တန်ဆောင်မုန်းလပြည့်နေ့

အသေးစိတ် အချက်အလက်များ

 

ပွဲတော်အမည်  – တန်ဆောင်မုန်းလပြည့်နေ့

တန်ဆောင်မုန်းလပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏နေ့ထူးနေ့မြတ်တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပလေ့ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ပွဲ ဖြစ်သကဲ့သို့ ကိုးထပ်ကြီးဘုရားကြီးတည်ထားကိုးကွယ်ရခြင်း၏ ထူးခြားမှုတစ်ရပ်ဖြစ်သော တြင်းကြေ၊ နဝင်းကြေ စေရန် ရည်ရွယ်ပြီး ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်လူကြီးများက ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင် အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများနှင့် ဘုရားဖူးလာရောက်ကြသော အများပြည်သူများကောင်းမှု စုပေါင်း၍ ဘုရားရင်ပြင်တော်ပေါ်၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ညချမ်းအခါသမယတွင် ဖယောင်းအလင်းရောင် ၉၉၉၉ ကို ထွန်းညှိပူဇော်ကြပါသည်။ ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော ပရိတ်သတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရခြင်း အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကာလသည် ကထိန်ခင်းရာ အချိန်အခါကာလဖြစ်ပါသည်။ “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ အလှူမှာ ကထိန်” ဆိုသည့်အတိုင်း ကထိန်သင်္ကန်း လှူဒါန်းခြင်းသည် အလှူထဲတွင် အမြတ်ဆုံးဖြစ်ပါသည်။ ကထိန်းခင်းခြင်းအားဖြင့် ရဟန်းတော်များမှာ ကထိန်အာနိသင်(၅) မျိုးကို ရရှိနိုင်ပြီး ဒါယကာ ဒါယိကာမ တို့မှာလည်း ကထိန်သင်္ကန်းလှူဒါန်းရခြင်း အကျိုး(၅)ပါးကို ရရှိနိုင်သည့် မွန်မြတ်သော အမှုကိစ္စဖြစ်သည်ကို ဥပမာပြု၍ ဩဝါဒစရိယဆရာတော်ကြီးများ အမှူးထား၍ သံဃာတော်အရှင်သူမြတ်များနှင့် ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်လူကြီးများက ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင် အဖွဲ့လူကြီးများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများ၊ ရုံးဝန်ထမ်းများနှင့် သဒ္ဒါတရားထက်သန်ကြသော ဒါယကာ ဒါယိကာမ အပေါင်းတို့ စုပေါင်းညီညာစွာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတော်ကို ခမ်းနားစွာကျင်းပကြပါသည်။ ထို့အပြင် တန်ဆောင်မုန်းလပြည့်ညကို လူအများက ဆေးပေါင်းခသည့်ည ဟုသတ်မှတ်ထားကြပါသည်။ ထို့ကြောင့်ပင် သက်သတ်လွတ်မယ်ဇလီဖူးသုပ်များကို (၇) ရက်သားသမီးများ (၉၆)ပါး အနာရောဂါ ကင်းပျောက်စေရန် ရည်ရွယ်ပြီး စေတနာရှင်များနှင့် ဝေယျာဝစ္စလူငယ်တို့ စုပေါင်း၍ အများသူငှာအား ဝေငှခြင်း စသည့် ကုသိုလ်အမှုတို့ကိုလည်း ပြုလုပ်ကြပါသည်။