်တပို့တွဲလရောက်တိုင်းတွင် ဩဝါဒစရိယဆရာတော်ကြီးများ၏ ဩဝါဒ ခံယူကာ ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများနှင့် စေတနာရှင် ဒါယကာ ဒါယိကာမများစုပေါင်း၍ ဘုရားရင်ပြင်တော်ပေါ်တွင် ဘုရားကြီးကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ ဂေါပကအဖွဲ့ဝင်များ ဦးဆောင်၍ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် စေတနာရှင် လူငယ်လူရွယ်များ စုပေါင်း၍ နှစ်ကျိပ် ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များကို လှည့်လည်ပူဇော်ခြင်း၊ ဗုဒ္ဓပူဇနိယပွဲတော်အတွက် အလှူခံထွက်ခြင်းတို့ကို ပြုလုပ်ကြပါသည်။ ဩဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်၍ သံဃာတော်အရှင်သူမြတ်များနှင့် ဂေါပကအဖွဲ့ဝင်များ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ အကျိုးတော်ဆောင် လူငယ်များ စုပေါင်းအားထုတ်ကြိုးပမ်းကာ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကြီးကိုလည်း ကျင်းပကြပါသည်။ ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်ပြီးမြောက်ခြင်း အထိန်းအမှတ်အဖြစ် သံဃာတော်အပါး(၉၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးတို့အားလည်းကောင်း၊ ဓမ္မပူဇာသဘင် စီရင်ကျင်းပ၍ လည်ကောင်း ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ရတနတ္တယပူဇော်ပွဲကြီးအဖြစ် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဝိပဿီဘုရားရှင်လက်ထက်က အရှင်ကောဏ္ဍညလောင်းလျာ စူဠကာလအမျိုးသားသည် ကောက်ဦး(၉)ကြိမ် ကာလဒါနအလှူကြောင့် ဘဝဆက်တိုင်း လောကီကောင်းကျိုးများ ခံစားရပြီး ဂေါတမဘုရားရှင်လက်ထက်၌ တရားဦးနာကြားရ၍ ပထမဦးဆုံးလောကုတ္တရာ တရားထူးရရှိသော အရှင်ကောဏ္ဍညမထေရ်၏ ဖြစ်စဉ်ကို နမူနာပြုကာ ဘုရားကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများ ပါဝင်လျက် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်အား ရည်းမှန်း၍ အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ရုပ်ပွားဆင်းတုတော်မြတ်ကြီးအား ထမနဲဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်များ ထမနဲဆွမ်းဆက်ကပ်ခြင်း၊ အများသူငှာတို့အား လှူဒါန်းပေးဝေငှခြင်း၊ ရေစက်ချအနုမောဒနာ တရားတော်များကို နာကြားပြီး ရေစက်ချ အမျှပေးဝေခြင်းဖြင့် တပို့တွဲလပြည့်နေ့တွင် ဘာသာသာသနာနှင့် မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာမပျက် ထမနဲလှူဒါန်းပွဲတော်ကြီးကိုလည်း အောင်မြင်စွာကျင်းပကြပါသည်။